ပြည်တွင်းသတင်း — မန္တလေး၊ အောက်တိုဘာ ၂၆၊ ၂ဝ၁၂

ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ တစ်ခုဖြစ်သည့် ပုဂံဒေသအတွင်း အဆောက်အဦအသစ်များ ထပ်မံ တိုးချဲ့ ဆောက် လုပ်ခြင်းကို ကန့်ကွက်သည့်  ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၂၂ ရက်၊ နံနက် ၉ နာရီက အဆိုပါ ဒေသတွင်းရှိ ဒေသခံ အင်အားငါးဆယ်ခန့်ဖြင့် ပုဂံမြို့သစ်၊ ဝက်ကြီးအင်းကျေးရွာတွင် စုရပ် ပြုလုပ်၍ ကျင်းပ ပြုလုပ်ခဲ့ရာ ၁ နာရီခန့်အကြာတွင် အောင်မြင်စွာဖြင့် ပြီးဆုံးခဲ့သည်။

ဆန္ဒဖော်ထုတ် တောင်းဆိုကြသူများသည် တောင်းဆိုချက် ၁၄ ချက်ကို ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စီတန်းလှည့်လည်ရာ လမ်းတစ်လျှောက် ကြွေးကြော်သံများ ဟစ်ကြွေး အော်ဟစ်ခြင်း မရှိဘဲ စည်းကမ်းရှိစွာဖြင့် ချီတက်ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။ လမ်းဘေး ဝဲယာမှ ပြည်သူများကလည်း သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြသည်။

ှဆန္ဒဖော်ထုတ်နေသည့် မြင်ကွင်း

ှဆန္ဒဖော်ထုတ်နေသည့် မြင်ကွင်း

ဆန္ဒဖော်ထုတ်သူများထဲမှ ဦးဆောင်သူတစ်ဦးက ဆန္ဒဖော်ထုတ်ရသည့် အကြောင်းနှင့်ပတ်သက်၍ “ပုဂံမြို့က စေတီ ပုထိုး ကျောင်းကန်တွေထဲမှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ လူနေအိမ်တွေ နေရာယူထားခြင်း ကြောင့်သာ ကျွန်တော်တို့ အခုလို ဆန္ဒဖော်ထုတ် တောင်းဆိုကြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုင်ဆောင် ထားတဲ့ ဆိုင်းဘုတ်တွေ တင်မကဘဲ ကျန်တဲ့ ဆိုင်းဘုတ်တွေကိုလည်း ကန့်သတ် ထားပါတယ်” ဟုယင်းကပြောသည်။

ဆန္ဒဖော်ထုတ် တောင်းဆိုသူများ၏ တောင်းဆိုချက် ၁၄ ချက်တွင် အဓိကပါဝင်သည့် အကြောင်းအရာ များမှာ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ယခင်အစိုးရ အဆက်ဆက်မှ ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်ထားခဲ့သည့် အဆောက်အဦများ ကို ပြန်လည်ဖျက်သိမ်းပေးရန်၊ ဒေသခံ များထံမှ သိမ်းယူထားသော ပုဂံမြို့သစ်ပိုင်မြေများ ကို ဒေသခံများ ထံသို့ ပြန်လည်ပေးအပ်ရန်၊ နိုင်ငံခြားသား ဧည့်သည်များနှင့် ဒေသခံဈေးသည်များကို ဘုရားများ အပေါ် မတက်ရန် ပိတ်ပင်ထားခြင်းကို ပြန်လည် ဖွင့်ပေးရန်နှင့် ရှေးဟောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြဋ္ဌာန်း ထားသော ဥပဒေများအတိုင်း အဂတိ မလိုက်စားဘဲ မှန်ကန်တိကျစွာ ဆောင်ရွက်ပေးရန် အစရှိသဖြင့် တောင်းဆို ထားကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် အခြေ အနေရှုပ်ထွေးမှု တစ်စုံတစ်ရာမရှိခဲ့ သော်လည်း ဆိုင်းဘုတ်တွင် ရေးသား ဖော်ပြ သည့် ရှေးဟောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသော ဥပဒေများ အတိုင်းအဂတိ မလိုက်စားဘဲ မှန်ကန်တိကျ စွာ ဆောင်ရွက်ပေးရန် ဆိုသည့်အချက်နှင့် ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံရှေးဟောင်း သုတေသန ဌာနမှ ကျေနပ်မှု မရှိကြောင်း သိရသည်။

ဒေသခံများ၏ တောင်းဆိုချက် များနှင့်ပတ်သက်၍ ယဉ်ကျေးမှုဝန် ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ပုဂံရှေးဟောင်း အမွေအနှစ် ဒေသဌာနခွဲသို့ မြန်မာအင်ဒီပဲန်ဒင့်မှ သွားရောက် မေးမြန်းခဲ့ရာ အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ယခုလို ပြန်လည်ဖြေကြားပေးခဲ့သည်။

“ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်၊ ကြာသပတေးနေ့က ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ဒီကိုလာပြီး ဌာနနဲ့ သက်ဆိုင်တယ် လို့ ယူဆတဲ့ အချက်တွေကို ဌာနအနေနဲ့ ဘယ်လိုလုပ် ထားပါတယ်။ ဘာကြောင့်လုပ်ရတယ် ဆိုတဲ့ အကြောင်းတွေကို ရှင်းပြခဲ့ပြီးဖြစ်တဲ့အတွက် ကျွန်တော့် အနေနဲ့ကတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ တချို့ကိစ္စတွေက ဟိုဘက်ခေတ် မှာ လုပ်ခဲ့တဲ့ကိစ္စ တွေပါ။ အဲဒီတုန်းကလည်း ဘယ်လို စည်းမျဉ်း စည်းကမ်းတွေနဲ့ လုပ်ခဲ့တာပါလို့ ညွှန်ချုပ် က ရှင်းပြခဲ့ပါတယ်”ဟု အစချီ၍ ယင်းတို့ဌာန အနေဖြင့် အရင်အစိုးရ လက်ထက်က ဖြစ်ပေါ်ခဲ့သည့် ကိစ္စများအတွက် မည်သို့မျှ မတတ်နိုင်ကြောင်း၊ ယင်းတို့ တာဝန်ယူသည့် ကာလမှ စတင်ပြီး ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်နေ မည်သာ ဖြစ်ကြောင်း၊  ဆန္ဒဖော်ထုတ် တောင်းဆိုချက်များနှင့် ပတ်သက်၍ ပွင့်လင်းလာသည့် အခြေအနေ များကြောင့် ဆန္ဒဖော်ထုတ် တောင်းဆိုသည်ကိုလည်း မည်သို့မျှ ပြောဆိုရန် မရှိကြောင်း၊ သို့ရာတွင် တောင်းဆိုချက် တစ်ခုနှင့် ပတ်သက်၍မူ ယင်းတို့ ဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနအဆင့်ဆင့်သို့ တင်ပြကာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။

တောင်းဆိုချက် ၁၄ ချက် အနက် ရှေးဟောင်းယဉ်ကျေးမှုဝန် ကြီးဌာနမှ ပြဋ္ဌာန်းထားသောဥပဒေ များအတိုင်း အဂတိ မလိုက်စားဘဲ မှန်ကန်တိကျစွာ ဆောင်ရွက်စေရန် ဆန္ဒတောင်းခံပါသည် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ယခုလို ပြောသည်။

“အဂတိလိုက်စားတယ်၊ မလိုက်စားဘူး ဆိုတာကတော့ သေချာခိုင်လုံတဲ့ သက်သေရှိရင် ကျွန်တော်တို့ ဌာနကို လာတိုင်ပါ။ ရမ်းပြီးပြောနေမယ် ဆိုရင်တော့ ဒါဟာဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်တာပဲ။ နောက်ပြီးတော့ သူတို့ဆန္ဒဖော်ထုတ်ဖို့ အကြောင်းကြားတုန်းက တောင်းဆိုချက် ၁၄ ချက်ထဲမှာ အခုအချက်မပါဘူး။ စာအရေး အသား နည်းနည်း လွဲနေတယ်။ ဒါတွေကို ကျွန်တော့် အနေနဲ့ အထက်လူကြီးအဆင့်ဆင့် တင်ပြပြီး ဘယ်လို လုပ်သွားမယ်ဆိုတာ တိုင်ပင်ရလိမ့်မယ်”ဟု ယင်းက ပြောသည်။

ဗူးဘုရားမျက်နှာစာရှိ ဇာတ်ခုံနှင့် ညဈေးတန်များကို ဖယ်ရှားစေလိုသည့် အချက်နှင့်ပတ်သက်၍ ညွှန်ကြားရေး မှူး ဦးနိုင်ဝင်းက ပြောရာတွင် ယင်းအဆောက်အဦများသည် ယာယီသာဖြစ်ကြောင်းနှင့် ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနသို့ ပြန်လည်ဖျက်သိမ်းပေးရန် တင်ပြပြီး ဖြစ်ကြောင်း ပြောသည်။

၁၉၈၇-၈၈ ခုနှစ် မြန်မာဆို ရှယ်လစ်လမ်းစဉ်ပါတီနှင့် ပြည်သူ့ ကောင်စီလက်ထက်က ညောင်ဦးမြို့တွင် ဟိုတယ်ဇုန်များ သတ်မှတ်ခဲ့ သည်။ ထိုစဉ်က ဟိုတယ်ဇုန် ၁/၂/၃ ဟူ၍ ဟိုတယ်ဇုန် ၃ ခု သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ် နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီလက်ထက်တွင် ဟိုတယ် ဇုန် ၄ အဖြစ် ထပ်မံ သတ်မှတ်ပေးပြီး ဟိုတယ် အဆောက်အဦများ ဆောက်လုပ်ခွင့်များ ပေးထားခဲ့ကြောင်း သိရသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*