လာနေကျ ညိုညစ်ညစ် အညာသားလေးသည် လူနာထိုင်ခုံမှာ ထိုင်ရင်း လမ်းမဘက်ကို ငေးတွေတွေ ကြည့်နေလေသည်။ သူက ကိုယ့်ဆေးခန်းကို လာနေကျလည်း ဖြစ်သည်။ သူ့အပေါင်းအသင်း တစ်ရွာတည်း သား တွေကိုလည်း ဖျားတဲ့ နာတဲ့အခါ သူက ခေါ်ခေါ်လာတတ်သည်။ ဒီတစ်ခေါက်တော့ သူစကားနည်းပြီး နှုတ်ဆိတ်နေသည်။ ကိုယ်က အပြင် ထွက်လာတော့ သူသည် ထိုင်ရာမှ ထလာပြီး…

“ဆရာ တစ်ခါတည်း နှုတ်ဆက်လိုက်တာ၊ ကျွန်တော်တို့ ရွာပြန်တော့မယ်”ဟုဆိုသည်။ ကိုယ်က သူ့ကို အံ့သြသွားသည်။ သူရွှေလီက ပန်းပုထုတဲ့ ဆိုင်မှာ အလုပ်ဝင်နေတာ ၄ နှစ် လောက် ရှိနေပြီ။ တစ်လကို ယွမ် ၁၂ဝဝ (မြန်မာငွေ ၁ သိန်းခွဲခန့်) ရသည်။ ပိုင်ရှင်သူဌေးက ထမင်းကျွေး၊ နေဖို့နေရာပါ ပေးသည်။ သူက လူပျို ဖြစ်သော်လည်း အိမ်ထောင်သည်တွေ အတွက်လည်း သူဌေးက နေစရာ ပေးသည်။ ဘာပဲဆိုဆို သူတို့ အဆင်ပြေနေသည်ဟု ပြောလို့ရသည်။ တစ်လတစ်လ ရွာကို ငွေပြန်ပို့ ပေးနိုင်သည်။ အခုလို အဆင်ပြေနေတာ ဘာလို့ ရွာပြန်မလဲဟု ကိုယ်အံ့သြနေသည်။

“မင်း ဘာလို့ပြန်မှာလဲ ဒီမှာ အဆင်ပြေနေသားပဲ”ဟု မေးလိုက်တော့ “ဟုတ်တယ် ဆရာ အရင်ကတော့ ဟုတ်တယ်။ အခုတစ်လော အဆင်မပြေတော့ဘူး ဆရာ။ သူဌေးကလည်း အရင်လို မဟုတ်တော့ဘူး။ လခလည်း မပေးတာ ၃ လ ရှိနေပြီ။ တစ်လောက ကျွန်တော် ဒီမူဆယ်ကနေအပြန် ဂျယ်ဂေါင်မှာ ရဲဖမ်းတာခံ ရတယ်။ တရုတ်ရဲက ပတ်(စ်)ပို့အနီလေး ပါလားစစ်တယ်။ ကျွန်တော့်မှာ ဘယ်ရှိမလဲ။ ကျွန်တော်က ရွှေလီ ထဲကို ၆ ညအိပ် ၇ ရက် တစ်ခါဖြတ်၊ တစ်ခါသုံးကတ် အစိမ်းလေး လုပ်ထားတာ။ ဒီကတ်လေးက မြန်မာဘက် ကနေ လုပ်ပေးတယ်။ တစ်ခါဖြတ် ကတ်က ငွေတစ်ထောင် ကျပ် ပေးရတယ်။ တရုတ်ဘက် ကတော့ တစ်ပြားမှ မတောင်းပါဘူး။ ရယ်တော့ ရယ်ရတယ် ဆရာ။ ကျွန်တော်တို့    မြန်မာပြည်က ထွက်ပြီး တရုတ်ပြည် ထဲ ၆ ည သွားအိပ်တာ မြန်မာဘက်ကနေ တစ်ထောင်တောင်း တယ်လေ။    မြန်မာပြည်ကနေ ထွက်ခပေါ့။ ၆ ည အအိပ်ခံရတဲ့ တရုတ်က တစ်ပြားမှ မတောင်းဘူး။ စဉ်းစားလို့ မရဘူး ဆရာ။ ကိုယ့်တိုင်းပြည်ကနေ သူများ တိုင်းပြည်သွား ကျွန်ခံ အလုပ်လုပ်ကြရတဲ့ ကျွန်တော်တို့လို အလုပ်သမား တွေဆီကနေ    မြန်မာပြည်က ထွက်ခ ငွေတောင်းရတယ်လို့လေ။ ဒီလို တစ်ခါသုံးကတ် အစိမ်းက တစ်ပတ် တစ်ခါလုပ်ရင် တစ်လ လေးထောင်ကျပ် ကုန်နေပြီ။ ကျွန်တော်တို့က ထားပါတော့၊ အလုပ်ကြမ်းသမား တွေဆို မတတ်နိုင်ကြဘူးလေ။ ဒါကြောင့် ခြံစည်းရိုး ကျော်ပြီး ခိုးဝင် ခိုးထွက်ကြတယ်။ တရုတ်ရဲနဲ့ မိရင် အချုပ်ထဲ ရောက်တာပဲ။ ကောင်မလေးတွေ လည်း ပါတယ်။ တစ်လောက ဟိုး နမ့်ခမ်းနားက မန့်တပ်ဘက် ရွာကလာတဲ့ အသက် ၈ဝ ကျော် အဖိုးကြီးနဲ့ ၆ နှစ်အရွယ်    ကောင်မလေး မြေးအဖိုး နှစ်ယောက်က အဖိုးကြီးရဲ့သားရှိတဲ့ ရွှေလီက စက်ရုံကို သွားဖို့ ထွက်လာကြတာ။ မြန်မာ လဝကက သူတို့ကို ပတ်(စ်)ပို့ မလုပ်ပေးဘူးတဲ့။ ဒါစာအုပ်အနီကို ပြောတာ။ ဒီစာအုပ်အနီက တစ်နှစ်သက်တမ်းရှိတယ်။ တစ်နှစ်အတွင်း ရွှေလီထဲ ဝင်ထွက်လို့ရတယ်လေ။ ဒီအနီရောင် ပတ်(စ်)ပို့ကလည်း ဟိုးအရင် လွန်ခဲ့တဲ့ ၁ဝ နှစ် လောက်ကတော့ လူတိုင်း နယ်တိုင်းကို လုပ်ပေးတယ်လို့ ပြောတာပဲ။ အခုတော့ နမ့်ခမ်းကမို့ လုပ်မပေးဘူးတဲ့။ မူဆယ်ပုံစံ ၁ဝ ရှိမှ  လုပ်ပေးမှာတဲ့ လုပ်ရင်လည်း စာအုပ် ဖိုး ဓာတ်ပုံရိုက် သုံးလေးထောင် ကုန်တယ်။”

သူပြောတာကို ကိုယ်ကမရှင်းလို့ “နေပါဦး အနီရောင်ပတ်(စ်)ပို့ကို  မူဆယ်ပုံစံ ၁ဝ ရှိမှပဲ လုပ်ပေးတယ် ဆိုတော့ မြန်မာပြည် ဘယ်ကပဲလာလာ မှတ်ပုံတင်ရှိနေရင် မြန်မာနိုင်ငံသားပဲလေ။ ရန်ကုန်ကနေ တစ်ခြားနိုင်ငံတွေ ထွက်ဖို့ ပတ်(စ်)ပို့လုပ်ရင် မှတ်ပုံတင်နဲ့ လုပ်ကြတာပဲလေ။ တစ်နိုင်ငံလုံးက ဘယ်မြို့ကဖြစ်ဖြစ် လုပ်လို့ရတာပဲ။ ပတ်(စ်)ပို့ရရင် နိုင်ငံခြား ထွက်လို့ ရပြီလေ။ အခု မူဆယ်ပုံစံ ၁ဝ မရှိတာနဲ့ တခြားမြို့ကနေလာ တဲ့သူက ပတ်(စ်)ပို့အနီလုပ်မပေးဘူး ဆိုတာတော့ နည်းနည်းလွဲနေတယ် ထင်တာပဲ” ဟု ကိုယ်ပြောတော့…

သူက ““ဒါပေမယ့် ဆရာ မူဆယ်ပုံစံ ၁ဝ မရှိလည်း ပိုက်ဆံ မြန်မာငွေ ၁ သောင်း ၂ သောင်းပေး ရင်ရတယ် ဆရာ။ တရုတ်တွေဆို တရုတ်ငွေ ယွမ် ၁ဝဝ ပေးရင် ရတယ်။ တစ်ခါတလေ နည်းနည်း ပိုပေးရတယ်။ အခု ၁ ယွမ်ကို မြန်မာငွေ ၁၃၃ ကျပ် ပေါက်တယ်လေ။ ဒီလိုဆိုတော့ ဒါ ဟပေးထားတဲ့ သဘောပေါ့။ အနီရောင် ပတ်(စ်)ပို့ လုပ်ချင်ရင် ငွေ ၂ သောင်းလောက် ကုန်မယ်၊ ပေးရင် ရမယ်ဆိုတဲ့ သဘောပေါ့။ ဒါဘာလို့လဲလို့ ကျွန်တော် လဝကက လူတစ်ယောက်ကို    မေးကြည့်ဖူးတယ်။ အရာရှိဖြေတာက ဒီလို ဟထားပေးရတဲ့ အကြောင်းက လဝက ဝန်ထမ်းတွေ ဒီမူဆယ်ဘက် လာချင်အောင်လို့ ဆွယ်တာတဲ့လေ။ ဟုတ်မဟုတ် တော့ မသိပါဘူး ဆရာရယ်။” သူ သက်ပြင်းချပြီး လမ်းမဘက် ငေးနေပြန်သည်။

ဆက်ပါဦး…

“အခုနက အဖိုးကြီးမြေး နှစ်ယောက်က ပိုက်ဆံ မရှိဘူး၊ ကတ်စိမ်း တစ်ထောင် လုပ်ဖို့လည်း မရှိဘူး။ ဒါနဲ့ ခြံစည်းရိုးပေါက်   ကနေ ခိုးအဝင် တရုတ်ရဲနဲ့ တိုးတော့ အဖမ်းခံရတယ်။

“ဒီအဖိုးကြီးနဲ့ မြေးမလေးကို ရဲစခန်းမှာ ချူပ်ထားတယ်။ သူတို့လိုပဲ ပတ်(စ်)ပို့ မပြနိုင်လို့၊ ရဲကဖမ်းလို့ အချုပ်ခန်း ပို့လိုက်ရင် ၂ နာရီအတွင်း အမြန်လုပ်ရတယ်။ တရုတ်စကားပြန်နဲ့ ရဲစခန်းမှာ ယွမ် ၅ဝဝ ပေးပြီးရွေးရတယ် မရွေးနိုင်ရင် အခု ရထားလမ်း ဖောက်နေတဲ့ဆီကို အလုပ်ကြမ်းလုပ်ဖို့ ပို့တယ်။ ရွှေလီက ဆေးဖြတ်စခန်းကို ပို့တယ်။ ယောက်ျားလေးဆို ကိစ္စ မရှိပေမယ့် ဆိုးတာက မြန်မာမလေးတွေဆို တစ်ကိုယ်လုံးရှိသမျှ အဝတ် အစားတွေချွတ်ရတယ်။ ကောင်မလေးတွေက ရှက်တော့ ဆောင့်ကြောင့် ထိုင်ချတယ်။ တရုတ်ရဲက မရဘူး ပေါင်ဖြဲခိုင်းတယ်။ သူတို့ပြောတာက မူးယစ်ဆေးဝါးတွေ အင်္ဂါစပ်ထဲဝှက် ထားမလားလို့ရှာတာတဲ့ ဒါ လူ့အခွင့် အရေးချိုးဖောက်တာလို့ ပြောသံကြားဖူးတယ်။ တရုတ်ရဲတွေက မသင်္ကာလို့ စစ်ဆေးရင် တရားခံလို ဆောင့် ကြောင့် ထိုင်ခိုင်းတယ်။ လက်ကို ခေါင်းပေါ်တင်ခိုင်းထားတယ် ခြေနဲ့ ကန်၊ နံပါတ်တုတ်နဲ့ ရိုက်တယ်။ အဖမ်းခံရရင် ထမင်းမစားရတော့ဘူး။ လိုက်ကျွေးတဲ့သူ ရှိရင်တောင် ရဲစခန်းနား ကပ်လို့မရဘူး၊ တစ်လောက မူဆယ်ဘက်ကနေ နာရေးကူညီမူ အသင်းကရုဏာက လာပြီးကျွေးဖူးတယ်။ ကိုမြမောင်တို့ လာကျွေးဖူးတယ်။ အသိမရှိရင် တော့ငတ်တာပဲ။ အခုထောင်ထဲမှာ မြန်မာတွေ ၁ သောင်းလောက်အဖမ်းခံထားရ တယ်””တဲ့။

“ဆေးဖြတ်စခန်းမှာ ရက်ရက်စက်စက် စစ်ဆေးတယ် ပြီးရင် ဝက်ကျွေးတဲ့ဆန်နဲ့ ပြုတ်တဲ့ဆန်ပြုတ် တိုက်တယ်။ သူဌေးကလည်း လိုက်မရွေးဘူးလေ။ လခမပေးရသေးတဲ့ အလုပ်သမားဆို သူဌေးတွေက ရဲနဲ့ ပေါင်းပြီး ဖမ်းခိုင်းတာ၊ ပေါင်းစားတာလည်း လုပ်တယ်လေ။ ကျွန်တော် အဖမ်းခံရတော့ အသိမြန်မာက ယွမ် ၅ဝဝ နဲ့ လိုက်ရွေးပေးလို့ လွတ်လာတာ။ အခု တစ်ယွမ် ၁၃၃ ဆိုတော့ ၅ဝဝx၁၃၃=၆၆၅ဝဝကျပ်ပေါ့။ ဒါကြောင့် ကျွန်တော် ဒီမှာ မလုပ်ချင်တော့ဘူး။ လစာ ၃ လစာလည်း မရဘူး။ ရွာပြန်ပြီး လယ်ပဲ စိုက်စားတော့မယ်။”

သူ့အသံက တိုးတိမ်နေသည်။

သူက “ဒါနဲ့ဆရာ ဒါတွေကို ကျွန်တော်တို့ ဘယ်သူ့ဆီ သွားတိုင်လို့ ရမလဲဆရာ။ မြန်မာရဲလား၊ လဝကလား၊ မယကလား၊ မြို့နယ်ရုံးလား၊ စသုံးလုံးလား၊ အက်စ်ဘီလား၊ ကျားဖြူပါတီလား၊ ရှမ်းအမျိုသား ဒီမိုကရေစီ ပါတီလား၊ ကြံ့ခိုင်ရေး ပါတီလား၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုလား၊ လူ့အခွင့်အရေးရုံးလား၊ အိုင်အယ်လ်အို လား။ နိုင်ငံတော် သမ္မတကြီးဆီကိုလား။ တိုင်လို့ကော ရလား ဆရာ၊ တိုင်ချင်တယ်ဆရာ။ အခု ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီ နိုင်ငံဆို။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်ရင်ရလား၊ မင်းကိုနိုင်ကို တိုင်ရ မလား”။ ကိုယ်လည်း သူကို့ ဘာပြန်ဖြေရမှန်းမသိ။

“ဒါတရုတ်ရဲက သူ့နိုင်ငံ ဥပဒေအတိုင်း လုပ်နေတာပေါ့လေ။ ဒါပေမယ့် လူ့အခွင့်အရေး ဆိုတာတော့ ရှိတယ်။ လူ့ဂုဏ်သိက္ခာဆိုတာ ရှိတယ်။ ငါတို့တွေက အဖေမရှိတဲ့ သားသမီးတွေလို မိဘမဲ့တွေလို ဖြစ်နေတယ်။ ငါတို့နောက်ကနေ မားမားမတ်မတ် ရပ်ပေးမယ့်လူ မရှိဘူး ဖြစ်နေတယ်။ ဟုတ်တယ်ကွ ဘယ်သူ့သွား တိုင်ရမှန်း ငါလည်းမသိဘူး” ဟု ရှက်ရှက်ဖြင့် ဖြေလိုက်သံက အားမရှိတာ သေချာသည်။ သူက မျှော်လင့်ချက် မရှိမှန်း အဖြေကိုသိပြီးသော ကျောင်းသားလို  မျက်နှာပြင်က အပြောင်းအလဲ မရှိ။ ထုံတေတေဝေဝေ ရီရီ။ “ရွာပြန်တာပဲကောင်းပါတယ် ဆရာရယ်နော်”ဟု သူပြောရင်း ဆေးခန်းထဲမှ လေးပင်လေးကန် ထွက်သွားခဲ့ လေသည်။ ထိုစဉ် တရုတ်နံပါတ် တပ်ထားသော ပရာဒိုပုံ ကားတစ်စီး ဆေးခန်းရှေ့တွင် ထိုးရပ်လိုက်ပြီး ကားပေါ်မှ မောက်ကြွကြွ မာန်ထထ စိနငနဲတစ်ကောင် ဆေးခန်းထဲ ဝင်လာသည်။

ဆေးခန်းနံရံပေါ်က ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖ နှစ်ယောက်က စိုက် ကြည့်နေသည်။

ပြေ (ဆေး-၂)

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၃)

  1. good

  2. ဒီပို.စ်လေးကို အလွန်ကြိုက်ပါတယ်၊
    ဦးအောင်သိန်းလင်းကို တိုင်ပါလားဟင်
    သူကတရုပ်နဲ.ပိုအဆင်ပြေတယ်။

  3. f**k china…we hate china….

Leave a Reply to akollay Cancel reply

Your email address will not be published. Required fields are marked *

*