ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေး ခန်း MTC သည် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်နှင့် တွေ့ဆုံခဲ့ကြပြီးနောက် ယင်းတို့ဆေးခန်းကို မြန်မာပြည်တွင်းသို့ ပြန်လည် နေရာချရေး၊ မချရေး သတင်း အမျိုးမျိုး ထွက်ပေါ်လာသည့်အပေါ် ယမန်နေ့က ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

မယ်တော်ဆေးခန်းမှ ပြောခွင့်ရ ဆရာမ နော်အဲ့သဝါးက “ဒီကိစ္စ ကြေညာချက် မထုတ်တော့ သူတို့ (မြန်မာအစိုးရ) လာပြီးတဲ့နောက်မှာ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းနဲ့ ဝန်ထမ်းတွေကြားမှာ ဇဝေဇဝါဖြစ် တယ်လေ။ မြန်မာနိုင်ငံ ပြန်တော့ မလိုလို၊ ဒီမှာ နေမလိုလို ဖြစ်လို့ တိကျအောင် ရှင်းလင်းချက် ထုတ်လိုက် တာ”ဟု ကေအိုင်စီ သို့ ပြောသည်။

ဒေါက်တာ စင်သီယာမောင်နှင့် ဦးကျော်သူ

ဒေါက်တာ စင်သီယာမောင်နှင့် ဦးကျော်သူ

ပြီးခဲ့သည့် ဇွန်လနှင့် ဩဂုတ်လက မီးရထား(ယခုသမ္မတရုံး) ဝန်ကြီး ဦးအောင်မင်း ဦးစီးသည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်နှင့် အလွတ် သဘော နှစ်ကြိမ် တွေ့ဆုံခဲ့ရာတွင် မယ်တော်ဆေးခန်းကို မြန်မာနိုင်ငံသို့ ပြန်အခြေချရန် တိုက် တွန်းခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံမှုတွင် မြန်မာနိုင်ငံဘက်ခြမ်း မြဝတီဆေးရုံနှင့် ထိုင်းနိုင်ငံဘက်ရှိ မဲဆောက်ဆေးရုံ၊ မယ်တော် ဆေးခန်း တို့ လူနာလွှဲပြောင်းရေး ကိစ္စ၊ နယ်စပ်ရှိ ကလေး မွေးစာရင်းကိစ္စနှင့် ကျန်းမာရေး၊ ပညာရေး၊ လူမှု ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ကိုင်သူများကို အသိအမှတ်ပြုရန် လိုအပ်ရေးကိစ္စ တို့တွင် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း အစိုးရက ဆွေးနွေး ခဲ့သည်။

ဒေါက်တာ စင်သီယာမောင်က “မြန်မာအစိုးရရဲ့ ကျန်းမာရေးစနစ်ဟာ ပြည်သူအားလုံး အတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အစုံ မလုပ်ပေးနိုင်သမျှတော့ ကျွန်မတို့ ပြန်လို့မရသေးပါဘူး။ လက်ရှိ ကျွန်မတို့ ဝန်ထမ်းတွေဟာ နယ်စပ် တစ်လျှောက်မှာ ရှိတဲ့ ပြည်သူတွေကို အများကြီး ကူညီပေးဖို့ လိုပါသေး တယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာပါ” ဟု မယ်တော်ဆေးခန်း၏ ထုတ်ပြန်ချက်တွင် ပြောဆို ထားသည်။ ယင်းတို့နှင့် ထပ်မံတွေ့ ဆုံမှုများရှိပါက အလွတ်သဘောဖြင့် မဟုတ်ဘဲ တရားဝင် တွေ့ဆုံရေး အတွက် အစီအစဉ် စနစ်တကျ ရေးဆွဲကာ အပြန်အလှန် ဆက်သွယ်၍ ဆွေးနွေးမည့် ခေါင်းစဉ်၊ ပါဝင် ဆွေးနွေးမည့် ပုဂ္ဂိုလ် သတ်မှတ်ပြီး တွေ့ဆုံရမည့် အချိန်နေရာ သတ်မှတ်ခြင်း၊ သတင်း အချက်အလက် ဝေမျှ ခြင်း စသည်တို့ ဆောင်ရွက်ရန် လိုအပ်သည်ဟု မယ်တော်ဆေးခန်းက အစိုးရကို တိုက်တွန်းသည်။

ဆက်လက်၍ ဆရာမ အဲ့သဝါး က “အရင်တွေ့ထားတာ နောက်ဆက်တွဲ ဘာမှမရှိဘူး။ တွေ့ဆုံဖို့ဆိုရင် စနစ်တကျ ဖြစ်ဖို့ လိုတယ်လေ။ ဥပမာ- လာဆွေးနွေးတဲ့သူဟာ ဆိုင်ရာ ဆွေးနွေးမယ့် ပုဂ္ဂိုလ် ဖြစ်ဖို့လိုတယ်။ ကျန်းမာရေးဆိုရင် ကျန်းမာရေး၊ ဆရာဝန်ဆိုရင် ဆရာဝန်ပေါ့” ဟု ဖြည့်စွက် ပြောသည်။

မီးရထားဝန်ကြီး (ယခု သမ္မတ ရုံးဝန်ကြီး) ဦးအောင်မောင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့သည် မယ်တော်ဆေးခန်း ထူထောင်ခဲ့သူ ဒေါက်တာစင်သီယာမောင်နှင့် မဲဆောက်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့၌ တစ်ကြိမ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် ဦးအောင်မင်း၏ ဇနီး ဒေါက်တာ ဝေဝေသန့်နှင့် တစ်ကြိမ် တွေ့ဆုံခဲ့သည်။

စောခါးစူးညား(ကေအိုင်စီ)

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*