ပြည်တွင်းသတင်း — မန္တလေး၊ ဧပြီ ၃ဝ၊ ၂ဝ၁၂

မဟာအောင်မြေကျောက်မျက်ဈေး အဝင်တွင် ကြေငြာစာကပ်ထားသည်ကို တွေ့ရစဉ်

မဟာအောင်မြေ ကျောက်မျက်ရတနာဈေး၊ ဈေးသူဈေးသားများနှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံပွဲကို မန္တလေးမြို့၊ ၄၁ လမ်း၊ ၇၈ လမ်းနှင့် ၇၉လမ်း ကြားရှိ နိုင်ငံရေးအင်အားစု တစ်ခု၏ နေအိမ်တွင် ယနေ့ နံနက် ၁ဝ နာရီအချိန်က ပြုလုပ်ရာ ခြိမ်းခြောက်မှုနှင့်ပြစ် ဒဏ်များအား ကြိုးစားတွန်း လှန်ရန် လိုအပ်ကြောင်း၊ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦး ဖြစ်သူ မင်းကိုနိုင်ကပြော ကြားလိုက်သည်။

ယခုလပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ကျောက်မျက်ရတနာဈေးအတွင်းဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ဈေးအဖွဲ့ခေါင်းဆောင်များနှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွေ့ဆုံပွဲ တစ်ခုကို ယနေ့ ဧပြီ ၃ဝ ရက် နံနက် ၁ဝ နာရီ အချိန်ကပြုလုပ်ခဲ့ရာ အဆိုပါ တွေ့ဆုံပွဲတွင် ကိုမင်းကိုနိုင် က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က ပြောရာတွင် ယခုအခက် အခဲများအား ဖြေရှင်းရန်မှာ ဈေးသူဈေးသားများအနေဖြင့် အသင်းအဖွဲ့များဖွဲ့စည်းရန် လိုအပ်ပါကြောင်း၊ အသင်း အဖွဲ့သေးသေးလေးများမှ တစ်ဆင့်အသင်းအဖွဲကြီးများ ဖြစ်လာနိုင်ကြောင်း၊ အသင်းအဖွဲ့တွေအနေနှင့်လည်း သစ္စာ ရှိရှိလုပ်ကိုင်ရန်လိုကြောင်း၊ သို့မှသာ သြဇာကြီးမားသော အသင်းအဖွဲ့များဖြစ်လာနိုင်ကြောင်း၊ အဆိုပါ သြဇာသည် အာဏာကဲ့သို့ တန်းတူရှိမည်ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားသွားသည်။

မဟာအောင်မြေ ကျောက်မျက်ရတနာဈေးအတွင်း ရောင်းဝယ်လုပ်ကိုင်နေကြသော ဈေးသူဈေးသားများကို အတင်းအဓမ္မ ဝင်ခွင့်ကတ်ပြားပြုလုပ်ခိုင်းခြင်းနှင့် ပတ်သက်၍ အဆိုပါဈေးသူဈေးသားများက မကျေနပ်ကြကြောင်း၊ အားလုံးကဝိုင်းပြီး ကန့်ကွက်နေသည့်ကြားမှ ဆက်လက်လုပ်ဆောင်နေသည့် အတွက် နိုင်ငံတော်သမ္မတထံသို့ တင်ပြမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ၈၈ မျိုးဆက်မှ ခေါင်းဆောင်များ မန္တလေးသို့ ရောက်ရှိချိန်တွင် မည်သို့ ဆက်လက်လုပ်ဆောင်ရမည် ကို အကြံဥာဏ်တောင်းခံသည့်အနေဖြင့် တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် အဆိုပါအရေးဦးဆောင်သူ ဦးသန်းဌေးကပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ကျောက်မျက်ရတနာဈေးအတွင်း ဝင်ရောက်ရောင်းဝယ်ဖောက်ကား လိုသူများအနေဖြင့် ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ တစ်ဦးလျှင် ငွေကျပ်ငါးထောင်ကျပ်နှုန်းဖြင့် ဝင်ခွင့် ကတ်ပြားများပြုလုပ်ရမည် ဟု သက်ဆိုင်ရာ ဈေးအုပ်ချုပ်ရေးမှူးမှတစ်ဆင့် နှိုးဆော်ထားကြောင်း၊ အဆိုပါ ကိစ္စအား ဈေးသူဈေးသားများက ကျေနပ်မှုမရှိကြောင်းကိုလည်း ဈေးသူဈေးသားများအရေး ဦးဆောင်သူ ကိုသန်းဌေးက ဆက်လက်ပြောသည်။

MIJ 009

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.