ခေါင်းကြီးသတင်း — မတ် ၊ ၂ဝ၁၃

မိတ္ထီလာ အရေးမှာ အသိုင်းအဝိုင်း နှစ်ခုစလုံးက လူပုဂ္ဂိုလ် တစ်ဦးချင်းမှာ တစ်ဦးကိုတစ်ဦး ရဲဝံ့စွာ ကူညီခဲ့ကြ၊ မိမိအနေဖြင့် အားတက်ရကြောင်း ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဘီးယားက သုံးသပ်ပြောကြား၊ သွေးထိုး လှုံ့ဆော်မှုနှင့်ကောလာဟလ ပူးပေါင်းမိရာမှ နောက်ဆက်တွဲအခြေအနေများ ပိုမိုဆိုးရွား လာခဲ့ရ

ရန်ကုန်၊ မတ် ၂၆

လတ်တလောဖြစ်ပွားနေသော အကြမ်းဖက်လှုပ်ရှားမှုများကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံး ခဲ့ရသည့် လူ့အသိုင်းအဝိုင်းနှစ်ခုစလုံး တွင် အကြောက် တရားကို တွေ့ခဲ့ရ သော်လည်း အမုန်းတရားကိုမူ မတွေ့ ခဲ့ရကြောင်း၊ နောက်ကွယ်တွင် လှုံ့ ဆော်သူများ ရှိသည်ဟု ယူဆကြောင်း ဖြင့် မစ္စတာ နမ်ဘီးယားက ပြောခဲ့ရာ နောက်ဆက်တွဲဖြစ်ရပ်များအရမူ သွေးထိုး လှုံ့ဆော်မှုများနှင့် ကောလာဟလ တို့ ပူးပေါင်းမိရာမှ အခြေအနေများ ပိုမိုဆိုးရွား လာရသည် ဟု မြန်မာအင် ဒီပဲန်ဒင့်က တွေ့ရှိရပါသည်။

အဆိုပါဖြစ်ရပ် များနှင့် ပတ်သက် ၍ မြန်မာအင်ဒီပဲန်ဒင့်က လက်လှမ်း မီသမျှကို စုစည်းဖော်ပြပေးလိုက်ပါ သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အမြင်

မတ် ၂၄ ရက်နံနက်က မိတ္ထီလာမြို့သို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာဗီဂျေနမ်ဘီး ယားနှင့်အဖွဲ့က သွားရောက်ကြည့်ရှု လေ့လာရာတွင် “လူတွေကြားမှာ ကြောက်ရွံ့မှုနဲ့ စိုးရိမ်သောကတွေ အတိုင်းအတာတစ်ခုအထိ ရှိနေကြ ပေမယ့် အမုန်းတရားတော့ မရှိကြပါ ဘူး””ဟု မစ္စတာနမ်ဘီးယားက သူ ၏ အတွေ့အကြုံကို ပြောပြကြောင်း အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြ ထားသည်။ ““သူတို့မှာ အသိုင်းအဝိုင်း ဆိုတဲ့အသိတစ်ခု ရှိကြတယ်။ ဒါ အင်မတန်ကောင်းတဲ့ကိစ္စပဲ။ ဘာလို့လဲ ဆိုတော့ သူတို့တွေက အလုပ်အတူ တူလုပ်ခဲ့ကြပြီး အတူတူ နေခဲ့ကြ တာကိုး”ဟု သူက ဆက်လက်ပြော ကြားကြောင်းလည်း ဖော်ပြထားသည်။

ထိုသတင်း၌ပင် “သူသည်  မငြိမ် မသက်မှုအတွင်း အိုးအိမ်စွန့်ခွာထွက် ပြေးခဲ့ရသူ ၁ဝ,ဝဝဝ နီးပါးအနက် အချို့ထံသို့လည်း သွားရောက်ခဲ့သည်။ အများစုမှာ လူနည်းစု မူဆလင်များ ဖြစ်ကြသည်။ အသိုင်းအဝိုင်းနှစ်ခုစလုံး မှ လူပုဂ္ဂိုလ်တစ်ဦးချင်းမှာ တစ်ဦးကို တစ်ဦးရဲဝံ့စွာ ကူညီခဲ့ကြပြီး နှစ်ဖက် ဘာသာရေးခေါင်းဆောင်များကလည်း ငြိမ်းချမ်းရေး အတွက် ဆော်သြနေကြရာ သူ့အနေဖြင့် အားတက်ရကြောင်း၊ အကြမ်းဖက်မှုကို ပြင်ပလူများက ပြုလုပ် ခဲ့သည်ဟု သူ တွေ့ဆုံစကားပြောခဲ့သူ များက ယုံကြည်ကြောင်း နမ်ဘီးယား က ပြောကြားခဲ့သည်”ဟုလည်း ထပ်မံ ဖော်ပြထားသည်။

ထိုကဲ့သို့ အမုန်းတရား ရှိပုံမရဘဲ အကြောက်တရားရှိနေဟုဆိုသော မိတ္ထီလာ လူ့အဖွဲ့အစည်းတွင် လွန်ခဲ့သော အပတ်ဗုဒ္ဓဟူးနေ့ မတ် ၂ဝ က စတင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ၏ ပုံရိပ်များမှာမူ အကျည်းတန်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖြစ်စဉ်ကို ပြန်လည်ရှုကြည့်မည်ဆိုလျှင်  မိတ္ထီလာ ၏ အကြောက်တရားကို အကဲဖြတ် နိုင်ပေမည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ နမ်မီးဘီးယား

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ နမ်မီးဘီးယား

မတ် ၂ဝ ဖြစ်စဉ်

မိတ္ထီလာမြို့ ဈေးအရှေ့ဘက်တွင် မတ်လ ၂ဝ ရက် နံနက် ၉း၃ဝ အချိန် ခန့်က ဦးထွန်းထွန်းဦးနှင့် ဒေါ်မြင့်မြင့် အေးတို့ပိုင်ဆိုင်သော နယူးဝိန့်စိန်ရွှေ ဆိုင်သို့ ရှမ်းပြည်တောင်ပိုင်း နမ့်ဆန်၊ ထင်းရှူးမြိုင်ရွာနေ တောင်သူ ဦးခင် မောင်ဝမ်းနှင့် ဇနီး ဒေါ်အေးသန်းတို့ လင်မယားမှ အလှူလုပ်ရန်အတွက် တန်ကြေးငွေ ၁၄ဝ,ဝဝဝ ကျပ်တန် ရွှေဆံကုပ်အား သွားရောက်ရောင်းချ ရာတွင် ဈေးနှိမ်သဖြင့် စကားများကြ ရာ ရွှေဆိုင်မှ ကိုထွန်းထွန်းဦး၏ဇနီး မမြင့်မြင့်အေးနှင့် ညီညီတို့က ဦးခင် မောင်ဝင်းတို့ ဇနီးမောင်နှံအား ဝိုင်းရိုက် ကြသည်ဆို၏။ ထိုသို့ ဝိုင်းရိုက်ရာမှ ဦးခင်မောင်ဝင်းနှင့်ဇနီး ဒေါ်အေးသန်း တို့မှာ ဒဏ်ရာရရှိသွား၍ ဆေးရုံသို့ တင်ပို့လိုက်ရသည်။ ထိုသို့ ဆေးရုံသို့ တင်ပို့ထားစဉ် ဒေါ်အေးသန်း သေဆုံး သွားပြီဟု ကောလာဟလ သတင်း ထွက်ပေါ်လာရာမှ လူအများစုက မကျေမနပ်ဖြစ်ပြီး နယူးဝိန့်စိန်ရွှေဆိုင် အား ခဲများဖြင့် ဝိုင်းဝန်းပစ်ပေါက်ကြ သည်။ ရွှေဆိုင်မှ လူများမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြပြီး ဒေသခံတစ်ဦး ဖြစ်သူ ဒေါ်မြင့်မြင့်အေးက ယင်းကိစ္စ နှင့်ပတ်သက်၍ “လူတွေ အဲဒီလိုလုပ် လာကြတော့ ရဲက အဲဒီရွှေဆိုင်ပိုင်ရှင်ကို ဖွက်ထားရတယ်။ ရွာသားတွေက ထုတ်ပေးဖို့ တောင်းတယ်။ ရဲက မထုတ်ပေးဘူး။ တကယ် ပြစ်မှုကျူး လွန်တာက ကိုထွန်းထွန်းဦး၊ မမြင့်မြင့် အေးတို့က ကျူးလွန်တာ။ သူတို့က လည်း အငှား။ ပိုင်ရှင်မဟုတ်ဘူး။ အဲဒါကို ရွာသားတွေက ပိုင်ရှင်အိမ် က ပစ္စည်းတွေကို ပစ်ချတယ်။ ရိုက် ခွဲတယ်ပေါ့။ အဲဒါတွေက ညနေ ၅ နာရီထိဖြစ်နေတာကို ရဲစခန်းက မလာ ဘူး”ဟု သူ သိသမျှအား မြန်မာအင်ဒီ ပဲန်ဒင့်သို့ ပြောကြားသည်။

ထိုကဲ့သို့ လူအများစုက နယူး ဝိန့်စိန်ရွှေဆိုင်အား ဖျက်ဆီးရာ လူ ၃ဝဝ မှ ၅ဝဝ ခန့်အထိ များပြားလာပြီး သက် ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက ဝိုင်းဝန်း ထိန်းသိမ်းရာ ထိန်းသိမ်းမရ တော့ဘဲ လူစုလူဝေး ၇ဝဝ ခန့်က အခြား ဈေးတောင်ဘက်ရှိ အစ္စလာမ်ဘာသာဝင် များပိုင် ရွှေဆိုင်များအား ဆက်လက် ဖျက်ဆီးကြသည်။ လူစုလူဝေးသည် တဖြည်းဖြည်းများပြားလာပြီး လူအင် အား ၁ဝဝဝ ကျော်တို့သည် ရန်ကုန်-မန္တလေးကားလမ်း သီရိမင်္ဂလာရပ်ကွက် ရှိ သီရိမင်္ဂလာဗလီ၊ အောင်ဇေယျရပ် ကွက်ရှိ မြို့နီးဗလီနှင့် သီရိမင်္ဂလာ ရပ်ကွက်ရှိ အစ္စလာမ်ပိုင်ဆိုင်အချို့ကို မီးရှို့ဖျက်ဆီးကြသည်။ ထိုကဲ့သို့ဖြစ် ပွားနေစဉ် ဝမ်းတွင်းမြို့နယ်၊ ဒုံကုန်း ကျေးရွာမှ ဦးပဉ္ဇင်း ဦးသောဘိတ(၄၅ နှစ်)သည် ဈေးဝယ်ရန်လာစဉ် ကားဝင်း ထိပ်အရောက်တွင် အစ္စလာမ်ဘာသာဝင် များက ဆရာတော်အား ဓားဖြင့်ထိုးပြီး မီးရှို့သတ်လိုက်ကြသည် ဆိုသည့် သတင်းပေါ်ထွက်လာသည်။ ထိုကဲ့သို့ သံဃာတော်အား ဓားဖြင့်ထိုး၊ မီးရှို့ သတ်သည် ဟူသည့်ဖြစ်စဉ်ကို အချိန်ပိုင်း အတွင်း “ဝီရသူ”ဟု အမည်ပေးထား သော ဖေ့စ်ဘုခ်စာမျက်နှာတွင် ဓာတ်ပုံ တစ်ပုံနှင့်တကွ ဖော်ပြခဲ့ရာမှ နိုင်ငံအဝှန်း ရှိ ဗုဒ္ဓဘာသာဝင်များ ထိတ်လန့်တုန် လှုပ်ခဲ့ကြသည်။

ထို့နောက် အုံကြွမှုများ ထိန်းမ နိုင်၊ သိမ်းမရဖြစ်လာခဲ့သည်။ ထိုစဉ် သီရိမင်္ဂလာရပ်ကွက်နေ ယာဉ်မောင်း သန်းနိုင်မြင့်(၂ဝ နှစ်)သည် ၁ဝ ဘီး ကားမောင်းလာစဉ် လူစုလူဝေးက ကားပေါ်မှဆွဲချကာ ဝိုင်းဝန်းရိုက်သတ် လိုက်ကြသည်ဆို၏။ ထိုယာဉ်မောင်း မှာ အစ္စလာမ်ဘာသာဝင်ဟု ယူဆရ သည်။ ဤကဲ့သို့ လူစုလူဝေးများဖြင့် ထိန်းမနိုင်၊ သိမ်းမရဖြစ်ပွားနေသဖြင့် မန္တလေးတိုင်းရဲတပ်ဖွဲ့ဒုတိယရဲမှူးကြီး ထွန်းနိုင်နှင့် မိတ္ထီလာ၊ မလှိုင်၊ ဝမ်း တွင်း၊ သာစည်မှ ရဲတပ်ဖွဲ့ဝင်များ၊ ရမည်းသင်းမှ ရဲတပ်ဖွဲ့ဝင်အင်အားများ ပူးပေါင်းကာ လုံခြုံရေးအတွက် လိုက် လံဆောင်ရွက်ခဲ့ကြသည်။

မိတ္ထီလာမြို့ လုံခြုံရေးအတွက် ည ၈းဝဝ နာရီတွင် မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်၌ ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း လူစုလူဝေးဖြင့် သွားလာ ခြင်း မပြုရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ သည်။ ဤကဲ့သို့ လိုက်လံကြေညာစဉ် မြို့မ ၄ ရပ်ကွက်၊ ဘူတာလမ်းဆုံ အရောက်တွင် လူတစ်စုက လှည့်လည် ကြေညာသောမီးသတ်ကားနှင့် ခရိုင် အုပ်ချုပ်ရေးမှူး စီးလာသောကားများ အား တုတ်၊ ခဲများဖြင့် ပစ်ပေါက်သဖြင့် ကားမှာ မှန်များကွဲပြီး ပျက်စီးသွား ခဲ့သည်။ ထိုညတွင် လူတစ်စုက မြို့မ ရပ်ကွက်၊ မင်းရပ်ရှိ အီလက်ထရွန်း နစ်ပစ္စည်းအရောင်းဆိုင်များမှ ပစ္စည်း များအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

မိတ္ထီလာမြို့ လုံခြုံရေးအတွက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ သာသနာရေးပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်၊ မန္တလေးတိုင်းလုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီး အောင်ကျော်မိုး၊ မန္တလေး တိုင်းသာသနာရေးမှူး ဦးကျော်မင်း၊ ကျောက်ဆည်ခရိုင်နှင့်ရမည်းသင်းခရိုင် ရဲတပ်ဖွဲ့ဝင်များ အင်အားများ စုပေါင်း ၍ကင်းလှည့်ဆောင်ရွက်ခဲ့သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အထက်ပါဖြစ်စဉ်၏ အဖြစ်မှန်အား စုံစမ်းဖော်ထုတ်ရန် စုံစမ်း စစ်ဆေးရေးအဖွဲ့အား မန္တလေးတိုင်း တိုင်းဒေသကြီး အစိုးရ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး ဦးစီးကာ တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့မှူး၊ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အုပ်ချုပ်ရေးမှူးတို့ ပါဝင်ဖွဲ့စည်းပေးလိုက် သည်။

မီးရှို့ဖျက်ဆီးမှုများကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားခဲ့သည်

မီးရှို့ဖျက်ဆီးမှုများကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားခဲ့သည်

မီးရှို့ဖျက်ဆီးမှုများကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားခဲ့သည်

မီးရှို့ဖျက်ဆီးမှုများကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားခဲ့သည်

မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြရသည့် နေအိမ်များ

မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြရသည့် နေအိမ်များ

မတ် ၂၁ ဖြစ်စဉ်

သို့သော် မိတ္ထီလာမြို့၌ပင် မတ်လ ၂၁ ရက် နံနက်က ရန်မျိုးအောင်နယ် မြေ၊ မင်္ဂလာဇေယျုံနယ်မြေ၊ နေ့လယ် ၁၂ နာရီက အောင်ဆန်းနယ်မြေ၊ နေ့ လယ် ၂ နာရီခွဲအချိန်က နန်းတော်ကုန်း ရပ်ကွက်တို့တွင် အကြမ်းဖက်ဖျက်ဆီး  မှုများ ပေါ်ပေါက်ခဲ့သည်။

ညနေ ၃ နာရီတွင် ရန်မျိုးအောင် ရပ်ကွက်၊ အောင်ဇေယျာရပ်ကွက်၊ မန္တလေးလမ်းဘေးရှိ သီရိမင်္ဂလာရပ် ကွက်များတွင် နေအိမ်တိုက်တာများ မီးလောင်နေရာ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်၊ ပျော်ဘွယ်၊ စက်မှုဇုန်၊ တပ်မတော်မီးသတ်များမှ ဝိုင်းဝန်းငြိမ်း သတ်ခဲ့သည်။  မိတ္ထီလာဈေးကြီး ပိတ် ထားခဲ့ရသည်။  ဆိုင်များ ဖျက်ဆီးခံရ ခြင်းကြောင့် မသမာသူများက ဆိုင် တွင်းရှိပစ္စည်းများကို ဝင်ရောက်ယူငင် နေကြသည်ကို တွေ့ရသည်။

အခင်းဖြစ်ပွားစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏အားနည်းချက်များ ကြောင့် ဆူပူအကြမ်းဖက်လိုသူတို့ အတင့်ရဲလာကြရာမှ မမျှော်လင့်သော အခြေအနေဆိုးများ ဖြစ်ပေါ်လာခဲ့ရ သည်ဟုလည်း ဝေဖန်သုံးသပ်ကြသည်။ ဒေသခံတစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက “ကျွန်မတို့အစပိုင်းမှာ တွေးတာက ရာ အိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ ရှိနေ တာပဲ၊ ကြောင့်ကြရမယ့်အမှု မဟုတ် ဘူးပေါ့။  ဒါပေမယ့် သူတို့ကိုယ်တိုင် က တိတိကျကျ မနှိမ်နင်းတာ။ နောက် တစ်ခါ မြို့လယ်ခေါင်က လက်ဖက် ရည်ဆိုင်မျက်စောင်းထိုးမှာ မူဆလင် ဆိုင်ကိုဖျက်ကြပြီး ပစ္စည်းတွေသယ်ကြ တော့ သူတို့ကလက်ဖက်ရည်အသောက် မပျက်ဘူး။ အဲဒီကနေ ကျွန်မတို့ အိမ် ဘက်ကို အဲဒီလူအုပ်က ရောက်လာ တော့တာပေါ့။ အဲဒါနဲ့ ကျွန်မ ခရိုင်ကို ဖုန်းဆက်ပြီး အကြောင်းကြားတော့ ၁၅ မိနစ်လောက်နေတော့ ရဲကားတွေ ရောက်လာပြီး လူ ၅ဝ လောက်က ဖောက်နေတာကို ၁၃ ယောက်တော့ မိသွားတယ်။ ဆိုင်ကယ် ၁ဝ စီးမိ သွားတယ်။ အဲဒီနောက်ပိုင်းကျမှ ငြိမ် သွားတာ။ ဒီမှာပြဿနာတွေ ဖန်တီး နေကြတဲ့လူတွေက မြို့စွန်မြို့ဖျားက လူတွေများတယ်။ လူတွေ ဒီလိုကျူး လွန်ရအောင်လည်း ဒီအာဏာပိုင်က ခွင့်ပြုထားသလို ဖြစ်နေတယ်”ဟု သူ့ အမြင်ကို မြန်မာအင်ဒီပဲန်ဒင့်သို့ ပြော ကြားသည်။

အခြေအနေထိန်းသိမ်းရန်ဟုဆိုကာ  ဒေသန္တရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန် ကြေညာခဲ့ပါသော်လည်း အခြေအနေ တည်ငြိမ်သွားခြင်းမရှိပါဘဲ ဖြစ်စဉ် အစပိုင်းက ထက်ပိုမိုဆိုးရွားလာခဲ့ရာ ပြည်တွင်းစောင့်ကြည့်လေ့လာသူများ တအံ့တသြဖြစ်ကြရကြောင်းသိရသည်။

မတ် ၂၁ ရက်က မိတ္ထီလာမြို့ သို့ရောက်ရှိလာသော မင်းကိုနိုင်က ““သွေးထိုးလှုံ့ဆော်မှုတွေကို အခြေခံတဲ့ ရာဇဝတ်မှုတွေပါ။ ရာဇဝတ်မှုကို ရာဇဝတ်မှုအတိုင်းပဲ ရှုမြင်ပြီး တရား ဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းကူညီ ကြဖို့လိုပါတယ်။ တာဝန်ရှိသူတွေ  အနေနဲ့ ရှင်းရှင်းလင်းလင်း ရဲရဲတင်း တင်း ကိုင်တွယ်ဖို့လိုတယ်”” သက် ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ တိုက်တွန်းပြောကြားသွားသည်။

ထို့နေ့တွင်ပင် ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော် ထွန်းရောက်ရှိလာပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့်အစည်းအဝေး ကျင်းပပြုလုပ် သည်။

မတ် ၂၂ ဖြစ်စဉ်

မတ်လ ၂၂ ရက် နံနက်တွင် မိတ္ထီလာမြို့ ချမ်းအေးသာယာ ရပ်ကွက် တစ်ခုလုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်မီးရှို့မှုများ ကြောင့် မြို့တွင်းနေရာ တချို့မီးလောင် မှု ဖြစ်ပွားလျက်ရှိရာ မြို့တွင်းနေထိုင်သူ နှစ်ဖက် ဘာသာဝင်များအနေနှင့် မီး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ရကြောင်း သိရသည်။

အစ္စလာမ်ဘာသာဝင်များ၏ လုံခြုံ ရေးနှင့်ပတ်သက်၍လည်း အချို့သော ဗုဒ္ဓဘာသာဝင် အဖွဲ့အစည်း အချို့တို့က လုံခြုံရေးဝန်ထမ်းများ သံဃာတော်များ ခြံရံ၍ ဘေးလွတ်ရာသို့ လိုက်ပါပို့ ဆောင်ပေးလျက် ရှိသည်။

သတင်းယူရန် ရောက်ရှိလာသည့် သတင်းမီဒီယာသမားများ၏ လုံခြုံရေး နှင့်ပတ်သက်၍လည်း အထူးစိုးရိမ် ဖွယ်ရှိကြောင်းနှင့် ဒေသခံမဟုတ်နိုင်ဟု ယူဆရသည့် လုယက်တိုက်ခိုက်လိုသူ တစ်စုကလည်း သတင်းထောက်များ အား တားဆီးနှောင့်ယှက်မှုများပြုလုပ် လျက်ရှိရာ အချို့သောသတင်းထောက် များအနေနှင့် ပစ္စည်းလုယက်ခံရခြင်း သာမကဘဲ အသက်အန္တရာယ်ခြိမ်း ခြောက်ခံရသည်အထိ ရင်ဆိုင်ကြုံတွေ့ နေရကြရသည်။

လက်နက်ကိုင်ဆောင်ထားသူ  လူတစ်ဦးချင်းအလိုက်သော်လည်း ကောင်း၊ အဖွဲ့အလိုက်သော်လည်းကောင်း သွားလာလှုပ်ရှားနေကြသည်ကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့ လုံထိန်းတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။ ဘာသာရေးဦးဆောင်သံဃာ       တော်များနှင့်တကွ နိုင်ငံရေးဦးဆောင် သူများဘက်က ဝိုင်းဝန်းနားချဖြန်ဖြေ ပေးခဲ့ပါသော်လည်း အခြေအနေတည် ငြိမ်သွားခြင်းမရှိဘဲ ဆိုးရွားသည်ထက် ဆိုးရွာလာသဖြင့် မတ်လ ၂၂ ရက် တွင် နိုင်ငံသမ္မတ၏ ဥပဒေကဲ့သို့ အာ ဏာတည်သောအမိန့်အမှတ် ၁/၂ဝ၁၃ ဖြင့် ခရိုင်အတွင်းရှိ မိတ္ထိလာမြို့နယ် ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များအား အရေးပေါ် အခြေအနေ ကြေညာပြီး ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါ ပြဌာန်းချက်အရ တာဝန်ထမ်းဆောင် ရာတွင် ထိရောက်မှု ရှိစေရန် တပ်မ တော်၏ အကူအညီကို ရယူဆောင် ရွက်ရမည်ဟု ကျေညာခဲ့သည်။

ထို့နောက် အခြေအနေများ တည်ငြိမ်အေးချမ်း သွားသော်လည်း နောက်ဆက်တွဲဖြေရှင်းရမည့် ဒုက္ခသည်စခန်း များမှ ဒုက္ခသည်များအရေးအတွက် လည်း ပြည်သူ လူထုက စိုးရိမ်လျက် ရှိကြောင်းသိရသည်။ “ပထမနေ့ ကူညီရေးသွားတော့ လက်နက်ကိုင် ထားကြတဲ့သူတွေကို တွေ့ခဲ့ရတယ်။ စစ်တပ်ဝင်ပြီးတဲ့ အခါကျတော့ တည်ငြိမ် အေးချမ်းနေပါပြီ။ ဒါပေမယ့်လည်း စားရေးသောက်ရေးနဲ့ နေထိုင်မှု၊ သူတို့ ဘဝ ပြန်လည်ရပ်တည်နေထိုင်နိုင်ဖို့ ဘယ်လိုလုပ်ကြမှာလဲ။ ဘယ်လောက် လုပ်ပေးနိုင်ကြမှာလဲ”” ဟု ဆိုသည်။

မတ်လ ၂၂ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွင် မိတ္ထီလာအဓိကရုဏ်း နှင့် ပတ်သက်သည့် အသေအပျောက် စာရင်းများအရ စုစုပေါင်းသေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်း၊ ပဋိပက္ခကြောင့် ပျက်စီးမှုအနေဖြင့် နေ အိမ် ၁၅၂ လုံး၊ မော်တော်ယာဉ်နှစ်စီး၊ ပညာရေးမှူးရုံးအဆောက်အဦးတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီး၊ ဘာသာရေး အဆောက်အဦး ၁၃ လုံး ရှိကြောင်း သိရသည်။ သို့ရာတွင် မြန်မာအင်ဒီပဲန်ဒင့်၏ မျက်မြင်အခြေ အနေများနှင့် တကွ ပြည်တွင်းထုတ်ဂျာ နယ်များ၊ အွန်လိုင်းစာမျက်နှာပါ ရေး သားဖော်ပြချက်များအရ ပျက်စီးဆုံး ရှုံးမှုနှင့် လူအသေအပျောက်စာရင်းမှာ ထို့ထက်ပိုမိုများပြားမည်ဟု ခန့်မှန်း ရသည်။

မြန်မာ့တပ်မတော် ဝင်ရောက်ခဲ့ရသည်

မြန်မာ့တပ်မတော် ဝင်ရောက်ခဲ့ရသည်

ပဋိပက္ခကြောင့် ပြည်သူလူထုများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်

ပဋိပက္ခကြောင့် ပြည်သူလူထုများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်

မတ် ၂၄ ဖြစ်စဉ်

ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာဗီဂျေးနမ်ဘီး ယားသည် မတ် ၂၄ ရက်က မိတ္ထီလာ မြို့သို့ သွားရောက်၍ အဖြစ်အပျက် တွင် တာဝန်ရှိသူများ အပြစ်ပေးအရေး ယူရန် အစိုးရကို တောင်းဆိုခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်က ဆိုသည်။  ထို့ပြင် ကုသလမဂ္ဂအနေဖြင့် မိတ္ထီလာ မြို့ကို မိမိခြေထောက်ပေါ် ပြန်ရပ် နိုင်ရန် အစွမ်းရှိသမျှ ကူညီသွားမည် ဟုလည်း မစ္စတာနမ်ဘီးယားက ကတိ ပေးပြောကြားသည်။ ထို့ပြင် ““ကျူး လွန်သူတွေကို ဖမ်းမိဖို့ အရေးကြီး တယ်။ ဖမ်းပြီး အပြစ်ပေးဖို့လည်း အရေးကြီးပါတယ်””ဟု သူက ဆို သည်။ ယင်းခရီးစဉ်တွင် သမ္မတရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦး အောင်မင်း၊ ဆရာတော် ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒ၊ ရှင်ဝီရသူ၊ ရွှေည ဝါဆရာတော်တို့လိုက်ပါခဲ့ပြီး မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ကာကွယ် ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ဒုတိယဝန်ကြီးများက ကြိုဆို ကြသည်။

အကြမ်းဖက်မှုများကြောင့် နေ အိမ်ကို ဆုံးရှုံးစွန့်ခွာခဲ့ကြရသူများအား ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားမှု နှင့် ပတ်သက်၍ ““ဓမ္မာစရိယပထမ ကျော်စာသင်တိုက်နဲ့ ခရိုင်အားကစား ကွင်းနှစ်ခုမှာတင် ဒုက္ခသည်တစ်သောင်း ကျော် ရှိနေတယ်။ အဓိကကတော့ ရေနဲ့အစားအသောက် လိုအပ်နေတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုသလို ဘောလုံးကွင်းထဲက လူတွေအတွက် အမိုးအကာလိုနေတယ်””ဟု မန္တလေး မြို့မှ ကယ်ဆယ်ရေးလုပ်ငန်း သွား ရောက်ဆောင်ရွက်ခဲ့သူ ချမ်းမြသုခ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးလှအောင်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

မတ် ၂၄ ရက် မွန်းလွဲ ၄ နာရီ အချိန်တွင် မတ် ၂ဝ ရက်က စတင်ဖြစ် ပွားခဲ့သည့် မိတ္ထီလာမြို့ အဓိကရုဏ်း အား ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တစ် ရပ်သာဖြစ်ကြောင်းနှင့် အကြမ်းဖက်မှု ဖြစ်စဉ် အတွင်း ပါဝင် ပတ်သက်သူများ အား တည်ဆဲဥပဒေများအတိုင်း ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်/သံအစီ အစဉ်မှ တစ်ဆင့် သတင်းထုတ်ပြန်ကြေ ညာလိုက်သည်။

သတင်းထုတ်ပြန်ရာတွင် မိတ္ထီ လာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ် တွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး အပါအဝင် လယ်ဝေးမြို့၊ ရုံးပင်ကျေးရွာ ဆူပူအကြမ်းဖက် မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၅ ဦးနှင့် ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက် မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ယင်း တို့အား တရားဥပဒေအတိုင်း ပြင်းထန် စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် မြို့တွင်း တုတ်၊ ဓား လက် နက်ကိုင်ဆောင်သွားလာသူ ၅၂ ဦးတို့ ကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ယခုအခါ ခံဝန်ကတိဖြင့် ပြန်လွှတ်ပေး ခဲ့ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ သည်။ ထိုဖြစ်ရပ်မှာ လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ တာဝန်ယူဆောင်ရွက်မှုအား နည်းခြင်းများကြောင့် အခြေအနေပိုမို ဆိုးရွားလာသည့် ခရိုင်အတွင်းရှိ မြို့ နယ်အချို့တို့အား ပုဒ်မ ၁၄၄ အရ ထိန်းသိမ်းစောင့်ရှောက်ရန် သမ္မတ အမိန့်ဖြင့် တာဝန်ပေးအပ်ခဲ့ပြီးနောက် ပိုင်း ဆူပူအကြမ်းဖက် မီးရှို့မှုဖြစ်စဉ် တွင် ပါဝင်သူများဟု ယူဆရသူများ အား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်နိုင်ခြင်းဟု ဆိုနိုင် သည်။

မတ် ၂၄ ရက်အထိရရှိသော သတင်းများအရ အကြမ်းဖက်မှုဖြစ်စဉ် ကြောင့် လူ ၃၂ ဦးထက်မနည်း သေဆုံး မှုရှိခဲ့ကြောင်းနှင့် ဒုက္ခသည် ၂ သောင်း ခန့်ရှိကြောင်း၊ ယင်းတို့အား ဘာသာရေး အဖွဲ့အစည်းအသီးသီးနှင့် လူမှုရေးအဖွဲ့ အစည်းများက သွားရောက်ကူညီပေး လျက်ရှိကြောင်း၊ ပျက်စီးမှုအတိုင်း အတာများ စာရင်းပြုစုရေးနှင့်ဒုက္ခသည် များ ပြန်လည်နေရာချထားရေးကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက်ကိုလည်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ် (WFP) နှင့် Save th Children အဖွဲ့အစည်းတို့မှ တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တုံ့ပြန်မှုများ

အဆိုပါ မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ရွှေဝါရောင်သံဃာတော် များကွန်ရက်က မတ် ၂၁ ရက်တွင် အများပြည်သူသို့ သတိပေးကြေညာ ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထို ကြေညာချက်တွင် “ယခုအခါ ဘာသာ ရေး၊ လူမျိုးရေးကို ခုတုံးလုပ်ပြီး အသွင်သဏ္ဌန်အမျိုးမျိုးဖြင့် ပဋိပက္ခဖြစ် အောင် ဖန်တီး လှုံ့ဆော်မှုများကို နေရာ အနှံ့အပြား၌ ဥပဒေမဲ့ပြုမူဆောင်ရွက် လာသည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ကြားသိနေရပါသည်။ အဆို ပါကိစ္စရပ်များကို အကြောင်းပြုပြီး  အများပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ထိပါးလာနိုင်ပါသဖြင့် မည်သည့်အကြမ်းဖက်၊ အဖျက်လုပ် ငန်းမျိုးတွင်မဆို လုံးဝ မပါဝင်ကြရန် မေတ္တာရပ်ခံလိုပါသည်”ဟု ဖော်ပြ ထားသည်။

ထို့ပြင် ထိုနေ့တွင်ပင် မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး ကလည်း နိုင်ငံတော်သမ္မတ ထံ နိုင်ငံတွင်းရှိ အစ္စလာမ်ဘာသာဝင် များ၏ အသက်အိုးအိမ်လုံခြုံမှုနှင့် စိုးရိမ် သောကများ ကင်းဝေစေရန်အတွက် ဥပဒေ၏ အကာအကွယ် ပြည့်ဝစွာ ဖြည့် ဆည်းပေးရန် အရေးတကြီး လိုအပ်နေ ကြောင်း တင်ပြစာ တစ်စောင် ပေးပို့ခဲ့ရာ “ရခိုင်ပဋိပက္ခကိစ္စရပ်များ နောက်ပိုင်း တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ် လပ်စွာယုံကြည် ကိုးကွယ်ခွင့်ပြုထား သော အစ္စလာမ် ဘာသာနှင့် စပ်လျဉ်း၍ ဆန့်ကျင်စော်ကား ထိပါးသည့် ရေး သားဖြန့်ဝေမှု၊ ဟောပြောမှု၊ အသံသွင်း ခွေများ ဖြန့်ချိမှုတို့ကို  ပြောင်ပြောင် တင်းတင်း အတင့်ရဲစွာ ဆောင်ရွက်ခဲ့ ကြပါသည်” ဟု ထည့်သွင်းရေးသားခဲ့ သည်။

တဖန် ဘာသာပေါင်းစုံ ချစ် ကြည်ညီညွတ်ရေးအဖွဲ့ကလည်း ဘာသာပေါင်းစုံမှ သာသနာ့ခေါင်းဆောင်  များ၏ သဘောထားကြေညာချက်နှင့်  ဘာသာဝင်အသီးသီးမှ ဘာသာဝင်များ သို့ မေတ္တာ ရပ်ခံချက်ကို မတ် ၂၁ ရက်က နိုင်ငံတော်ပိုင် သတင်းစာ များတွင် ဖော်ပြခဲ့ရာ “ဘာသာကြီး ၄ပါးအပါအဝင် ဘာသာဝင်အသီးသီးမှ မိမိတို့ဘာသာဝင် အသီးသီးကို ဥပဒေ နှင့်အညီ နေထိုင်ကြဖို့ ဆုံးမစကား များကို ပြောကြားပေးပါရန်၊ မေတ္တာကို အခြေခံ၍ ငြိမ်းချမ်းစွာ နေထိုင်ကြပါ ရန်နှင့် မလိုလားအပ်သော ပဋိပက္ခ များတွင် ပါဝင်ပတ်သက်မှု မရှိရေး စောင့်ထိန်းပေးကြရန် မေတ္တာရပ်ခံ အပ်ပါသည်။ သတင်းမီဒီယာများ၊ စာနယ်ဇင်းများမှလည်း ပြည်သူတို့ သိသင့်သော မှန်ကန်သည့်သတင်းများ ကိုသာ ထုတ်ပြန်ပေးသကဲ့သို့ ပဋိပက္ခ ဖြစ်စေနိုင်သော ကောလာဟလသတင်း များကို တားဆီးပေးပါရန် မေတ္တာ ရပ်ခံပါသည်”ဟု  ပါရှိသည်။ အမေရိကန် သံရုံးကလည်း မတ် ၂၁ ရက်၌ မိတ္ထီလာတွင် ဖြစ်ပွား ခဲ့မှုများနှင့် ပတ်သက်၍ အသက်အိုး အိမ်စည်းစိမ် ဆုံးရှုံးသွားသူများ အတွက် များစွာစိုးရိမ်ပူပန်ကြောင်းနှင့်  ဖြစ်ရပ်များကို မျက်ခြည်မပြတ် စောင့် ကြည့်လျက်ရှိကြောင်း ထုတ်ပြန်လိုက် သည်။ ထို့ပြင် မတ် ၂၂ ရက်က အ မေရိကန်ပြည်ထောင်စုအစိုးရ၏ ပြော ရေးဆိုခွင့်ရှိသူ မစ္စတာဗစ်တိုးရီးယား နျူလန်သည် ယခုဖြစ်စဉ်အပေါ် မြန် မာအစိုးရ၏ ကိုင်တွယ်ဆောင်ရွက် ချက်မှာ မှန်ကန်ကြောင်း၊ လူမှုအသိုင်း အဝိုင်းခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များကလည်း အခြေအ နေ ပြန်လည်တည်ငြိမ်အောင် ကြိုးစား နေကြောင်းနှင့် ယခုကဲ့သို့ ဆက်လက် ဆောင်ရွက်သွားသည်ကို အမေရိကန် ပြည်ထောင်စုက မြင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပဋိပက္ခစတင်ဖြစ်ပွားချိန်မှ ဆိုး ရွားသည့် အခြေအနေသို့ရောက်ရှိလာ ချိန်အထိ အဓိကကျသည့် တရားခံ အား အမြန်ဆုံးဖော်ထုတ်နိုင်ရေးနှင့် မည်သို့ အရေးယူဆောင်ရွက်သွားမည် ကို ပြည်သူအများက စိတ်ဝင်စား လျက်ရှိကြသည်။  အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးပြီးမှ အကြမ်းဖက်သမားဟု ယူဆရသူ များ အား ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းနှင့် ပတ်သက်၍ ““အခုမှဖမ်းဆီးအရေး ယူဖို့ လုပ်နေတာ အင်မတန်ဆိုးပါ တယ်။ သူတို့ကို အပြစ်ပေးလိုက် တော့ရော ဆုံးရှုံး နစ်နာခဲ့တာတွေ ပြန်ရမှာမို့လို့လား။ အစကတည်းက တားဆီးထိန်းသိမ်းခဲ့မယ်ဆိုရင် ဒီလို အခြေအနေမျိုးအထိ ရောက်လာနိုင် စရာမရှိဘူး။ တကယ်တမ်းကျတော့ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ လူတိုင်း သိပါတယ်””ဟု ကူညီရေး လုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက  မတ် ၂၄ ရက်တွင် မြန်မာအင်ဒီပဲန် ဒင့်သို့ ပြောကြားသည်။

မတ် ၂၅ ရက်တွင် နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ချက် ၇/၂ဝ၁၃ ကို ထုတ် ပြန်ခဲ့ရာ “ပဋိပက္ခကြောင့် ခံစားထိ ခိုက်ခဲ့ရသည့် လူ့အဖွဲ့အစည်း များအ ကြား ယုံကြည်မှု ပြန်လည်တည် ဆောက်နိုင်မည့် ဆွေးနွေးမှုများနှင့် စိတ်ခံစားချက်များကို ကုစားနိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများကို အကောင် အထည်ဖော်ဆောင်ရွက်သွားမည်။ ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို အရှိန်အ ဟုန် မြှင့်၍ လုပ်ဆောင်နေသည်ဖြစ် ရာ ယင်းလုပ်ငန်းများကို ထိခိုက်မည့် အကြမ်းဖက်မှုများ၊ ဘာသာရေးအစွန်း ရောက်မှုများကို ရှောင်ရှားကြပါရန် ပြည်သူများကို တိုက်တွန်းအပ်သည်” စသည့် အချက်များအပါအဝင် အ ချက် ၆ ချက် ပါဝင်သည်။ ထိုအ ချက် ၆ ချက်မှာ လွတ်လပ်သော အာရှအသံ၏ သတင်းတွင် ပါရှိသော မတ် ၂၁ ရက်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင် ဆန်းစုကြည်တို့  တွေ့ဆုံစဉ်က ဆွေး နွေးခဲ့ကြသည်ဆိုသော အချက် ၆ ချက်နှင့် အလားတူဖြစ်ပါသည်။

ပြည်တွင်းပြည်ပသုံးသပ်ချက်များ

ယခုဖြစ်ပွားခဲ့သော ဆူပူအကြမ်း ဖက်မှုဖြစ်စဉ်အတွင်း ကောလာဟလ နှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် အခြေအနေ ပိုမိုဆိုးရွား ခဲ့ရကြောင်းကို လည်း ပြည်တွင်းပြည်ပ လူအများက သုံးသပ်ကြသည်။

အခင်းဖြစ်ပွားစဉ် နေ့ရက်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အားနည်း ချက်များကြောင့် ဆူပူအကြမ်းဖက်လို သူတို့ အတင့်ရဲလာကြရာမှ မမျှော်လင့် သော အခြေအနေဆိုးများဖြစ်ပေါ်လာ ခဲ့ရသည်ဟုလည်း နိုင်ငံရေးလေ့လာ သူများဘက်က ဝေဖန်သုံးသပ်သည်။

မင်းကိုနိုင်က  မတ် ၂ဝ ရက် ပဋိပက္ခ စတင်ဖြစ်ပွားသည့် ညပိုင်းက ပင် ရန်ကုန်မြို့၌ ပြုလုပ်သည့် အ  ရေးပေါ် သတင်းစာရှင်းလင်းပွဲတွင် လူမျိုးရေး ဘာသာရေး ခေါင်းစဉ် ပြောင်းတပ်ပြီး လူ့အဖွဲ့အစည်းနှစ်ခု အကြမ်းဖက်တိုက်ခိုက်နေမှုကို ဒေသ တွင်းရှိ အုပ်ချုပ်ရေးပိုင်းက တုံ့ပြန် ဖြေရှင်းဆောင်ရွက်နေမှုများသည် သံသယဖြစ်စရာရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့ပြင် အဓိကရုဏ်းဖြစ်ပွားရာ သို့ ရောက်ရှိခဲ့သော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၊ လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းထိန်ကလည်း တပ်မ ၉၉ အပါအဝင် တပ်များ ရှိနေလျက်နှင့် အခြေအနေကို အချိန်မီ ဝင်ရောက် ထိန်းသိမ်းခြင်း မရှိဟု ပြောကြားခဲ့ ပြန်သည်။

“လုံခြုံရေး တာဝန်ယူနေတဲ့ ရဲ ဝန်ထမ်းတွေရှေ့မှာကို တုတ်ဆွဲ၊ ဓား ဆွဲနဲ့ မီးရှို့ဖျက်ဆီးနေကြတာကို တွေ့ ခဲ့ရတယ်”” ဟု သီရိမင်္ဂလာ ရပ်ကွက် နေသူတစ်ဦးက မြန်မာအင်ဒီပဲန့်ဒင့်သို့ ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ဆက် လက်ပေါ်ပေါက်ခဲ့သည့် လုယက်ဖျက် ဆီးမီးရှို့မှုဖြစ်စဉ်များသည် သက်ဆိုင် ရာ ဘာသာဝင်အချင်းချင်း ပဋိပက္ခနှင့် ပတ်သက်မှု မရှိတော့ဘဲ ပြင်ပပယော ဂနှင့် ခိုးဆိုးလုယက်ကြသူများ၏ အစီအစဉ်တကျ စီမံဆောင်ရွက်မှုများ သာဖြစ်နိုင်ကြောင်းကိုလည်း ဒေသခံ များနှင့် လေ့လာစောင့်ကြည့် သူများ ဘက်က ဝေဖန်သုံးသပ်ပြန်သည်။

“နောက်ရက်တွေ ဆက်ဖြစ်ကြတာက ဘာသာရေးပြဿနာနဲ့ မဆိုင် တော့ဘူး။ ခိုးဆိုးလုယက်တွေပဲ။ နောက်ပြီး တော့ နောက်ထပ် အကြောင်း တစ်ခုခု ရှိရမယ်ဗျ။ အဲဒီလို ခိုးဆိုး လုယက်တွေက ဆက်ပြီးလုပ်နေကြ တာ။ ရပ်ကွက်တွေရွာတွေ ဆက်ပြီး မီးရှို့ဖျက်ဆီးသူတွေထဲမှာ ဘယ်ဘာ သာဝင် ဘယ်အုပ်စုမှ မပါတော့ဘူး။ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသလိုပါပဲ။ ဒါကို အစိုးရပိုင်းက ဘယ်လိုဖော်ထုတ်မလဲဆို တာ စောင့်ကြည့်ရမှာပဲ”ဟု နန်းတော် ကုန်းရပ်ကွက်နေသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“မီးရှို့တဲ့နေရာတွေမှာ လုံခြုံရေး တာဝန်ကျသူတွေရှိနေတယ်။တုတ်ဓား ကိုင်ထားသူတွေဆိုတာလည်း လုံခြုံ ရေးတွေနားမှာပဲ ဖြတ်သွားဖြတ်လာ လုပ်နေကြတာ။ အချိန်မီ မထိန်းသိမ်း ကြလို့မြို့ပျက်စီးရတာ။ သုံးရက် တည်း  နဲ့ မြို့က စိစိညက်ညက် ကြေခဲ့ရပြီ” ဟု နန်းတော်ကုန်းရပ်ကွက်နေသူက ဆက်လက် ပြောသည်။ ယခုကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်က ယင်း၏ ပဲခူးတိုင်းခရီး စဉ်အတွင်း အမေးအဖြေကဏ္ဍတွင် ဖြေကြားခဲ့ရာ “မိတ္ထီလာရဲ့ အခြေ အနေနဲ့ ပတ်သက်လို့ ကတော့  အမှိုက် ကစ ပြသာဒ်မီးလောင်ဆိုသလိုကိစ္စ အသေးလေးကနေပြီးတော့ ကြီးကြီး ကျယ်ကျယ်ကြီး ဖြစ်သွားပြီးတော့ အရေးပေါ်အခြေအနေကြေညာတဲ့ အခြေအနေဖြစ်သွားတာပါ။ နိုင်ငံ အတွက် မကောင်း ပါဘူး။ နိုင်ငံမှာ ဥပဒေစိုးမိုးရေး ဘယ်လောက် ချို့တဲ့ နေတယ်ဆိုတာ ပြတာပါ။ ဥပဒေ စိုးမိုးရေးဆိုတာဟာ ပြည်သူတွေနဲ့ လည်းဆိုင်တယ်လို့ ကျွန်မပြောပါရ စေ။ တချို့က ဥပဒေစိုးမိုးရေးဆိုတာ ရဲတွေနဲ့ပဲဆိုင်တယ်။ တရားရုံးတွေ နဲ့ပဲ ဆိုင်တယ်၊ အုပ်ချုပ်ရေးပိုင်းတွေ နဲ့ပဲ ဆိုင်တယ်လို့ ထင်ကြတယ်။ ဥပဒေစိုးမိုးရေးဆိုတာ ပြည်သူတွေနဲ့ လည်း ဆိုင်ပါတယ်။ ရဲတွေကို လုပ် နိုင်ကိုင်နိုင်အောင်လို့ လေ့ကျင့်ပေးရုံ တင်မကဘူး၊ လုပ်တတ်ကိုင်တတ် လုပ်နိုင်ကိုင်နိုင်အောင်လည်း အခြေ အနေတွေကို ဖန်တီးပေးရမယ်။ အား လုံးကနေပြီး ဥပဒေ ထိန်းသိမ်းရေး တရားဥပဒေစိုးမိုးရေးကို အားပေးရ မယ်။ အကြမ်းဖက်မှုက အကြမ်း ဖက်မှုပဲ။ ဘယ်လိုကြောင့် ပဲဖြစ်ဖြစ် အကြမ်းဖက်မှုပဲ။ တရားဥပဒေစိုး မိုးရေးအရဆိုရင် လူသတ်သမား တစ်ယောက် ကိုတောင် ဝိုင်းပြီးတော့ ရိုက်လို့မရဘူး။ လူသတ်သမား ဆိုလို့ရှိရင် ရဲလက်ထဲအပ်ရမယ်။ တရားရုံးမှာ စစ်ရမယ်။ နောက်ပြီး တော့ ဥပဒေအရ အရေးယူရမယ်။ ဒီလူကို သတ်နေတာ ဆိုလို့ရှိရင် သွားပြီးတော့ ဆွဲရမှာပေါ့။ လူကို သတ်နေတာကို ကြည့်နေရမယ်လို့ မဟုတ်ဘူး။ သွားဆွဲပြီးတော့ မဟုတ် ရင် ဆက်ပြီးတော့ မလုပ်အောင်လို့   ကိုယ်ကိုယ်တိုင်က တရားဥပဒေကို ထိန်းသိမ်းတဲ့ လူမဟုတ်လို့၊ ကိုယ် ကိုယ်တိုင်က ကိုယ်လုပ်ချင်သလို စီရင်ချက်မချရဘူး။ သူတို့က ဟိုလူ့ ကို ရိုက်လို့ ကျွန်တော်က ဒီလူ့ကို ရိုက်ပါတယ်လို့ အကြောင်းပြချက် တွေ မခိုင်လုံဘူး။ မိတ္ထီလာက အခြေ အနေကို နောက်နောင်မဖြစ်အောင်လို့ ခုနက ပြောထားတဲ့အတိုင်း  အရေး ပေါ် အခြေအနေမျိုးတွေကို မဖြစ် သင့်ဘူး။ ဖြစ်လာပြီဆိုလို့ရှိရင်လည်း  တတ်နိုင်သမျှ တိုတောင်းသော ကာ လနဲ့ ပြီးသွားအောင်လို့ ကျွန်မတို့ အား လုံးကြိုးစားရမှာဖြစ်တဲ့အတွက် ကျွန် မအနေနဲ့ တတ်နိုင်သမျှ ကြိုးစားပါ မယ်”ဟု ပြောခဲ့သည်။

မတ် ၂၁ ရက်ညနေက အီလဲ ဗင်းအပတ်စဉ်ဂျာနယ်တွင် ဖော်ပြပါ ရှိသော ဓာတ်ပုံတစ်ပုံနှင့် ပတ်သက် ၍လည်း ဧရာဝတီသတင်းဌာန၏ သ တင်းဆောင်းပါးတစ်ပုဒ်တွင် “မွတ်ဆ လင်များ တန်းစီကာ မြို့မှ ထွက်ခွာ သွားကြသည့်ဓာတ်ပုံတွင် အမျိုးသ မီးများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများကို လက်များအား ခေါင်း ပေါ်တွင် တင်မြှောက်ခိုင်းထားခံရ သည်ကို ထင်ရှားစွာ တွေ့ရသကဲ့သို့ ရဲများက လုံခြုံရေးအတွက် ဝိုင်းရံ ပေးထားသည်ကို တွေ့ရသည်။ ဘေးဝဲယာတွင် လက်နက်ကိုင်ဆောင် ထားသော ဗုဒ္ဓဘာသာဘုန်းကြီးများ ရပ်ကြည့်နေသည်ကိုလည်း တွေ့ရ သည်။ ထိုဓာတ်ပုံမှာ ဒုတိယကမ္ဘာ စစ်အတွင်းတွင် ဂျာမန်စစ်သားများ က ဂျူးများအား နာဇီစစ်စခန်းများ သို့ ပို့ဆောင်ခဲ့စဉ်က ဓာတ်ပုံများနှင့် ဆင်တူနေသည်”ဟု ရေးသားထောက် ပြထားသည်။

ထို့ပြင် မတ် ၂၆ ရက် Financial Times  သတင်းတစ်ပုဒ်တွင်လည်း လတ်တလောအခြေအနေနှင့် ပတ် သက်၍ “ဒီအကြမ်းဖက်မှုတွေ အ များစုကို စီစဉ်ပြီးလုပ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး”ဟု မိတ္ထီလာမြို့ သို့ မြန်မာအစိုးရဝန်ကြီးများနှင့် အတူ သွားရောက်ကာ ဗုဒ္ဓဘာသာနှင့် မူဆလင်ခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့ အပြီး မတ် ၂၅ရက်တွင် ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဘီးယားက ထိုသတင်းဌာန သို့ ပြောကြားခဲ့ကြောင်း ဖော်ပြထား သည်။ ထို့ပြင် “ဒီအကြမ်းဖက်မှုကို ကျူးလွန်သူတွေဟာ အမုန်းတရားနဲ့ တောက်လောင်နေပြီး နောက်ကွယ်မှာ စီစဉ်ထားတယ်ဆိုတာ ရှင်းပါတယ်။ စနစ်တကျပါ။ ပြီးတော့ အသက် အိုး အိမ်စည်းစိမ်ဥစ္စာ ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခ သည် အများအပြားမှာ ကလဲ့စားချေ  လိုစိတ် မရှိကြဘူးဆိုတာလည်း သိ သာပါတယ်။ ဒါက ဘာသာရေးအုပ် စုခေါင်းဆောင်တွေကြား အခု ကြိုး ပမ်း လုပ်ဆောင်နေတဲ့ ပြန်လည် ရင်ကြားစေ့ရေး အားထုတ်မှုတွေ အတွက် မျှော်လင့်စရာပါ”ဟု သူက ပြောကြောင်း လည်း ဖော်ပြထားသည်။

အဆိုပါသတင်းဆောင်းပါးတွင် “အချို့အကဲခတ်လေ့လာသူများက မူဆလင်ဆန့်ကျင်ရေး စာရွက်စာ တမ်းများ ဖြန့်ဝေခဲ့သော ဘာသာရေး အုပ်စုတချို့နှင့် အကြမ်းဖက်ရန် လှုံ့ ဆော်ခဲ့သော ဗုဒ္ဓဘာသာဘုန်းကြီး လှုပ်ရှားတက်ကြသူများကို အပြစ်ဖို့ ကြပြီး အချို့ကမူ တိုက်ခိုက်မှုများ ကို မီးလောင်ရာ လေပင့်လုပ်ခဲ့သော စစ်ဖက်အသိုင်းအဝိုင်းများကို စွပ်စွဲ ကြသည်”ဟုလည်း သုံးသပ်ဖော်ပြ ထားသည်။

ကောလာဟလနှင့် သွေးထိုးလှုံ့ဆော်မှု ပေါင်းမိ

ယခုအချိန်အထိ ဖြစ်ပျက်နေ သမျှတို့သည် သွေးထိုးလှုံ့ဆော်နေ သော အစုအဖွဲ့တစ်ခုကြောင့် ဖြစ် ကြောင်း သုံးသပ်မှုများ ရှိသကဲ့သို့  မည်သည့်နေရာတွင် မည်ကဲ့သို့ ဖြစ် နေပြီဖြစ်ကြောင်း၊ မည်သူတို့က ထို ဖြစ်ရပ်ကို ကျူးလွန်နေကြောင်း စသ ဖြင့် ကောလာဟလသတင်းများ ကြောင့်လည်း အခြေအနေ ပိုမိုဆိုးရွား ခဲ့သည်ဟု ဆိုရပေမည်။

သတင်းများကို သတင်းဦး၊ သ တင်းထူးအဖြစ် အချို့သော မီဒီယာ များက ဖေ့စ်ဘုခ်နှင့် အင်တာနက်စာ မျက်နှာများကတဆင့် ဖော်ပြခဲ့သကဲ့ သို့ ထိုသတင်းများကို ဖတ်ရှုမိသော သူများကလည်း ပြန်လည်ဆန်းစစ် ခြင်း အလျဉ်းမရှိဘဲ ထပ်ဆင့်ကူးယူ ဖော်ပြခြင်း၊ ဖုန်းများဖြင့် ဆွေမျိုးမိတ် သင်္ဂဟများသို့ တဆင့်ပြန်လည် ပြော ကြားဖြန့်ချိကြခြင်းတို့ကြောင့် အခြေ အမြစ် မခိုင်မာသော ကောလာဟလ များ ပြန့်ပွားကာ လူအများ၏ စိုးရိမ် သောကကို ကြီးထွားစေခြင်း၊ ထိုမှတ ဆင့် ဒေါသကို ဖြစ်စေခြင်းများ ပေါ် ပေါက်လာခဲ့သည်။

သွေးထိုးလှုံ့ဆော်မှု

ပြည်ပအခြေစိုက် မြန်မာ ဘလော့ဂ်စာမျက်နှာအချို့တွင်  မိတ္ထီလာအကြမ်းဖက်မှုများကို တောင်သာ တပ်မတော် ဟူသည့် စစ်တပ်အရာ ရှိဟောင်းလည်းဖြစ်ကာ လက်ရှိလွှတ် တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သူ ၏ ခါးပိုက်ဆောင်တပ်က ကျူးလွန် ကြောင်း ဖော်ပြခြင်းမျိုး၊ ယခုဖြစ်ရပ် များမဖြစ်မီ  ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ကတည်းက  မိတ္ထီလာမြို့၊ အရှေ့ပြင် ရပ်၊ မြို့မဗလီ  ပြုပြင်တည်ဆောက် ခြင်းနှင့် ပတ်သက်၍ အစ္စလာမ်ဘာ သာဝင်အချင်းချင်းက  တိုင်တန်းခဲ့ရာ တွင် အကြောင်းပြချက်မှာ ဗလီဂေါ ပကအဖွဲ့ဝင်အချို့မှာ တာလီဘန်အဖွဲ့ ဝင်များ ဖြစ်သည်ဟု စွပ်စွဲခြင်းမျိုး တို့ကဲ့သို့သော အခြေအမြစ် မရှိ၊ မခိုင် လုံသော အရေးအသားများ ပေါ်ထွက်ခဲ့သည်။ ထို့အတူ အခြားသောမြန်မာ ဘလောဂ်တစ်ခုတွင်လည်း ဗမာပြည်ကွန် မြူနစ်ပါတီက လှုပ်ရှားမှု အရှိန်မြှင့် တင် ဟူသော သတင်းဖြင့် ယခုဖြစ်ရပ်အား မြန်မာ့တပ်မတော်က သွေးထိုး လှုံ့ဆော်နေသယောင် စွပ်စွဲပြောဆိုနေ သောမင်းကိုနိုင်မှာ ဗမာပြည်ကွန်မြူနစ် ပါတီ၏ကိုယ်စား လှုပ်ရှားမှုကိုဆောင် ရွက်နေသည့်အလား ရေးထားပါသည်။

ထို့အတူ ပြည်ပသတင်းစာ မျက်နှာများတွင်လည်း ပြည်တွင်းရှိ အွန်လိုင်း လောကတွင် သွေးထိုးလှုံ့ဆော်သူများ ရှိသကဲ့သို့ ထိုအပြုအမူများကို ဆန့် ကျင်သူများ ရှိကြောင်း ရေးသားဖော် ပြမှုများလည်း ရှိလာပါသည်။

ပြည်ပ သတင်းစာမျက်နှာ အချို့တွင်  ပြည်တွင်းရှိ ၉၆၉ လှုပ်ရှားမှုနှင့် ထို လှုပ်ရှားမှုတွင် ပါဝင်ကာ ထင်ရှား သော ဘုန်းကြီးဖြစ်သူ ဦးဝီရသူ အား နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူ အဖြစ် ပုံဖော်ထားကြသည်။ အင်္ဂလန် အခြေစိုက် သတင်းစာမျက်နှာတစ်ခု ဖြစ်သော ibtimes.co.uk တွင် “မြန်မာ ဘင်လာဒင်”ဟု ဦးဝီရသူက သူ့ကိုယ်သူ ပုံဖော်သော အမည်အဖြစ် ဖော်ပြထားကာ ယခုဖြစ်ပွားနေသော အကြမ်းဖက်မှုများ၏ နောက်ကွယ် တွင်  ရှိနေသူ အဖြစ် ရေးသားဖော်ပြ ထားသည်။

ဧရာဝတီ သတင်းဌာန၏ သတင်းဆောင်းပါးတစ်ပုဒ်တွင် “မြန်မာ့ နာဇီဝါဒသစ်လှုပ်ရှားမှု”ဟု စွပ်စွဲထား ပြီး ၉၆၉ လှုပ်ရှားမှုအဖြစ် မွတ်ဆလင် ဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့် ဝေမှုနှင့် တရားခွေများ ဖြန့်ချိမှုများကို ထောက်ပြဝေဖန်ထားသည်။ ထို ဆောင်းပါးတွင် ဆရာတော်အရှင် ဥာဏိဿရ၏ အဖြေတစ်ခုတွင် မူဆ လင်များ အနေဖြင့် ဧည့်သည်ဖြစ်သဖြင့် အိမ်ရှင်ကို လေးစားရမည်ဟု ဖြေရာ ထိုအဖြေသည်ပင် မူဆလင်များအ နေဖြင့် မှားယွင်းနေကြောင်း ပြောဆိုရာ  ရောက်သည်ဟု ဆိုထားသည်။

ထိုဆောင်းပါး အဆုံးတွင် ၉၆၉ လှုပ်ရှားမှုအား ထောက်ခံသူမှာ အင် တာနက်ဖေ့စ်ဘုခ်သုံးစွဲသူ ရာဂဏန်း ထိ ရှိနေပြီး လူဦးရေ ၁၅၄၉၉ ဦးက နှစ်ခြိုက်သည်ဟု လိုက်ခ် လုပ်ထား သော မြန်မာအမျိုးသားလှုပ်ရှားမှုကော် မတီ၏ ဖေ့စ်ဘုခ်စာမျက်နှာတွင် မြန် မာဘာသာဖြင့် ရေးသားထားသော မှတ်ချက်(ကွန်မင့်)များမှာ မူဆလင် ဆန့်ကျင်ရေး အစွန်းရောက်မှတ်ချက် များဖြစ်သည်ဟု ထောက်ပြသည်။ န မူနာဖော်ပြထားသော မှတ်ချက် များကို “ပျော်တယ်၊ ဟေး ခွေးသားတွေ ခွေး ကောင်တွေ၊ -ာတွေကို မောင်းထုတ် ကြစို့” “သတင်းကောင်းပဲ။ မူဆလင် မှန်သမျှသေရမယ် ” “လူ ၂ဝ သေတာ နည်းလိုက်တာ။ သူတို့အားလုံး သေ ရမယ်။ မြန်မာပြည်မှာ ရှိသမျှ ဗလီတွေ ကိုဖျက်ဆီးရမယ်”ဟုဖတ်ရှုနိုင်သည်။

ပြည်ပသတင်းစာမျက်နှာတစ်ခု ဖြစ်သော globalvoicesonline.org တွင် မူသွေးထိုးလှုံ့ဆော်မှုများကို ဆန့်ကျင်ခြင်းများ အကြောင်း ရေးသား ဖော်ပြ ထားရာ အောက်ပါ အတိုင်း ဖတ်ရှုနိုင်သည်။

“အွန်လိုင်းလောကသား (Netizan) များကြားတွင် ဤအကြမ်းဖက်မှု ပြဿနာကို အားတက်သရော ဆွေး နွေးနေကြရာ အချို့က အမုန်းတရား ကို ဖေ့(စ)ဘုတ်ပေါ်မှ ဖြန့်ဖြူးကြပြီး အခြားသူများကလူ ဘာသာရေး ပဋိပက္ခများနှင့်ပတ်သက်၍ သူတို့၏ အားမလိုအားမရ စိတ်ပျက် လက်ပျက် ဖြစ်မှုများကို ဖော်ပြကြသည်။

ဗုဒ္ဓဘာသာ လူငယ်များအဖွဲ့ (Young Buddhist Association)က တင်ထားသော ပုံတစ်ပုံတွင် “သင့် ကြောင့် ဘာသာရေးစစ်ပွဲ မဖြစ်ပွားပါစေနှင့်” ဟု ခေါင်းစီး တပ်ကာ ရေးထားသည်။

“မြန်မာ့ဒီမိုကရေစီ လမ်းကြောင်း ကို နောက်ကြောင်းပြန်စေမည့် ဘာသာရေး၊ လူမျိုးရေးအမုန်းတရားများ၊ ပဋိပက္ခများနှင့် အဓိကရုဏ်းများဖြစ် ခွင့်မပြုပါနှင့်။ အားလုံးသော တရား မမျှတမှုများ ပဋိပက္ခများနှင့် အဓိက ရုဏ်းများကို ဥပဒေအရ ဖြေရှင်းခြင်း ကသာ ဆိုးကျိုးအနည်းဆုံးနည်းလမ်း ဖြစ်နိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည် သည်။” ဗုဒ္ဓဘာသာ လူငယ်များအဖွဲ့ (မြန်မာနိုင်ငံ)ဟူ၍ ဖော်ပြထားပါ သည်။ ထွန်းဇော်အညာမြေကလည်း “မိတ်ဆွေများ ခင်ဗျား။ ဒီအဖြစ်ကို ကြားရတာ ကျွန်တော်တို့ အင်မတန် ဝမ်းနည်းကြေကွဲရပါတယ်။ ဒီ ပဋိပက္ခ တွေကို နောက်မျိုးဆက်အထိ ကျွန်တော်တို့ သယ်ဆောင်သွားရင် ဘယ်တော့မှ မဆုံးနိုင်တဲ့ သွေးကြွေး သံသရာ တစ်ခု ဖြစ်ပါလိမ့်မယ်” ဟု ရေးသားထားသည်။

အခြားတစ်ဖက်တွင် အဓိကရုဏ်းကို တစ်ခုခုက လှုံ့ဆော်ဖန်တီး လေရော့သလားဟု အချို့သူများက မေးခွန်း ထုတ်နေကြသည်။ နိုင်ငံတွင်း အကြမ်းဖက်မှု မှာ ခေါင်းဆောင်များ နိုင်ငံခြား ခရီးသွားနေစဉ် အမြဲလိုဖြစ် နေကြောင်း သန္တာဝင်းက မှတ်ချက် ချပါသည်။

“(၁) အန်တီစု (ဒေါ်အောင်ဆန်း စုကြည်)ဒါမှမဟုတ် သမ္မတနိုင်ငံခြား ခရီးသွားတိုင်း မြန်မာနိုင်ငံမှာ အဓိက ရုဏ်းဖြစ်ပွားတယ်။

(၂) အရေးကြီးဧည့်သည် မြန်မာ နိုင်ငံကို လာလည်တိုင်း အဓိကရုဏ်း ဖြစ်ပွားတယ်။ ဂူးဂဲ(လ)အကြီးအကဲ က ဒီအပတ်အကုန်မှာ မြန်မာနိုင်ငံ ရောက်နေတယ်။”ဟု သူက ရေးထား သည်။

မိတ္ထီလာသား မောင်ဗျိုင်းအိုက လည်း အဓိကရုဏ်းနှင့်ပတ်သက် သော သူ့အတွေးအမြင်ကို မျှဝေထား ပါသည်။

“မီးက ကျွန်တော့်အိမ်ရောက် လာမလား။ သူငယ်ချင်းတွေ အိမ် ရောက်လာမလားလို့ ကျွန်တော် တစ် နေ့လုံးတအားကို ပူပင်သောကရောက် နေရတယ်။ မိတ္ထီလာသာ နှစ်ပတ် လောက် အလုပ်မလုပ်နိုင်ရင် မြို့ကို မှီနေရတဲ့ ဒီကျေးရွာတွေအကုန်လုံး ဒုက္ခရောက်မှာပဲ။ အခုကိုပဲ ကျွန်တော့် အဖွားက ကျွန်တော့်ကိုခေါ်ပြီး ပြော တယ် “နှုတ်ထားတဲ့ ကြက်သွန်တွေ အကုန်လုံး ငါဘယ်လိုလုပ်ရောင်းရမှာလဲ၊ ငါစိတ်ညစ်တယ်”တဲ့။ သိပ် စိတ်ပျက်စရာကောင်းပါတယ်။”

“မိတ္ထီလာမှာ ဘာသာာမျိုးစုံရှိ ကြတာပဲ။ ဟိန္ဒူ၊ အစ္စလာမ်၊ ခရစ်ယာန်နဲ့ ရိုးရာယုံကြည်မှုတွေ တောင်ရှိတယ်။ သူတို့အကုန်လုံး အလုပ်အတူလုပ်ကြတယ်။ ကျွန်တော် တို့မှာ ဒီလိုပြဿနာမျိုး မရှိခဲ့ဘူး။ ဘာသာမတူသူတွေနဲ့ ကျွန်တော်တို့ ငြင်းခုံကြ လုပ်ခဲ့ကြတာပဲ။ ဒီလိုမျိုး မဖြစ်ခဲ့ပါဘူး။ ဒီမှာရဲစခန်းတွေ အများ ကြီးရှိတယ်။ ခင်ဗျား မဟုတ်တာလုပ်ရင် ထောင်ကျမှာပဲ။ မိတ္ထီလာမှာနေ ကြတဲ့သူတွေတိုင်း ဒါကို သိကြတယ်။ အားလုံးငြိမ်းငြိမ်းချမ်းချမ်း ရောနှောနေကြတယ်။ အခုဟာက ဘာသာရေး ပဋိပက္ခမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က ပုံသွင်းနေကြ တယ်။ စစ်ဗိုလ်ချုပ်ကြီးရဲ့ ကြေညာ ချက်မှာ ““နိုင်ငံနှင့်အဝန်းအခြေအနေ များ ဆိုးရွားနေခြင်းကို အချိန်မီတား ဆီးရန် အလို့ငှာ တပ်မတော်က တိုင်း ပြည်ကို ထိန်းချုပ်လိုက်ပါသည်ဆိုတာ မျိုး ကျွန်တော်မကြားချင်ပါဘူး။”

ဤကဲ့သို့သောအတွေးကို ရဲမြတ် မင်းကလည်း တင်ပြထားပါသည်။

“အားလုံးသော ဤနိုင်ငံရေး မငြိမ်သက်မှုနောက်ကွယ်မှ ဆရာကြီး က အမြင်ကျဉ်းမြောင်းသူ များကို မြှောက်ပေးနေသည်။ သွေးနဲ့ဒေါသက သူတို့၏ ဝှက်ဖဲဖြစ်လာ သည်။”

ထို့ပြင် ဖေ့စ်ဘုခ် သုံးစွဲသူများအ ကြားတွင်လည်း ဖေ့စ်ဘုခ်စာမျက်နှာ ၂ဝ အား ဘာသာရေးလူမျိုးရေးပဋိပက္ခ များကို ဖန်တီးနေသော စာမျက်နှာများ အဖြစ်သတ်မှတ်ထားကြရာ လူမျိုးရေး အဖွဲ့အစည်းအချို့နှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းအချို့တို့၏ စာမျက်နှာများ အများစုပါဝင်သည်။

မတ် ၂၄ ရက်နောက်ပိုင်းတွင် ထိုကဲ့သို့ ကောလာဟလနှင့် သွေးထိုး လှုံ့ဆော်မှုတို့အကြား ခွဲခြားရခက်သည့် သတင်းအများအပြား ထွက်ပေါ်လာ ခဲ့ရာ အချို့ သတင်းများမှာ အချိန်ပိုင်း အတွင်း မဟုတ်မမှန်ကြောင်း ဖြေ ရှင်းရသည်ကို တွေ့ရှိရသည်။

တရားဝင်အသိပေးချက်များ

ထိုသို့ မိတ္ထီလာပဋိပက္ခ တည် ငြိမ်ပြီးချိန်တွင် ရမည်းသင်း၊ လယ် ဝေးနှင့် အခြားမြို့ရွာများတွင်လည်း အ လားတူ ဖြစ်ရပ်များ ပေါ်ပေါက်လျက် ရှိသည်ဟု သတင်းများ ထွက်ပေါ်လာ ခဲ့သည်။ တဖန် ရန်ကုန်မြို့တွင်လည်း မတ် ၂၄ ရက်မှ စတင်ကာ အကြမ်း ဖက်လှုပ်ရှားမှုများ စတင်တော့မည်ဟု ကောလာဟလများ ဆက်တိုက်ထွက် ပေါ်နေခဲ့ပါသည်။ ထိုသို့သော အခြေ အနေများကြောင့် ပြန်ကြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ ဦးရဲထွဋ်နှင့် ဦး ဇော်ဌေးတို့က ယင်းတို့၏ ကိုယ်ပိုင် ဖေ့စ်ဘုခ်စာမျက်နှာများတွင် “မသင်္ကာ ဖွယ်ရာများ တွေ့ရှိပါက ဟော့တ်လိုင်း ဖုန်းများသို့ သတင်းပေးကြပါရန်” ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဲစခန်းဖုန်းနံပါတ်များကို ဖော်ပြပေးလာကြသည်။ ထို့ပြင် “တည်ငြိမ်အေးချမ်းရေးအတွက် စည်း လုံးညီညွတ်စွာ စုပေါင်းဆောင်ရွက် ရေး” ဟူသော ခေါင်းစဉ်ဖြင့် ကောလာ ဟလများကို အလွယ်တကူ မယုံ ကြည်သင့်ဘဲ သက်ဆိုင်ရာတာဝန်ရှိ သူများထံ စုံစမ်းမေးမြန်းပြီးမှ သတင်း အမှန်များ အတည်ပြုရန် လိုအပ်မည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့တူ အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအလုပ် အမှုဆောင်အဖွဲ့ကလည်း ယင်း၏ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့အသီးသီးသို့ ညွှန် ကြားချက်ထုတ်ပြန်ရာတွင် “မိမိတို့မြို့   နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိပါးစေ သော လှုံ့ဆော်မှုနှင့် အကြမ်းဖက်မှု ဆိုင်ရာ မသင်္ကာဖွယ်သတင်းများ  ရ ရှိပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထက် အဖွဲ့အစည်း အသီးသီးသို့လည်း ကောင်း၊ အစိုးရအုပ်ချုပ်ရေး/လုံခြုံရေး အဖွဲ့အစည်းများထံသို့ လည်း ကောင်း အမြန်ဆုံးဆက်သွယ် သ တင်းပေးပို့ရန် ညွှန်ကြားပါသည် ”ဟု ဖော်ပြပါရှိသည်။

ကောလာဟလ

မည်သို့ပင်ဖြစ်စေ ကောလာဟ လများက ဆက်တိုက်ဖြစ်ပေါ်နေရာ အချို့သတင်းဌာနများပင် ကောလာ ဟလများကို သတင်းအဖြစ် တင်ပြ လာကြပေသည်။

မတ် ၂၄ ရက်ညပိုင်း ဒီဗီဘီသ တင်းတွင် “အကြမ်းဖက်လုပ်ရပ် လှုံ့ ဆော်မှုကြောင့် မင်္ဂလာတောင်ညွန့် ပြည်သူများ ထိတ်လန့်”ဟု ဖော်ပြခဲ့ ရာ အခြား အင်တာနက်စာမျက်နှာများ တွင် ထပ်မံဖော်ပြကြသည်။ ထို့နောက် မတ် ၂၅ ရက် ညနေ ၅ နာရီခွဲတွင် မြန်မာသံတော်ဆင့်သတင်းတစ်ပုဒ် တွင် ရန်ကုန်မြို့၌ ပုဒ်မ ၁၈၈ ထုတ် ပြန်ဟု ဖော်ပြခဲ့ပြီး မကြာမီအချိန်အ တွင်းတွင်ပင် ဧရာဝတီသတင်းဌာန က ပုဒ်မ ၁၈၈ ထုတ်ပြန်မှု သတင်း မမှန်ကန်ကြောင်းနှင့် ညနေ ၇ နာ ရီခွဲတွင် ထိုပုဒ်မ ၁၈၈ ကို မထုတ် ပြန်ခဲ့ကြောင်း သတင်းများ ဖော်ပြခဲ့ သည်။ မူလဖော်ပြခဲ့သော သတင်းဌာ နမှမူ ထိုသတင်းမှားယွင်းကြောင်း ထပ်မံဖော်ပြခြင်း မရှိခဲ့ပါ။

သို့သော် ယခု မတ် ၂၆ ရက် ညနေ ၇ နာရီအချိန်အထိ ရန်ကုန် တိုင်းဒေသကြီးနယ်နမိတ်အတွင်း နှင့် ပဲခူးတိုင်း အုတ်ဖိုတို့တွင် မည်သည့် တရားဝင်ညွှန်ကြားချက်ကိုမျှ မရရှိ ပါကြောင်း က မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြားသည်။

ထို့ပြင် မတ် ၂၅ ရက်တွင်ပင် 7 days, voice weekly တို့က မင်္ဂလာ တောင်ညွန့်တွင် ဖြစ်ပွားနေသော  အ ကြမ်းဖက် လှုပ်ရှားမှု သတင်းများမှာ မှန်ကန်မှု မရှိကြောင်း ဖော်ပြခဲ့ကြရသည်။ တဖန် အိုးသည်ကုန်းတွင် လူ ပေါင်း ၃ဝဝ ကျော်က ဗလီနှင့်အခြား မူဆလင်ပိုင်နေအိမ်များကို ဖျက်ဆီး ကြောင်း ဘီဘီစီသတင်းဌာနက မတ်   ၂၅ ညနေပိုင်းက တင်ခဲ့ရာ မန္တလေး  တိုင်း၊ အိုးသည်ကုန်းဟု ဖော်ပြခဲ့ပြီး မတ် ၂၆ နံနက်တွင်မူ ပဲခူးတိုင်း၊ အိုးသည်ကုန်းနှင့် နေပြည်တော်တပ် ကုန်းဟု ပြောင်း လဲဖော်ပြခဲ့ပြန်သည်။

နောက်ဆုံးအခြေအနေ

မတ် ၂၆ နံနက်တွင် ရန်ကုန်ရှိ ရွှေဝါရောင် သံဃာတော်များ ကွန်ရက် အဖွဲ့ဝင်ဖြစ်သော ရွှေဝါရောင်ပညာဒါ နကျောင်းမှ ဘဒန္တကပဏ္ဍဝံသ (ပြည်ကျော်)နှင့် အတူ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဦးထွန်းကြည်တို့အပါအဝင် စေတနာ ရှင်များက မိတ္ထီလာသို့ ရောက်ရှိကာ ဒုက္ခသည်များအား  အခြေခံ အစား အစာများ၊ လူသုံးကုန်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့ သွားရောက် လှူဒါန်းရာ တွင် အမှတ်(၅)အခြေခံပညာအထက် တန်းကျောင်း၊ ရှမ်းတဲရှိ ဒုက္ခသည် စခန်း၌ လူဦးရေ ၈၉၉ဦးရှိပြီး အမှတ် ၃ အခြေခံပညာ မူလတန်းကျောင်း တွင် ဒုက္ခသည် ၁၅၅၂ ဦး ရှိကြောင်း၊  သောက်သုံးရေ အခက်အခဲများ ရှိကာ အစားအသောက်မှာလည်း ထမင်းထုပ် များကို တစ်ရက်သာ ရခဲ့ပြီး နောက်ရက်တွင် ဆန်သာ ရသဖြင့် ထမင်း ချက်ရန် ရေ အခက်အခဲကြောင့် အ ဆင်မပြေကြကြောင်း၊ ဒုက္ခသည်အ များစုမှာ အစ္စလာမ်ဘာသာဝင်အမျိုး သမီးနှင့် ကလေးငယ်များဖြစ်ကာ နေအိမ်များသို့ ပြန်လိုနေသော်လည်း ပြန်ခွင့် မရကြသေးကြောင်း၊ အားလုံးလိုလိုမှာ စိတ်အားငယ်ကြောက်ရွံ့နေကြ သဖြင့် ချက်ပြုတ် စားသောက်လိုစိတ် လည်း မရှိကြကြောင်း၊ စခန်းတွင်း ကူညီရေးအဖွဲ့ကို ဒုက္ခသည်များဖြင့် ပင် ဖွဲ့စည်းထားကြောင်း သိရှိရသည်။ ထို့ပြင် ဒုက္ခသည် ၇၂၃ ဦးကို စခန်းရှိရာကျောင်း သို့ ခေါ်ဆောင်ပေး ခဲ့သော ဦးခင်မောင်လှက သွေးထိုးလှုံ့ဆော် အကြမ်းဖက်သူတွေ များကို ဒေသခံများက မမြင်ဖူးကြကြောင်း၊ နန်းတော်ကုန်း ကို ဖျက်ဆီးရန် ဆိုင်ကယ်များဖြင့် လာသူများမှာ သံဃာ အတုအယောင်များဖြစ်သည်ဟု ယူဆရ ကြောင်း၊ အားကစားခန်းမတွင် ရှိနေသော ဒုက္ခသည်များမှာ ခန်းမ ပြင်ပသို့ ထွက်ပြီးက ပြန်ဝင်ခွင့် မရှိသဖြင့် ပြင်ပတွင်လည်း လုံခြုံရေး အာမခံချက် မရှိဖြစ်နေရာ မည်သည့် နေရာသို့မျှ မသွားရဲဖြစ်နေကြောင်းတို့ ကိုမြန်မာအင်ဒီပဲန်ဒင့် သို့ပြောပြသည်။

တဖန် မိတ္ထီလာဒေသန္တရမှ တာ ဝန်ရှိသူတစ်ဥိးက ဒုက္ခသည် စခန်းအချို့ရှိ ကလေးများတွင် ဝမ်းပျက်ဝမ်း လျောမှုများ ရှိနေကြောင်း၊ သို့ရာတွင်  အိမ်သာ အခက်အခဲကို ဖြေရှင်းရန် အိမ်သာ အလုံး ၈ဝ ခန့် ဆောက်လုပ်ပေး နေကြောင်း၊ စိတ်ဓာတ်ကျနေသူများ ကို အဓိက စိတ်ခွန်အားရှိလာရန် အားပေးနေရကြောင်း၊ အချို့ အခက်အ ခဲများအတွက် တပ်မတော်ဆေးတပ် မှ တာဝန်ရှိသူများ၏ အကူအညီဖြင့် ဆောင်ရွက်နေကြောင်း မြန်မာအင်ဒီ ပဲန်ဒင့်သို့ ပြောကြားသည်။

မတ် ၂၆ ရက် အင်္ဂါနေ့ ည ၇ နာရီတွင် ရန်ကုန်ရှိ အမေရိကန်သံရုံး မှ ထုတ်ပြန်ကျေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ရာ “အမေရိကန်ပြည် ထောင်စုအနေဖြင့် မိတ္ထီလာ အရေး အတွက် အမေရိကန်ဒေါ်လာ တစ် သိန်းတိတိ ပံ့ပိုးလှူဒါန်း မည်ဖြစ် ကြောင်း၊ သံရုံးအနေဖြင့် အပြန်အလှန် လေးစားရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် သည်းခံတရား လက်ကိုင်ထားရေး တို့ အား ထောက်ခံအားပေးမှု ဆက် လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း”ဟု ဖော်ပြပါရှိသည်။

၂ဝ၁၃ ခုနှစ် မေလ ၂ဝ ရက်နေ့က မိတ္ထီလာမြို့တွင်ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ် တစ်ခုမှ ဆက်လက်ဖြစ်ပေါ် ခဲ့သော ဖြစ်စဉ်များကို မြန်မာအင်ဒီပဲန်ဒင့် သတင်း ဂျာနယ်မှ ဖောင်ပိတ်ချိန် အထိ လက်လှမ်းမီသ၍ စုစည်း တင်ပြခြင်း ဖြစ်ပါသည်။

ဓာတ်ပုံများကို ခင်မောင်ဝင်း(ရွှေအင်း သား)က ပံ့ပိုးပါသည်။

ဒုက္ခသည် များကို အားပေးခဲ့ကြသည်

ဒုက္ခသည် များကို အားပေးခဲ့ကြသည်

မြန်မာအင်ဒီပဲန်ဒင့်သတင်းအဖွဲ့

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*