မြန်မာနိုင်ငံ၏ ပတ္ထမြားမြေ အဖြစ် လူသိများသော မိုးကုတ်မြို့ကို နိုင်ငံခြားသား မသွားရ ကန့်သတ်နယ်မြေ အဖြစ် သတ်မှတ် လိုက်သောကြောင့် တွင်းစားကျောက်မျက် လုပ်ငန်းများ အရောင်းအဝယ် ရပ်ဆိုင်းလျက် ရှိကြောင်း မိုးကုတ်မြို့ ကျောက်ကုန်သည်များ ထံမှ သိရသည်။

“နိုင်ငံခြားသား မသွားရ ကန့်သတ်လိုက်တဲ့ အတွက် ဒီအပြင့်မြို့တွေထက် မိုးကုတ်မြို့က ပိုဆိုးသွားတယ်။ ကျွန်တော်တို့ ဆီမှာက တစ်ခြား လုပ်ငန်းမရှိဘူး။ ဒီ ကျောက်အရောင်း အဝယ် လုပ်ငန်း လုပ်ရတော့ အဝယ်မရှိတော့ ရှေ့လျောက် ပိုဆိုးသွားပြီ။ ထမင်းစားကျောက် ကျပ် (၅၀၀၀) တန်၊ (၁၀၀၀၀) ကျပ်တန် တွေတောင် မနဲလိုက်ထိုးပြီး အတင်း ရောင်းနေရတယ်။ အခုပဲပြောနေတာ ရှေ့လျောက် ဒါမှ အရောင်းအဝယ်မလုပ်ရရင် ငတ်ဖို့ပဲ ရှိတော့တယ်” ဟု မိုးကုတ်မြို့မှ ကျောက်မျက် အရောင်းအဝယ် ပြုလုပ်သော ဦးဝင်အောင်က ပြောသည်။

လက်ရှိအချိန်တွင် ပြည်ပ နိုင်ငံခြားသား အဝယ်မရှိသည့် အပြင် ပြည်တွင်းမှ ဝယ်လက်များမှလည်း လုပ်ငန်း လိုအပ်ချက် အရသာ ဝယ်ယူလျက် ရှိနေသောကြောင့် ကျောက်မျက် အရောင်းအဝယ် လုပ်ငန်းများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀ ရာခိုင်နူန်းအောက်သို့ လုပ်ကိုင်စားသောက်ရန် လုပ်ငန်း ကျဆင်းသွားကြောင်း ၎င်းက ပြောသည်။

“မနှစ်က ဒီအချိန်မှာ ကျောက်မျက် လုပ်ငန်း အရောင်းအဝယ်က ၄၀ ရာခိုင်နူန်းနဲ့ ၅၀ ရာခိုင်နူန်းလောက် ဖြစ်သေးတယ်။ အခုကတော့ တော်တော်လေး ကျသွားပြီ။ လုံးဝ မရှိတော့ဘူး။ ဒီမြို့မှာရှိတဲ့ လူတွေက ကျောက်မျက် လုပ်ငန်းနဲ့ပဲ အသက်မွေး ဝမ်းကျောင်း ပြုကြရတာ။ အခုက လူငယ် အသက် ၂၀ နဲ့ ၂၀ ကျော် ဝန်းကျင်လောက်က တက်စီပြေးစွဲ တာတို့ အခြားဈေးရောင်းတာတို့ လုပ်လို့ရပေမယ့် အသက်အလတ်ပိုင်း (၃၀) ဝန်းကျင်နဲ့ အသက် (၅၀) လောက်ရှိတဲ့ သူတွေက အကုန်ထိုင်နေရတယ်။ ဒီအသက်အရွယ် ရောက်မှ အခြား အသက်မွေးဝမ်းကျောင်း မသင်ချင်တော့ဘူးပေါ့။ ဒါကြောင့် အစိုးရအနေနဲ့ အခြား အလုပ်အကိုင်ရှိတဲ့ လုပ်ငန်းတွေ ဖန်တီးပေးစေချင်တယ်” ဟု မိုးကုတ် ကျောက်ကုန်သည် ဦးမိုးမြင့်က ပြောသည်။

အဆိုပါ မိုးကုတ်မြို့ရှိ ကျောက်မျက် ရတနာများကို ပြည်ပခရီးသွား နိုင်ငံခြားသားများမှ အဖိုးတန် ကျောက်မျက် ရတနာ အကြီးများကို ဝယ်ယူခြင်း မဟုတ်သော်လည်း ဒေသခံများ အများဆုံး လုပ်ကိုင် ရောင်းချသည့် တွင်းထွက် အလှဆင် ကျောက်များ၊ အဆောင် ကျောက်များနှင့် အောက်ကျောက်များကို ဝယ်ယူကြသဖြင့် ယင်းလုပ်ငန်းများ လုပ်ကိုင်သော အခြေခံ လက်လုပ်လက်စားများ အလုပ်အကိုင် အခွင့်အလမ်း ပျောက်ဆုံးလာခြင်း ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

အစိုးရမှ ယင်းကဲ့သို့ နိုင်ငံခြားသားများကို လုံခြုံရေးအရ မိုးကုတ်နယ်မြေသို့ မသွားရ ပိတ်လိုက်သည့် အပြင် ဒုတိယတစ်ချက်မှာ ကျောက်မျက် သတ္တု ဥပဒေ ရေးဆွဲနေသောကြောင့် ကျောက်တွင်း အသစ်များ လုပ်ကိုင်မှု ရပ်ဆိုင်းခြင်း ပိတ်လိုက်ခြင်း များကြောင့်လည်း ဈေးကွက်သို့ ကျောက်မျက်များ မရှိသဖြင့်လည်း ဈေးကွက်ပို၍ ဆိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအချိန် မိုးကုတ်မြို့သို့ ကျောက်မျက် လုပ်ငန်းများသို့ အထက်မြန်မာပြည်မှ လာရောက် လုပ်ကိုင်သည့် သူများမှာ အလုပ်နေရာ ပြောင်းရွှေ့ခြင်း၊ နယ်ပြောင်း လုပ်ခြင်းများ ရှိနေပြီး မိုးကုတ်မြို့တွင် တစ်နှစ်လျှင် ကျောက်မျက် ရတနာ တွင်းပေါင်း (၁၈၀၀) တွင်းမှ ကျောက်တွင်းပေါင်း (၂၀၀၀) အထိ လုပ်ကိုင်နိုင်ကာ အလုပ်အကိုင်များ ပေးနိုင်သော်လည်း လက်ရှိတွင် ပိတ်ထားရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*