ပြည်တွင်းသတင်း — ရန်ကုန်၊ စက်တင်ဘာ ၂ဝ၊ ၂ဝ၁၂

သတ္တုတွင်း ဝန်ကြီးဌာန အမှတ်  ၁ သတ္တုတွင်းလုပ်ငန်းမှ The Voice ဂျာနယ်သို့ တရားစွဲဆိုထားမှုတွင် ဒဂုံမြို့နယ် တရားရုံးမှ စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက စက်တင်ဘာ ၂ဝ ရက်တွင် မီဒီယာများကို အသိပေး ပြောကြားခဲ့သည်။

The Voice ဂျာနယ် အယ်ဒီတာချုပ် ကျော်မင်းဆွေ

The Voice ဂျာနယ် အယ်ဒီတာချုပ် ကျော်မင်းဆွေ

ယခုလို စွဲချက်တင်လိုက်ခြင်း နှင့်ပတ်သက်၍ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် တိုက်ပွဲအသွင်ဆောင် သွားနိုင်ကြောင်း၊ မိမိအယူအဆအရ စနစ်ပြောင်းသည့် ကာလတစ်ခုတွင် မပြောင်းလဲသေးသူများ၏ အခုအခံများ ဖြစ်ကြောင်း၊ ရှေ့ဆက်၍ စာပေစိစစ်ရေး စနစ် ပပျောက်သွားသော်လည်း မီဒီယာများအနေဖြင့် ယခုကဲ့သို့ တရားစွဲဆိုမှုများ အနာဂတ်၌ ရင်ဆိုင်ရနိုင်ကြောင်း၊ သို့ရာတွင် မီဒီယာများဘက်မှ မှန်ကန်သည့် မီဒီယာ လွတ်လပ်ခွင့် ဥပဒေများ ရှိသည့်အတွက် စိုးရိမ်စရာ မလိုကြောင်း၊ မီဒီယာများ၏ ရိုက်ကူး တင်ဆက် ရေးသား ဖော်ပြမှုများသည် ပြည်သူ့အကျိုးအတွက်သာ ဖြစ်သောကြောင့် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင် ယခုကဲ့သို့ တရားစွဲဆိုမှုများ မရှိသင့်ကြောင်း၊ ထို့ကြောင့် စာနယ်ဇင်း ဥပဒေမူကြမ်း ရေးဆွဲရာတွင် မီဒီယာများ ကို တရားစွဲဆိုမှု ပပျောက်စေရေး အတွက်ကိုလည်း ထည့်သွင်း ရေးဆွဲသင့်ကြောင်း၊ သို့ရာတွင် နိုင်ငံသား တစ်ဦး အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်လာမည် ဆိုပါက တရားမကြောင်း အရတော့ တရားစွဲဆိုမှုများ ရှိသင့်ကြောင်း ဦးကျော်မင်းဆွေက ပြောကြားခဲ့သည်။

ဆက်လက်၍ ဦးကျော်မင်းဆွေက “ဒီကိစ္စကတော့ တရားစီရင်ရေး မဏ္ဍိုင်ဟာ ဘယ်လောက်ထိ ကြံ့ခိုင်သလဲ ဆိုတဲ့အပေါ်မှာ ဥပဒေ သုံးရပ်စလုံးကို ပြည်သူက နားလည်နေပြီ ဖြစ်တဲ့အတွက် အချိန်အတိုင်းအတာ တစ်ခုတော့ ဒီကြားထဲမှာ စောင့်ရလိမ့်မယ်”ဟု သုံးသပ်ခဲ့သည်။

ယခုကဲ့သို့ တရားခွင်၌ ရုံးချိန်း ၁၄ ကြိမ်အဖြစ် ရင်ဆိုင်ဖြေရှင်း ခဲ့ရသည့်အပေါ်တွင်လည်း မိမိတို့ အနေဖြင့် အပြစ်ရှိ၍ လာရောက်ဖြေရှင်းခြင်း မဟုတ်သည့်အတွက် အချိန်၊ လုပ်အား၊ ငွေအားများ ဆုံးရှုံးခဲ့ရကြောင်း၊ စာနယ်ဇင်း သမားများ ဘက်မှ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်နေခြင်းကိုလည်း စာနယ်ဇင်း ကောင်စီမှ အပြည့်အဝ အကာအကွယ် ပေး သင့်ကြောင်း ယင်းမှ ဆိုသည်။

လာမည့် အောက်တိုဘာ ၅ ရက်တွင် ယင်းအမှုကို ဆက်လက် ဖြေရှင်းသွားမည်ဖြစ်သည်။ ယခု တရားစွဲဆို ခံထားရသူ ဦးကျော်မင်းဆွေသည် စာနယ်ဇင်း ဆိုင်ရာ ကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီအတွင်းရေးမှူး အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

ဝဝ၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*