ခေါင်းကြီးသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဧပြီ ၂၅၊ ၂ဝ၁၂

ဆွေးနွေးပွဲမြင်ကွင်း

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် International Media Support တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ပုံနှိပ်မီဒီယာ အတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မနက် ၉ နာရီတွင် ရန်ကုန် မြို့၊ ကန်တော်ကြီးပတ်လမ်း ရှိ Chatrium Hotel ၌ စတင် ကျင်းပသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကနေဒါနိုင်ငံသား မီဒီယာဆိုင်ရာပညာရှင် Mr.Toloy Mendel နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဖိတ်ကြားထားသည့် ပြည်တွင်းပြည်ပ မီဒီယာများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးလျက်ရှိသည်။

ကျင်းပလျက်ရှိသော အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း ၍ ရန်ကုန်မီဒီယာဂရုဖ်မှ ဦးကိုကို(စက်မှုတက္ကသိုလ်)က ယခုဆွေးနွေးပွဲအတွင်း ပြန်ကြားရေးဝန်ကြီးဌာနက လွတ်လပ်သော ပွင့်လင်းမှုကို လိုချင်တဲ့ အမြင်ကိုပါ မြင်လာကြောင်း၊ မီဒီယာလောက အတွက် ကောင်းတဲ့အလားအလာဟု ယူဆကြောင်း ပြောသည်။

ဆက်လက်ပြီး ဦးကိုကို က အလုပ်ရုံဆွေးနွေးပွဲတွေ ရဲ့ ပြဿနာက workshop တွေမှာ အချက်အလက်တွေ ရကြသော်လည်း အဆိုပါအချက်အလက်တွေကို လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိတာတွေကို တွေ့ရကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင်လည်း အချက်အလက်ရှာနေကြခြင်းကြောင့် ငါးဆယ်ရာခိုင်နှုန်း မီဒီယာဥပဒေအတွက် ဖြစ်လာနိုင်သည်ဟု ယူဆကြောင်း၊ ကျန်ရှိသော ငါးဆယ်ရာခိုင်နှုန်းသည် အကောင်အထည်ဖော်နိုင်မှုအပေါ်မူတည်မည် ဖြစ်ကြောင်း၊ ဦးကိုကို (စက်မှုတက္ကသိုလ်)ကသုံးသပ် ပြောကြားသည်။

ပုံနှိပ်နှင့်စာအုပ် ထုတ်ဝေရေးဌာနမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးရဲထွဋ်က “အဓိကကတော့ နိုင်ငံတကာ က အတွေ့အကြုံဖလှယ်တာပါ…။ နိုင်ငံတိုင်း နိုင်ငံတိုင်း မှာ သူ့အခြေအနေနဲ့သူ ပေးနိုင်တာတော့ပေးပါလိမ့်မယ်…။ လက်ရှိဒီမိုကရေစီနိုင်ငံတွေမှာလည်း ဒီလိုပါပဲ” ဟုပြောသည်။

ဆက်လက်၍ ဦးရဲထွဋ် က ပုံနှိပ်မီဒီယာဥပဒေကို ဒုတိယအကြိမ် ရေးဆွဲ၍ ဧပြီလ ၂၃ ရက်နေ့က ရှေ့နေချုပ်ရုံးကို တင်ပြအကြံ ပြုချက်တောင်းထားကြောင်း၊ အကြံပြုချက် ပြန်ကျလာပါက လွှတ်တော်ကို တင်ဖို့ စီစဉ်ထားကြောင်း မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောကြားသည်။

ယခု ကျင်းပလျက်ရှိသော အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ဒီပွဲကနေဆွေးနွေး ချက်တွေထဲက မီဒီယာဥပဒေ အတွက် ဘာတွေထွက်လာမလဲဆိုတာ မျှော်လင့်ထားကြောင်း၊ ပုံနှိပ်မီဒီယာဥပဒေ ထွက်လာရင်တော့ လွတ်လပ်တဲ့ ပုံနှိပ်ခွင့်ဆိုတာ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ဦးရဲထွဋ် ကဆက်လက်ပြောကြားသည်။

ပုံနှိပ်မီဒီယာဥပဒေရေး ဆွဲရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနမှ UNESCOနှင့် ပူးပေါင်း၍ Print Media Workshop(ပုံနှိပ်မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ)နှင့် Media Conference ကို ယခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့သည်။

ယခု အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံပုံနှိပ်မီဒီယာဥပဒေအတွက် စာနယ်ဇင်းကောင်စီဖွဲ့စည်းမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြခြင်းဖြစ်သည်။

၀၀၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.