ပြည်တွင်းသတင်း — မန္တလေး၊ မတ် ၉၊ ၂ဝ၁၃

ထောင်တွင်း အဖြစ်အပျက်များ ဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်သည့် အာမခံဖြင့် လွတ်မြောက်လာသူ ကိုအေးသိန်း အား ပြီးခဲ့သည့် မတ် ၅ ရက် ရက်စွဲဖြင့် သက်ဆိုင်ရာ အာဏာပိုင်တချို့က ခေါ်ယူမေးမြန်းရာတွင် မန္တလေး အခြေစိုက် သတင်းသမား တချို့တို့ကို ပါ ခေါ်ဆောင်ခဲ့သည့်အတွက် အာဏာပိုင်တို့က တွေ့ဆုံခွင့် မပေးခဲ့ကြောင်း ယင်း၏ ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့က မီဒီယာတွေ ရှေ့မှာပဲ ဆွေးနွေးချင်တယ်လို့ တောင်းဆိုပါတယ်။ သူတို့က ဘာပြောလဲဆိုတော့ မီဒီယာတွေ ရှေ့မှာ မလုပ်နိုင်ဘူး လို့ ပြန်ပြောတယ်။ ဖြစ်တာက ဧရာဝတီ သတင်းထောက်ကို ကျွန်တော်ဖွင့်ချ လိုက်တဲ့ သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းစရာ ရှိလို့ဆိုပြီး သူတို့ကပဲ စခေါ်တာပါ” ဟု ယင်းက ပြောသည်။

ကိုအေးသိန်းအနေဖြင့် ပြီးခဲ့သည့်ရက်များအတွင်းက ပြည်တွင်းသတင်း  ထောက်တစ်ဦးနှင့်တွေ့ဆုံ၍ ထောင်တွင်း အဖြစ်အပျက်များအား ပြောဆိုခဲ့ရာ အဆိုပါ သတင်းထောက်က ယင်း၏ ဂျာနယ်မှတစ်ဆင့် အဆိုပါ သတင်းကို ဆက်လက် ဖော်ပြခဲ့သည်။ ထိုသို့ ဂျာနယ်ပါ သတင်းထွက်ပေါ်ခဲ့ပြီး မကြာမီ ကိုအေးသိန်း နှင့်တကွ အထက်မြန်မာပြည် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ တာဝန်ခံ ကိုသိန်းအောင်မြင့်နှင့် ရှေ့နေ ဦးမြင့်သွင် တို့အား မန္တလေးမြို့ အိုးဘို အကျဉ်းထောင် သို့ ခေါ်ယူမေးမြန်းရန် အလို့ငှာ ဆင့်စာ ထုတ်ခဲ့ကြောင်း ကိုအေးသိန်းက ဆက်လက် ပြောသည်။

ဆင့်စာနှင့်တကွ ခေါ်ယူထားသည့် မတ် ၅ ရက်၊ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ကိုအေးသိန်းနှင့် ကိုသိန်းအောင်မြင့် တို့သည် မြန်မာအင်ဒီပဲန်ဒင့်၊ မြနန္ဒာ၊ အာအက်ဖ်အေ၊ ဒီဗွီဘီတို့မှ သတင်းထောက် များနှင့် တကွ အာဏာပိုင်တို့နှင့် တွေ့ဆုံရန် သွားရောက်ခဲ့ရာတွင် တွေ့ဆုံခွင့် မရခဲ့သဖြင့် မွန်းလွဲ ၂ နာရီအချိန်တွင် မြနန္ဒာ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ သတင်းထောက်များနှင့် ဒုတိယ အကြိမ် ထပ်မံ သွားရောက်ရာမှ အာဏာပိုင်တို့နှင့် အငြင်းပွားမှု တချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိအောင် ကျွန်တော်တို့နဲ့ ပါလာတဲ့ သတင်းမီဒီယာတွေကိုပါ ဝင်ခွင့်ပြုပါ လို့ ပြောတာ။ အဝင်မခံနိုင်ဘူးတဲ့။ အဝင်မခံနိုင်ရင် ကျွန်တော်တို့ဘက်က မဆွေးနွေးနိုင်ဘူးလို့ ပြန်ပြော ခဲ့တယ်။ နောက်တစ်ကြိမ်ထပ်ခေါ်ရင်လည်း ကျွန်တော်တို့က သတင်းမီဒီယာတွေကို ဖိတ်ကြားသွား ဦးမှာပဲ။ သတင်း မီဒီယာတွေရှေ့မှာပဲ ကျွန်တော်တို့က ဆွေးနွေးချင်ပါတယ်” ဟု ကိုအေးသိန်းက ထပ်လောင်း ပြောသည်။

ယင်းအနေဖြင့် မန္တလေး ဈေးချိုတော်အနီး ကိုင်းတန်းဈေးမပြောင်းရွှေ့ ရေးလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် အတွက် ပုဒ်မ ၅ဝ၅ (ခ)ဖြင့် တရားစွဲဆို ခြင်း ခံရကာ ထောင်တွင်း၌ ရက်ပေါင်း ၁ဝဝ ကျော် အကျဉ်းချထား ခံခဲ့ရပြီး အာမခံဖြင့် ပြင်ပမှ တရားရင်ဆိုင်နေရသူ ဖြစ်သည်။ အာမခံဖြင့် လွတ်မြောက် လာပြီးနောက် ထောင်တွင်း အကျဉ်းကျခံစဉ်က တွေ့မြင်ခဲ့ရသည့် အခြေအနေ များဖြင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ကြက်ခြေနီ အသင်းသို့ လိပ်မူကာ နိုင်ငံတော် သမ္မတရုံး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၊ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုများ အင်အားစု၊ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကွန်ရက် (အထက် မြန်မာပြည်)နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)တို့သို့ တင်ပြတိုင်ကြား ထားကြောင်း သိရသည်။

မန္တလေး အိုးဘို အကျဉ်းထောင်ရှိ ထောင်တွင်း အခြေအနေများဖြင့် ပတ်သက်ပြီး ယင်းကပြောရာတွင် ထောင်တွင်း အဓမ္မ အနိုင်အထက် ပြုခြင်းများနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းများ ရှိနေသေးကြောင်း၊ တီဘီရောဂါ၊ အိတ်(ခ်ျ)အိုင်ဗွီရော ဂါစသည့် ရောဂါဝေဒနာခံစားနေရသူများရှိကြောင်း၊ အထူးသဖြင့် အဆိုပါ ရောဂါ ဝေဒနာရှင်များ ပင်လျှင် ညှဉ်းပန်းနှိပ်စက်ခံနေ ကြရကြောင်း၊ စစ်ခွေးတိုက်၊ ပြစ်ဒဏ်တိုက် စသည့် စစ်အာဏာရှင်များ လက်ထက်က နိုင်ငံရေး အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်သည့် အဆောင်များ ရှိနေသေးကြောင်း၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်များ နစ်နာ ဆုံးရှုံးနေကြကြောင်း၊ တချို့သော ဘာသာခြားများ အတွက် ဘုရားဝတ်ပြုဆုတောင်းခွင့် တားဆီးခံနေကြ ရကြောင်းနှင့် သန့်ရှင်းသပ်ရပ်မှု မရှိသည့် အနံ့အသက်ဆိုးများကြောင့် အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေ အထူးစိုးရိမ်ရကြောင်း စသည်ဖြင့် ပြောသည်။

တိုင်ကြားစာပါ အကြောင်းအရာ အချက်အလက်တွင်လည်း ထိုသို့သော ကိုယ်တွေ့ မျက်မြင်အခြေနေများဖြင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့်တကွ အမြန်ဆုံး ဝင်ရောက် စုံစမ်းစစ်ဆေးပေးပါရန်နှင့် ထိရောက် လျှင်မြန်စွာ အရေးယူဆောင်ရွက်ပေးပါရန် တင်ပြလျှောက်ထားသည်ကို တွေ့ ရှိရသည်။ မန္တလေး အိုးဘို အကျဉ်းထောင်တွင် တီဘီရောဂါ ဝေဒနာရှင် ၃၅ ဦး၊ အမျိုးသား အိပ်ခ်ျအိုင်ဗွီရောဂါ ဝေဒနာရှင် ၇၆ ဦး၊ အမျိုးသမီး အိပ်ခ်ျအိုင်ဗွီ ရောဂါဝေဒနာရှင် ၄၂ ဦးနှင့် ပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရသူ အမျိုးသမီး ၂၆ ဦးတို့ရှိကြောင်း ယင်း၏ တိုင်ကြားစာပါ ဖော်ပြထားချက်အရ သိရသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*