အနုပညာသတင်း — မန္တလေး၊ သြဂုတ် ၂၅၊ ၂ဝ၁၂

မန္တလေးမြို့တွင် ပထမဆုံး အကြိမ် ကျင်းပသည့် ပန်းချီ ထိန်လင်း၏ ဉာဏ်ရှေ့သွား အနုပညာမိတ်ဆက် အမည်နှင့် အနုပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ် ၂၅ ရက်၊ မွန်းလွဲ ၁ နာရီက ၃၇ လမ်းနှင့် ၆၉ လမ်းထောင့်ရှိ မန္တလေးခေတ်ပြိုင် အနုပညာစင်တာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အနုပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်နိုင်မှု အစီအစဉ်အရ အနုပညာ ဘာသာရပ်များ အလိုက် ဟောပြောခြင်း၊ ဆွေးနွေးခြင်း၊ ပို့ချခြင်း၊ တင်ဆက်ပြသခြင်းနှင့် အလုပ်ရုံဆိုင်ရာ နှီးနှောဖလှယ်ခြင်းတို့ ကို နိုင်ငံတကာအသိအမှတ်ပြု မြန်မာ အနုပညာရှင် တစ်ဦးဖြစ်သူ ပန်းချီ ထိန်လင်းက ဦးဆောင်သင်ကြားပြသ ခဲ့သည်။

အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ မန္တလေး ခေတ်ပြိုင်အနုပညာစင်တာ ဒါရိုက်တာ အဖွဲ့က ပြောရာတွင် အနုပညာ ရပ်ဝန်းဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်း ရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ပိုမို မြှင့်တင်နိုင်ရေး အပါအဝင် သဘာဝ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထင်ဟပ် စေရန် ရည်ရွယ်ပြီး ပန်းချီ၊ ပန်းပု၊စာပေ၊ ဓါတ်ပုံ၊ အနုသုခုမ၊ ကာတွန်း၊ သတင်းမီဒီယာ၊ ရုပ်ရှင်၊ ဖော်ဆောင် မှု သရုပ်ပြ အနုပညာနှင့် တပ်ဆင်မှု အနုပညာ အစရှိသော အနုပညာဆိုင်ရာ ပြယုဂ်များကို လူထုအတွင်း တိုးဝင် ပျံ့နှံ့စိမ့်ဝင်စေရန် ဟောပြော ဆွေးနွေးခြင်း၊ ပို့ချသင်ယူခြင်း၊ ပြပွဲများ ပြသခြင်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောသည်။

ထို့အပြင် ဘာသာရပ်တစ်ခုခုမှ အကျိုးသက်ရောက်မှု ရှိနိုင်မည့် မည်သည့် ဆောင်ကြဉ်းမှု ကိုမဆို လက် ကမ်း ကြိုဆိုမည် ဖြစ်ကြောင်းနှင့် ပိုမို ကျယ်ပြန့်သော အနုပညာဆိုင်ရာ ပြယုဂ်များကို ချဲ့ထွင်ဖန်တီးကြရန် ရည်ရွယ် ကြောင်း ယင်းအဖွဲ့က ဖြည့်စွက်ပြောသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် အင်္ဂလန်နိုင်ငံတွင် အခြေချနေထိုင်လျက် ရှိသော နိုင်ငံတကာ အသိအမှတ်ပြု မြန်မာအနုပညာရှင် ပန်းချီထိန်လင်း၏ ဦးဆောင်မှုဖြင့် အနုပညာ မြတ်နိုးသူ များက ဖော်ဆောင်မှု သရုပ်ပြ အနုပညာများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ခေတ္တနားနေစဉ်အတွင်း မြန်မာအနုပညာရှင် ပန်းချီထိန်လင်းအား မြန်မာအင်ဒီပဲန်ဒင့်က မေးမြန်းရာတွင် ယင်းက ယခုလိုရှင်းပြသည်။

“ကျွန်တော် ဟိုဘက်နိုင်ငံမှာ နေစဉ်ကတည်းက မြန်မာပြည်က အနုပညာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အသွယ် မပြတ်ပါဘူး။ အခုလိုမျိုး ကိုယ်တိုင် လာလုပ်ဖို့ကိုတော့ အခြေအနေ မပေးပါဘူး၊ မန္တလေး မှာကတော့ ဒါပထမဆုံးပါပဲ၊ မန္တလေး ခေတ်ပြိုင်အနုပညာ စင်တာရဲ့ စီစဉ်မှုနဲ့ လုပ်ဖြစ်ကြတာပါ။ မန္တလေး မှာရှိတဲ့ နိုင်ငံရေး အနုပညာလောကသား အားလုံးနဲ့ ဟိုးကတည်းက ရင်းနှီးပြီးသားဆိုတော့ မစိမ်းပါဘူး၊ အလည်လာဖို့လဲ ရှိတာနဲ့ သူတို့နဲ့စီစဉ်ပြီး လုပ်ဖြစ်တာပါ” ဟု ပန်းချီထိန်လင်းက ပြောသည်။

၁၉၆၆ ခုနှစ်က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ မယ်ဇလီကုန်း ကျေးရွာမှာမွေးဖွားခဲ့သည့် ပန်းချီ ထိန်လင်း သည် ငယ်စဉ် ကလေးဘဝ ကတည်းက ပန်းချီအနုပညာအား စိတ်ပါဝင်စားခဲ့ပြီး ပန်းချီပညာကို ပန်းချီ ဆရာကြီး စစ်ငြိမ်းအေးထံတွင် သင်ယူ လေ့လာခဲ့ကြောင်း သိရသည်။ ၁၉၈၈ အရေးတော်ပုံမှ စတင်ပြီး နိုင်ငံရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည့်  မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ABSDF(NB) ၏ ရဲဘော်ဟောင်း တစ်ဦးလည်း ဖြစ်သည်။ ရှေ့နေဘွဲ့ ရရှိပြီးနောက် ၁၉၉၆ ခုနှစ်မှ စတင်၍ အနုပညာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ထိုစဉ် ကတည်းကမှ ယနေ့ထိ တိုင်အောင် ပြည်တွင်း ပြည်ပပွဲများတွင် ဖော်ဆောင်မှု သရုပ်ပြ အနုပညာကို တစ်ကိုယ်တော်အဖြစ် လည်းကောင်း၊ အစုအဖွဲ့ ဖြင့်လည်း ကောင်း ပြသခဲ့ကြောင်း သိရသည်။

၁၉၉၈ခုနှစ်မှ ၂ဝဝ၅ခုနှစ် ကာလအတွင်း နိုင်ငံရေး အကျဉ်းသား ဘဝဖြင့် ဖြတ်သန်းခဲ့ရသည်။ ထောင်အတွင်း ပန်းချီဆွဲခြင်းဖြင့်သာ အချိန်ကုန်စေခဲ့ပြီး ယင်း၏ ပန်းချီကားများအား ကမ္ဘာကပင် စိတ်ဝင်စားခြင်း ခံခဲ့ရသည်။ ဆက်လက်၍ နိုင်ငံတကာ ဖော်ဆောင်မှု သရုပ်ပြအနုပညာအား လေ့လာလိုက်စားခဲ့ပြီး ယင်းအနုပညာနှင့် ပတ်သက်၍ ယခုလို ရှင်းပြသည်။

“အပ်စပ်တဲ့အခါမှာ အပ်စပ်တာကို လုပ်လိုက်တာပါပဲ၊ ခန္ဓာကိုယ်နဲ့လုပ်ဖို့ အကြောင်းရှိလာသည့်အခါမှာ ပါဖောမန့် အနုပညာကို လုပ်ပါတယ်၊ အဓိက ကတော့ စိတ်ကူးပါ၊ နောက်ပြီးတော့ အချိန်၊ အဲဒီလို အချိန်မျိုးဖြစ် လာတဲ့အခါ ပါဖောမန့် လုပ်ဖြစ်သွားတယ်၊ ဒီလိုပဲ ဆေးနဲ့ စက္ကူနဲ့ လုပ်ချင်လာတဲ့အခါ ပန်းချီဆွဲပါတယ်၊ ဒီအနုပညာ နှစ်ခုလုံးကတော့ စိတ်ကူးပေါ်မှာ အခြေခံပါတယ်” ဟု ဆိုသည်။

ဆက်လက်၍လည်း အနုပညာ လုပ်ငန်းများအား တစိုက်မတ်မတ် လုပ်ဆောင်နေစဉ်ကာလအတွင်း နိုင်ငံရေး အကျဉ်းသားဘဝ ရောက်ခဲ့ရကြောင်း၊ ထောင်အတွင်း အနုပညာနှင့် ပတ်သက်သည်များကို လေ့လာလိုက် စားခဲ့ကြောင်း၊ ထောင်တွင်း နေခဲ့ရသည့် အတွေ့အကြုံများကြောင့် အနုပညာ အရည်အသွေး နှင့်အတူ လူ့ တန်ဖိုးများလည်း တိုးတက်လာကြောင်း စသည်ဖြင့် ပန်းချီထိန်လင်းက ပြောပါသေးသည်။

“သူတို့ အဲဒီကာလတုန်းက ရှစ်လေးလုံး ဆယ်နှစ်ပြည့်တဲ့နှစ် ဆိုတော့ သူတို့ တော်တော်လေး စိုးရိမ်ကြောင့် ကြမှုတွေ ရှိနေတယ်နဲ့ တူတယ်၊ အဲဒီအချိန်မျိုးမှာ အရင်တုန်းက တွဲလုပ်ခဲ့တဲ့ ရဲဘော်တွေနဲ့ကလည်း အဆက် အဆံ ရှိနေတော့ အစိုးရအနေနဲ့က အရမ်းစိုးရိမ်မကင်း ဖြစ်နေကြတယ်နဲ့ တူပါတယ်။ ဒါနဲ့ပဲ ဖမ်းဆီး ထောင် ကျသည် အထိ ဖြစ်ခဲ့ရတာပါ” ဟု ထောင်ချခံခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ ယင်းက ဆိုသည်။ ထိုစဉ်က အစိုးရ၏ နိုင်ငံရေးသမားများ အပေါ်ထားရှိသည့် သဘောထား ဆက်ဆံရေးနှင့် ပတ်သက်၍လည်း “တကယ်တမ်း ကျတော့ ထောင်ကျလောက်တဲ့ ပြစ်မှုတစ်စုံတစ်ရာ မကျူးလွန်ပါဘဲနဲ့ နိုင်ငံရေး သဘောထား မတူညီတာနဲ့ကို ထောင်ချလိုက်တာ၊ အဲဒီအချိန်မှာ တာဝန်ရှိတဲ့ ထောက်လှမ်းရေးအဖွဲ့တွေ စိုးရိမ်လွန်ကဲတယ်၊ မှားယွင်းဆုံးဖြတ်တယ်၊ မှားယွင်း စစ်ဆေးတယ် ဒီအချက်တွေကြောင့် ထောင်ချခံခဲ့ရတာ၊ တရားစီရင်ရေးမှာ လည်း ခုခံရင် အဆင်ပြေနိုင်တယ်လို့ ထင်ထားခဲ့တာ၊ ဒါပေမယ့် တရားရုံး ဆုံးဖြတ်မှုဟာ အင်မတန် ဆိုးရွားတဲ့ အခြေအနေ ဖြစ်ခဲ့တယ်”ဟု ပြောသည်။

ဆက်လက်၍ ယင်းက ပြောရာတွင် “အကောင်းအဆိုးကတော့ ဒွန်တွဲနေတာပဲ၊ ပထမတော့ ထောင်ကျတာ နည်းနည်း စိုးရိမ်တယ်၊ နောက်တော့ ဒီလိုထောင်ကျလိုက်တဲ့အတွက် အနုပညာနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ၊ အတွေ့အကြုံတွေလည်း အများကြီး ရလိုက်တယ်၊ ထောင်ကျလိုက်လို့ အနု ပညာ အရည်အသွေးတွေ ပိုတက်လာတယ်လို့ ပြောမယ်ဆိုရင်လည်း မငြင်းပါဘူး၊ အရည်အသွေး ဆိုတာထက် လူပိုပြီး ပီသလာပါတယ်” ဟုဆိုသည်။

ထို့နောက် ဖော်ဆောင်မှု သရုပ်ပြ အနုပညာပွဲအား ဆက်လက်ပြုလုပ်ရာ မန္တလေးမြို့ စာပေအသိုက်အဝန်းမှ စာရေးဆရာကြီးများ၊ နိုင်ငံရေး ရဲဘော်ဟောင်းများနှင့် အနုပညာ ဝါသနာရှင်များက ပန်းချီထိန်လင်း နှင့်အတူ ပါဖောမန့်ပြကွက်များအား တပျော်တပါး အတူတကွ သရုပ်ဆောင်ကြပြီး အလုပ်ရုံ ဆွေးနွေးပွဲအား ညနေ ၄ နာရီခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

ယနေ့ ပြုလုပ်သည့် ဖော်ဆောင်မှု သရုပ်ပြအနုပညာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ အတူတကွ လိုက်ပါလာသူ သန်လျင်မြို့နေ ကိုမျိုးကြီးက ပြောရာတွင် ယင်းအနေဖြင့် ဂီတအနုပညာရှင် တစ်ယောက် ဖြစ်သော်လည်း ပန်းချီနှင့် ပါဖောမန့် အနုပညာကိုလည်း နှစ်သက်ပါကြောင်း၊ ပါဖောမန့် အနုပညာကို မျိုးဆက်သစ် လူငယ်များလည်း လေ့လာသင်ယူ သင့်ကြောင်း၊ ပါဖောမန့် အနုပညာ ဆိုသည်မှာ ရှက်စရာ မဟုတ်ကြောင်း၊ ကိုယ်တိုင်ပါဝင် လုပ်ကိုင် ဆောင်ရွက်ပါက စိတ်လွတ်လပ် ပေါ့ပါး၍ တဒင်္ဂအားဖြင့် ပျော်ရွှင် နှစ်ခြိုက်မိမှာ ဖြစ်ပါကြောင်း၊ ယခုလို အနုပညာမျိုးအား လူတွေကြားထဲသို့ ပျံ့နှံ့စေလိုကြောင်း၊ ဆိုလိုသည်မှာ အနုပညာနှင့် ဝေးကွာသွားပါက ရိုင်းစိုင်းသော သတ္တဝါအဖြစ် ရောက်ရှိသွားမှာ ဖြစ်ကြောင်း၊ ဖျော်ဖြေ တင်ဆက်သည့် အနုပညာ သာမက ပန်းချီ စာပေ စသည့် အနုပညာဆိုင်ရာ ဘာသာရပ်များသည် လူ၏ နှလုံးသားကို နူးညံ့မှု ဖြစ်စေပါကြောင်း စသည်ဖြင့် ပြောပါသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*