ပြည်တွင်းသတင်း — မန္တလေး၊ မတ် ၁၇၊ ၂ဝ၁၃
ဆောက်လုပ်နေသည့် ရေကစား မဏ္ဍပ် တစ်ခုကို တွေ့ရစဉ်

ဆောက်လုပ်နေသည့် ရေကစား မဏ္ဍပ် တစ်ခုကို တွေ့ရစဉ်

၂ဝ၁၃ ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန် ပွဲတော်အား ယခင်နှစ်များထက် ပိုမိုစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ကန်တော်ကြီး မြိုပတ်လမ်းနှင့် မြို့တွင်း သတ်မှတ် နေရာများ၌ ရေကစား မဏ္ဍပ် ဆောက် လုပ်ခွင့် ပြုထားကြောင်း မန္တလေး သင်္ကြန်မဏ္ဍပ်များ နေရာချထားရေး ကော်မတီမှ သိရသည်။

၂ဝ၁၃ ခုနှစ် မန္တလေး မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်ပြုရန် မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ သို့ လျှောက်ထား သူ ၁၇၅ ဦးရှိရာ ယခင်နှစ်ကထက် မဏ္ဍပ် အရေအတွက် ပိုမို များပြားမည်ဖြစ် ကြောင်း၊ မဏ္ဍပ် ဆောက်လုပ်ခွင့်အတွက် တင်ပြလျှောက်ထားသူ များကို လည်း မဲနှိုက် စနစ်ဖြင့် နေရာချ ထားပေးပြီး ဖြစ်ကြောင်း၊ ယခင်နှစ်များက ကျုံး အရှေ့ဘက်၊ ကျုံးတောင်ဘက် တို့တွင်သာ မဏ္ဍပ်ဆောက်လုပ် ခွင့်ပေးခဲ့ရာမှ ယခုနှစ်တွင် ယခင်နှစ်များ ထက်ပိုမို စည်ကားစွာ ကျင်းပနိုင်ရေး အတွက် ကန်တော် ကြီး မြို့ပတ်လမ်းနှင့် မြို့တွင်းရှိ သတ်မှတ်နေရာ အနှံ့အပြားတို့တွင်လည်း ရေကစား မဏ္ဍပ်များ ဆောက်လုပ် ခွင့်ပြု သွားမည်ဖြစ်ကြောင်း ကော် မတီ တာဝန်ရှိသူက ပြောသည်။

ထူးခြားမှုအနေဖြင့် ကျုံးပတ်လည်မှ လွဲ၍ ကျန်မြို့တွင်းနေရာများတွင် မဏ္ဍပ်ဆောင်လုပ်လိုပါက အာမခံကြေး ၅ သိန်း ပေးသွင်းရန် မလိုကြောင်းနှင့် မဏ္ဍပ် အနှံ့ ရေရရှိရေး အတွက်ကိုလည်း နီးစပ်ရာ ရေပိုက်လိုင်းများမှ တစ်ဆင့် အခမဲ့ရေ ရရှိနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ကျုံး အနောက် ဘက်နှင့် မြောက်ဘက် များတွင်လည်း မဲနှိုက် စနစ်ဖြင့် မဟုတ်ဘဲ နေရာချထားပေးသွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

မြို့တွင်း ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ပြုထားသည့် နေရာများတွင် မြို့နယ်အလိုက်လမ်းမကြီးများဖြစ်သော အရှေ့အနောက်လမ်းများတွင် ၆၂ လမ်း၊ ၇၃ လမ်း၊ ၇၈ လမ်း၊ လမ်း ၈ဝ၊ ၈၄ လမ်းနှင့် ၈၆ လမ်းတို့တွင် လည်းကောင်း၊ တောင်မြောက်လမ်း များတွင် လမ်း ၃ဝ၊ ၃၅ လမ်းနှင့် သိပ္ပံလမ်းတို့တွင် လည်းကောင်း သတ်မှတ် ပေးထားပြီး အခြားသော ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုမရှိနိုင်သည့် နေရာများတွင်လည်း ရေကစား မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြု သွားမည်ဖြစ်ကြောင်းနှင့် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး အတွက်ကိုလည်း မဏ္ဍပ်တစ်ခုနှင့် တစ်ခုအကြား ကြာရှည်စွာ ရပ်တန့်ခွင့်ပြုမည် မဟုတ်တော့ကြောင်း ယင်းက ဆက်လက် ပြောသည်။

ထို့အပြင် ယာဉ်ကြော ပိတ်ဆို့မှု နှင့် လမ်းရှင်းစနစ် ဆောင်ရွက်ရာတွင်လည်း မိုဘိုင်းလမ်းရှင်းစနစ်ကို အသုံး ပြု သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မဲနှိုက်ပြီးစာရင်းများအရ ကျုံးအရှေ့ဘက်နှင့်ကျုံးတောင်ဘက် တို့တွင် ရေကစား မဏ္ဍပ် ၁၅ ခုစီနှင့် ကန်တော်ကြီး မြို့ပတ်လမ်းတွင် ၁ဝ ခု၊ မြို့တွင်း၌ရေကစား မဏ္ဍပ်တစ်ခု စုစုပေါင်း ရေကစားမဏ္ဍပ် ၄၁ခု ရှိကြောင်း သိရသည်။ သတ်မှတ် စည်းကမ်းများနှင့် ကိုက်ညီသဖြင့် မဲနှိုက် ဆောက်လုပ် ခွင့်ပြုထားသော ရေကစား မဏ္ဍပ်များ အနေဖြင့် ယခုလ ၁၅ ရက် မှ စတင်ကာ ဆောက်လုပ်ခွင့်ပြုထား ပြီးဖြစ်ကြောင်း၊ မဲပေါက်ထားသူများ အနေဖြင့် တခြားသို့ ရောင်း စားခြင်း၊ သတ်မှတ်ရက် အတွင်း ဆောက်လုပ်မှု မရှိခြင်း၊ အမည်ပြောင်းခြင်း များအား စစ်ဆေးတွေ့ရှိပါက အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ် ထားသည့် နေရာများတွင်သာ ခွင့်ပြုထားသည့် အကျယ်အဝန်း အတိုင်း ဆောက်ရ မည် ဖြစ်ကြောင်းနှင့် အထူးသဖြင့် ရေကစားမဏ္ဍပ်များအတွင်း မီးသတ်ပိုက် များဖြင့် ရေကစားခြင်းများကို တားမြစ် ထားကြောင်း မဏ္ဍပ်များ နေရာချထားရေး ကော်မတီ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*