ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၇၊ ၂၀၁၇


ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီသည် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိသော်လည်း အာရုံကြော အနည်းငယ် ယောင်သွားသည့် အတွက် ရက်သတ္တပတ်၊ ၁၀ ရက်ခန့် ဆေးကုသမှု ခံယူပြီးမှ ဆေးရုံမှ ဆင်းနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်နှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ သိရသည်။

ယာဉ်မတော်တဆ မှုကြောင့် ဝန်ကြီးချုပ် မန်းဂျော်နီသည် ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ ခေါ်ဆောင် လာစဉ် ခေါင်းမူးဝေကာ အော့အန်ခဲ့ပြီး အရေးပေါ် ကုသဆောင်သို့ ရောက်ရှိခဲ့ရာ လိုအပ်သော ဆေးစစ်ချက် အဖြေများ၊ ဓါတ်မှန် အဖြေများအရ အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း၊ ထိခိုက်ကျိုးကြေ၊ အတွင်း/အပြင် ဒဏ်ရာ တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီသည် ဒီဇင်ဘာ ၆ ရက် နေ့ လည်ပိုင်းတွင် ပုသိမ်မြို့မှ နေပြည်တော်သို့ အစည်းအဝေး တက်ရောက်ရန် ထွက်ခွာလာခဲ့ပြီး ညောင်တုန်းမြို့နယ် ဆားမလောက် အနီး မောလေးကျေးရွာနားတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ ယာဉ်၏ ညာဘက် နောက်ခန်းတွင် စီးနင်းလာသော ဝန်ကြီးချုပ်သည် ကားရှေ့ခန်း ထိုင်ခုံနှင့် ဆောင့်မိကာ ၁၀ မိနစ်ခန့် သတိလစ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကားတိုက်တိုက်ချင်း သတိမေ့သွားတာ၊ အာရုံကြော နည်းနည်းထိသွားလို့ မဆင်းရသေးတာပါ” ဟု ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက်နေသည့် ဝန်ကြီးနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ဝန်ကြီးချုပ် မန်းဂျော်နီအား ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင် ကုတင် ၁၀ တွင် ဆေးကုမှု ခံယူနေရပြီး ဝန်ကြီးချုပ်၏ သားဖြစ်သူလည်း အနည်းငယ်သာ ထိခိုက်၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဝန်ကြီးချုပ်သည် ပုသိမ်မှ နေပြည်တော်သို့ အသွား ဆားမလောက်ကျေးရွာ အကျော်တွင် ရန်ကုန်မှ ဇလွန်သို့ မောင်းလာသည့် ခရီးသည်တင် ကားနှင့် တိုက်မိခြင်း ဖြစ်သည်။

ရန်ကုန် – ဇလွန် ပြေးဆွဲနေသော တော်ဝင်လိုင်းကားသည် ဝန်ကြီးချုပ် ပွိုင့်ကားကို ရှောင်ရာမှ နောက်က ပါလာသည့် ဝန်ကြီးချုပ် ကားနှင့် တိုက်မိခြင်း ဖြစ်ပြီး လက်ရှိတွင် ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *


*