စာအုပ်သုံးသပ်ချက် — ဖေဖော်ဝါရီ၊ ၂ဝ၁၃

မသိန်းရှင်ဆီပို့ပေးပါ၊ နိုင်ဝင်းဆွေ၊ လူငယ်တစ်ယောက်စာအုပ်တိုက်၊ ဒုတိယအကြိမ်

၂ဝ၁၃၊ ဖေဖော်ဝါရီလ၊ စာမျက်နှာ-၁၈၈၊ တန်ဖိုး-၃ဝဝဝ ကျပ်

နိုင်ဝင်းဆွေ၏ မသိန်းရှင်ဆီပို့ ပေးပါကို လူငယ်တစ်ယောက် စာအုပ်တိုက်မှ ဒုတိယအကြိမ် ထုတ်ဝေ လိုက်သည်။ တစ်ချိန် က မြန်မာစာပေ လောက တွင် ပြောစမှတ် ပြုရသည့် စာရေးသူ နိုင်ဝင်းဆွေ၏ နာမည်ကျော် လက်ရာမွန် တစ်ပုဒ် လည်း ဖြစ်သည်။ ပိတ်ဆို့ ကန့်သတ်မှုများအကြား ကာလများ တွင်လည်း စာအုပ် အဟောင်းဆိုင် များတွင် မြင်တွေ့နေ ရဆဲ စာအုပ်ဖြစ်ပြီး ယခု ဒုတိယအကြိမ် တရားဝင် ထုတ်ဝေခြင်း ဖြစ်သည်။

သရုပ်ဖော်အဖွဲ့ ဝတ္ထုတစ်ပုဒ်ဖြစ် ပြီး တံခါးပိတ် စီးပွားရေးဝါဒ ကျင့်သုံးစဉ်ကာလ မှောင်ခိုကုန်ကူးမှုအပေါ် အခြေခံ ထားသည်။ ဝတ္ထုစတင်ရေး သားစဉ်ကာလမှာ ၁၉၆၅ ခုနှစ် ဝန်းကျင်ဟု ဆိုသည်။ တစ်နည်း ဆိုသော် ခေတ် တစ်ခေတ် မှ မြင်ကွင်းတစ်ရပ် ဖြစ်သည်။

ဝတ္ထုတွင် အဓိကဇာတ်ကောင် များမှာ ကျောက်ပန်းတောင်-တောင်တွင်းကြီး ရထားလမ်းပိုင်းမှ မီးရထား စာရေးကလေး ရင်မောင်နှင့် မှောင်ခိုကူး သမကလေး ညိုညိုတို့ ဖြစ်သည်။ မှောင်ခိုကုန်ကူးသည် ဆိုသော် လည်း အဓိက ကူးသန်းကြသည်မှာ ထန်း လျက်ဖြစ်သည်။ ယနေ့ ခေတ်အမြင် နှင့်ဆိုသော် အတော် နားလည်ရန် ခက်မည် ဖြစ်သကဲ့သို့ ထိုအချိန်ကလည်း သာမန်ပြည်သူတို့ အတော်နားလည်ရ ခက်သော ပြစ်မှုဖြစ်ခဲ့သည်။

ရင်မောင်နှင့် ညိုညိုတို့ နှစ်ဦးစလုံး မှာ တစ်ဦးနှင့် တစ်ဦး မေတ္တာရှိကြသော်လည်း နှစ်ဖက် မိသားစု အား ပြုစု စောင့်ရှောက် ရန် တာဝန်ကို ဦးစားပေး ထမ်းဆောင်နေကြ ရသူများဖြစ်သည်။ ထိုအချိန်က မှောင်ခိုကုန်ကူးခြင်း မှာ ရာဇဝတ်မှု တစ်ခုဖြစ် သကဲ့သို့ ဤသို့ သော ထောင်နှုတ်ခမ်းလမ်းလျှောက် နေကြရသူများအား အနိုင်အထက် အခွင့်အရေးရယူလိုသော အကျင့်ပျက် များလည်း များလှသည်။ ချမှတ်ထား သော စည်းကမ်းနှင့်တာဝန်၊ နိုင်လို မင်းထက် အကျင့်ပျက်များ၊ လွမ်းရေး ထက် ခက်ခဲသောဝမ်းရေးစသည့် ကိစ္စများမြောင်အကြားမှ မေတ္တာ တရားသည် ကြိုးတန်းလမ်းလျှောက် နေရသည်။ အကျင့်ပျက် မီးရထားနှင့် ရဲဝန်ထမ်းတို့၏ ဂုဏ်သိက္ခာ ပိုင်းစော် ကားမှု မျိုးစုံကိုလည်း ကုန်ကူးသူ အမျိုးသမီးတို့ ကြုံတွေ့ကြရသည်။ ထိုအခက်အခဲ များကြားမှ ဖူးပွင့်လာခဲ့ရ သော မေတ္တာတရား၏ အခိုက်အတန့် ကာလ တစ်ခုကိုမူ စာရေးသူမှ ဖန်တီးထားနိုင်ခဲ့သည်။

ဇာတ်လမ်းအရ သာမန်အချစ် ဝတ္ထုတစ်ပုဒ်ဟု ဆိုနိုင်သော်လည်း ခေတ်၏ပုံရိပ်ကို စူးစူးရှရှမြင်သာစေခဲ့ သည်။ စားဝတ်နေရေးလောက် မည်သည့် ခေတ်စနစ်ကိုမျှ ဂရုမပြုနိုင်ရှာ ကြသူ ကျေးလက်လူထု၏ နောက်ခံ ကားချပ် မြင် ကွင်းကြောင့် သာမန် ချစ်သူနှစ်ဦး၏ ဇာတ်လမ်းမှာ ပိုမို ကြွတက်လာစေခဲ့သည်။ ရင်မောင်နှင့် ဘဝတူ မီးရထား ဝန်ထမ်းများ ဖြစ်ကြသော စံရီ၊ မြအုန်း၊ ချစ်ဆွေ၊ ဂါတ် ဗိုလ်ဦးအောင်ကြီးစသူတို့၏ စည်းကမ်း၊ တာဝန်နှင့် ဘဝတူတို့၏ စား ဝတ်နေရေးအကြား ရုန်းကန်၍ အလိုက်သင့်ရှင်သန်နေခဲ့ကြရပုံများ၊ ညိုညိုနှင့် အတူ မအေးမြင့်၊ မအေးလှ၊ သင်းသင်း၊ နုနု၊ မညွန့်ရီ၊ ဦးပေါ်က စသည့် မှောင်ခိုသမားများ၏ဘဝ၊ အကျင့်ပျက် ရဲဝန်ထမ်း ထွန်းမောင်နှင့် အပေါင်းပါတို့၏ သရုပ်ဆောင်မှုများ သည် ရင်မောင်နှင့်ညိုညိုအပေါ် စီးမိုး အုပ်ဆိုင်းနေခဲ့သည်။ ခေတ်၏ အရိပ်တို့ လွှမ်းမိုးခြင်းခံနေရသော သူတို့၏ နေ့စဉ်ဘဝဟုဆိုချင်သည်။

စာအုပ်တွင် စာရေးသူက အဖြစ်အပျက် အတိုင်း ရိုးရိုးစင်းစင်း တင်ပြထားသည်ဟု ဆိုနိုင်သည်။ စနစ် ကြောင့်၊ လူကြောင့် စသည်ဖြင့် မည်သည့် အကြောင်းပြချက် မျှ ပေးမထားဘဲ လူသားတို့အသက်မွေးပုံချင်း ကွဲပြား ကြပုံကိုသာ နောက်ခံပြု ထားသည်။ နေ့တဓူဝ ဆက်ဆံရင်းနှီးနေကြရသော မီးရထားဝန်ထမ်းနှင့် မှောင်ခိုတို့ ကြား မှ ဆက်ဆံရေးကို မျောက် သုံးကောင် မီးခြစ်တံဆိပ်နှင့် ဥပမာဆိုထားသည် မှာ ထိရောက်လှသည်။ ဤလူတန်းစား နှစ်ရပ်သာမက ခေတ်စနစ်တစ်ခု လုံး၏ သရုပ်ကိုလည်း ပေါ်လွင်စေ သည်။

ဝမ်းဝရုံကလေးမျှပင် မလောက် ငှပဲလျက် နာမည်ဆိုးနှင့် ရာဇဝတ်သား ဘဝရောက်ရရှာသူ တို့အပေါ် နိုင်ထက် ကလူ ပြုလိုကြသူများမှာမူ ဇာတ် လမ်း၏အဓိက လူကြမ်း များဖြစ်ကြသည်။ ဤစရိုက်ဆိုးတို့ အပေါ်ကိုမူ စာရေးသူက ရှုတ်ချထားသည်ဟု ဆို နိုင်သည်။ ရင်မောင်နှင့် ညိုညိုတို့၏ မေတ္တာ ဇာတ်လမ်းအတွက် အဓိက အနှောင့်အယှက် လည်း ဖြစ်စေခဲ့သည်။ သို့သော် ဘဝတူ အချင်းချင်း သံယော ဇဉ်ဖြင့် ဖေးမကူညီလိုက်သော ကိုစိုးမောင်နှင့် မအေးသွယ်တို့၏ အဖြစ်အပျက် သည်သာ အမှောင်ထုကြားမှ ခပ်မှိန်မှိန် မီးပွင့်ငယ်တစ်ပွင့် ဖြစ်ခဲ့သည်။

ဇာတ်လမ်းအဆုံးကိုမူ စာရေးသူ အဓိက ပစ်မှတ်ထားအဖြစ် ဆိုလိုဟန် တူသော စရိုက်တို့က ရက်စက်စွာ အဆုံးသတ်ပေး ခဲ့သည်။ ဇာတ်သိမ်းပိုင်းမှ ဇာတ်ရှိန် အတက်အကျ များသည် စာဖတ်သူကို အဓိကဆွဲဆောင် ခံစားစေနိုင်ခဲ့သည်။ အခွင့်မဲ့သူတို့ လောကထဲမှ ဇာတ်ကွက်တစ်ကွက် မှာ စာဖတ်သူ၏ စိတ်နှလုံးကို ထိရှ စေခဲ့သည်။

ဤဇာတ်လမ်းကို စာရေးသူ သည် ၁၉၆၅ တွင် ပထမအကြိမ် ရေးသားပြီးစီးပြီး ပုံနှိပ်ဖော်ပြခြင်း မပြုနိုင်ခဲ့ပဲ ၁၉၆၈ တွင် ပြန်လည် ရေးသားကာ ရှုမဝ မဂ္ဂဇင်း တွင် ဖော်ပြခဲ့သည်။ ယခု လုံးချင်းဝတ္ထုကိုမူ ၁၉၇ဝ တွင် တတိယ အကြိမ် ယခင်မူဟောင်းများ နှင့် ပြန်လည်တိုက်ဆိုင်ကာ ချဲ့ထွင် ရေးသား ထုတ်ဝေ ခဲ့သည်။ ပြန်လည် ရေးသားသော်လည်း စိတ်ကူးသစ်များ ချဲ့ထွင်ထားပြီး အတတ်ပညာပိုင်း ပိုမို လာခဲ့သည်ဟု ရှုမဝဦးကျော်၏ အမှာစာတွင် ဆိုထားသည်။

ဇာတ်လမ်းတစ်ပုဒ်လုံးတွင် အဓိ ကဇာတ်လမ်းရိုးစင်းသော်လည်း ခေတ်မြင်ကွင်းကို သရုပ်ဖော်ရာတွင်မူ မိမိရရ ရှိလှသည်။ အမှောင်ကာလ အကြားမှ ရင်မောင်နှင့် ညိုညို၊ ကိုစိုးမောင်နှင့် မအေးသွယ်တို့၏ မေတ္တာတရား တို့မှာ မှိန်ဖျော့သော်လည်း နှစ်သက်ဖွယ် မျှော်လင့်ချက် ဘဝတဏှာ အဖြစ် စွဲငြိစေသည်။ သတိပြုမိသည် မှာ ခေါင်းစဉ် အမည်ပေးထားသော မသိန်းရှင်ဟူသည့် မှောင်ခိုပစ္စည်း လက်ခံသူကို ရုပ်လုံးကြွ ဖန်တီးထားခြင်းမရှိ သည်ကို ဖြစ်သည်။ အခြားဇာတ် ကောင်များမှ တစ်ဆင့်ပြောစကား မဆိုစလောက်တွင်သာ ဤအမည်ကို တွေ့ရသည်။ ဤပျောက် ကွယ်နေသော အမည်ကို ဇာတ်သိမ်းခန်း ရောက်မှသာ ပေါ်လွင်အောင် တွန်းတင် ပေးလိုက်ခြင်းအား စဉ်းစားဖွယ် ဖြစ်စေခဲ့သည်။ မသိန်းရှင်ဆီပို့ပေးပါ သည်ဝတ္ထုအသွင်နှင့် စာဖတ်ပရိသတ် ကြားမှ အခြားသော မသိန်းရှင် များထံ လက်ဆောင် ပါးထားခြင်းဖြစ်မည် ထင်သည်။ သို့သော် ခေတ်တစ်ခု၏ ပုစ္ဆာ တစ်ပုဒ်အား ရဲရဲဝံ့ဝံ့ ပြသလိုက်သော ဂန္ထဝင် ဝတ္ထုကောင်း တစ်ပုဒ်ဖြစ်သည် မှာကား သေချာသည်။

မည်သို့ဆိုစေ ရသစာပေ နှစ်သက်ကြသူတို့၊ မြန်မာစာပေလေ့လာကြသူ တို့၊ နိုင်ဝင်းဆွေ၏ ပရိသတ်တို့နှင့် မျိုးဆက်သစ် လေ့လာသူတို့၏ စာအုပ်စင်တွင် ရှိထိုက်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။ သုံးသပ်သူ အဖို့ ဆိုရသော် ရက်စက်သော မေးခွန်းတစ်ခုဟု ဆိုချင်ပါသည်။

“ဟိုက အမေ ထမင်းစားရဖို့.. ဒီက အမေ့ပစ္စည်းတွေ ဖမ်းရတာနော်။ သူ့အလုပ်မျိုးတော့ ကောင်ကလေး ကြီးလာရင် မလုပ်ခိုင်းတော့ဘူး။ သူသည် အခြားသူများ မကြားနိုင်အောင် ခပ်တိုးတိုး ပြောနေသည်။”(စာ-၇၃)

ဝဏ္ဏလင်း

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*