စီးပွားရေးသတင်း — ကျောက်ဖြူ၊ မတ် ၆၊ ၂ဝ၁၃

ရခိုင်ဒေသ ရေလုပ်ငန်းများအနက် ကျောက်ပုဇွန်လုပ်ငန်းမှာ ပြည်ပဝင်ငွေ အကောင်းဆုံး လုပ်ငန်း ဖြစ်နေကြောင်း ကျောက် ပုဇွန် လုပ်ငန်း အများဆုံး လုပ်ကိုင်နေသော ကျောက်ဖြူ မြို့မှ ရေလုပ်ငန်းရှင် များက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

“အခြား ရေလုပ်ငန်းတွေ ဆိုတာက ပြည်တွင်း ပြည်ပ ဈေးကွက် နှစ်မျိုးလုံးရှိတယ်။ ကျောက်ပုဇွန်ကတော့ ပြည်ပ ဈေးကွက် သီးသန့်တစ်ခုတည်း ရပ်တည်တယ်။ ကျွန်တော်တို့ဆီမှာ ကတော့ ကျောက်ပုဇွန်ကို ဒေါ်လာပုဇွန်လို့တောင် ခေါ်ကြတယ်။ အဲဒီလောက်ကို ပြည်ပ ဝင်ငွေရရှိမှု အားကောင်းတယ်လေ” ဟု ကျောက်ဖြူမြို့မှ ရေလုပ်ငန်းရှင် ဦးကျော်ညွန့် က ပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကျောက်ပုဇွန်ဒိုင် အများဆုံးတွေ့ရပြီး ကျောက်ဖြူ၊ မြေပုံ၊ အမ်းစသည့် မြို့နယ် များမှ ကျောက်ပုဇွန်ဖမ်းသူ များက ကျောက်ဖြူမြို့ရှိ ပုဇွန်ဒိုင် ၁၈ ဒိုင်တွင် လာရောက် ရောင်းချကြသည်။ “ကျောက်ပုဇွန်တွေကို ကျွန်တော်တို့က ကာလာ၊ အစိမ်း၊ ရိုးရိုးဆိုပြီးတော့ သုံးမျိုးခွဲလို့ဝယ်ပါတယ်။ ကာလာ ကတော့ အမြင့်ဆုံးဈေး ရှိတယ်။ လက်ရှိ ပေါက်ဈေးကတော့ ဆယ်သား အထက် တစ်ပိဿာကို လေးသောင်းခွဲဈေး ပေးတယ်” ဟု ကျောက်ပုဇွန် ဝယ်ယူခြင်းနှင့် စပ်လျဉ်းပြီး ဦးကျော်ညွန့်က ရှင်းပြသည်။

ဒိုင်သို့ ရောက်လာသော ကျောက်ပုဇွန်များကို အပူချိန် ၁၈ ဒီဂရီရှိ ရေကန်ငယ်များတွင် ထည့်ထားပြီး ရေကို တစ်နေ့ တစ်ကြိမ် ပုံမှန်လဲပေးရသလို အောက်စီဂျင်ကိုလည်း အမြဲမပြတ် သွင်းပေးထားရသည်။ “သူတို့အတွက် အစာအဖြစ် ပုဇွန်ဆိတ် ကလေးတွေကို ဈေးက ဝယ်ပြီးတော့ တစ်နေ့တစ်ကြိမ် ကျွေးရတယ်။ ကျောက်ပုဇွန် တွေက တစ်ပတ်လောက် အထိ အသက်ရှင်နေနိုင်တဲ့အတွက် အဲဒီ ရက်မတိုင်ခင်မှာ အရောင်းအဝယ် လုပ်ရတယ်။  တစ်ကောင်သေသွားတယ် ဆိုရင် ချက်ချင်းပဲ ကန်ကဆယ်ယူ ဖယ်ထုတ်ပေးရတယ်။ မဟုတ်ရင် ရေက အပုပ်နံ့ ထွက်ပြီးတော့ အခြား ပုဇွန်တွေပါ ပျက်စီးသွားနိုင်လို့ပဲ” ဟု သိုလှောင် ထိန်းသိမ်းပုံ စနစ်နှင့် ပတ်သက်၍ ကျောက်ဖြူ ပုဇွန် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထိုသို့  စုဆောင်းထားသော ကျောက်ပုဇွန်များကို စက္ကူပုံများနှင့် ပါကင်ပြုလုပ်ပြီး ပုံးအလယ်တွင် အအေး ပုလင်း ထည့်လျက် လေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်ကြသည်။ “တစ်ပတ်မှာ ပျမ်းမျှ လေးကြိမ်လောက် ရန်ကုန်ကို ပို့ဖြစ်တယ်။ တစ်ကြိမ် ပို့ရင် ၃ ပုံးကနေ ၁ဝ ပုံးထိ ပုဇွန်ရရင် ရသလို ပို့ပါတယ်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံ မြို့နယ်မှာရှိတဲ့ ပုဇွန်ကန်ကြီးတွေမှာ သူတို့ပေးတဲ့ ဈေးအပေါ် မူတည်ပြီးတော့ ရောင်းကြပါတယ်”ဟု ရန်ကုန်သို့ တင်ပို့ရောင်းချပုံ အကြောင်းကို ပုဇွန်လုပ်ငန်းရှင် နောက်တစ်ဦးဖြစ်သူ ဦးခင်အေးမောင် က ရှင်းပြသည်။

ကျောက်ပုဇွန်ကို တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်နိုင်ငံများသို့ Export ရောင်းချကြပြီး ပြည်ပဈေးကွက် တစ်ခုတည်းကိုသာ အမှီသဟဲ ပြုနေရသည်နှင့် အညီ ဈေး အတက်အကျ မှာလည်း ပြည်ပဈေးကွက်၏ သတ်မှတ် ဈေးနှုန်းကို လိုက်၍ ပြည် တွင်းတွင် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လေ့ရှိကြောင်း မင်္ဂလာဒုံ မြို့နယ်မှ ပုဇွန်ကန်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ရခိုင်ကလာတဲ့ ကျောက် ပုဇွန်တွေက နိုင်ငံခြား ဈေးကွက်မှာ ရောင်းပန်း လှတယ်ဗျ။ ရခိုင် ကျောက်ပုဇွန်ဟာ ဧရာဝတီ ကျောက်ပုဇွန်ထက် အရွယ်အစား ပိုကြီးတယ်။ အရသာလည်း ပိုရှိတယ်။ နောက်ပြီးတော့ ရခိုင်ပုဇွန်က အခြားဒေသတွေထက် အထွက်နှုန်း ပိုကောင်းပြီး ဈေးပိုလည်း ရတယ်” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

ရခိုင်ကျောက်ပုဇွန်မှာ သဘာဝ မြစ်ချောင်းများ၏ ရေအောက်ပေ ၂ဝ ကျော်အနက်ရှိ ကျောက်ဆောင်များ အကြားမှာ နေထိုင်လေ့ရှိပြီး အရှည် ၃၆ လက်မ၊ လုံးပတ် ၂၄ လက်မထိ ရှည်လျားကာ ဇန်နဝါရီလနှင့် ဖေဖော် ဝါရီလများတွင် ကျောက်ပုဇွန် အများဆုံး ဖမ်းယူရရှိနိုင်သည်။ ပုဇွန်သားပေါက်ကာလ ဇွန်လမှ စက်တင်ဘာလ များအတွင်း ဖမ်းဆီးခြင်း မပြုရန် နိုင်ငံတော်အစိုးရက ငါးလုပ်ငန်းဥပဒေ ဖြင့် တားမြစ်ထားသည်။

“နိုင်ငံခြားဝင်ငွေ အများအပြား ရှာပေးနေတဲ့ ကျောက်ပုဇွန်လုပ်ငန်း အောင်မြင်ဖို့ဆိုရင် သဘာဝကပေးတဲ့ ကျောက်ပုဇွန် ကိုချည်းပဲ အားမကိုးဘဲ နိုင်ငံတော် အနေနဲ့ မွေးမြူရေး လုပ်ငန်းပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့လိုမယ်။ နည်း ပညာရော၊ ငွေကြေး စိုက်ထုတ်မှုပိုင်းမှာ ထိထိရောက်ရောက် ကူညီဖို့လိုပါမယ်။ သဘာဝ သားပေါက်တွေ ကို ဆုံးရှုံးစေတဲ့ ကမ်းဝေးငါးဖမ်း သင်္ဘောတွေ ကမ်းနီးဝင်ဆွဲတဲ့ လုပ်ရပ်တွေ ပပျောက်သွားအောင် လုပ်ဖို့ လိုပါမယ်” ဟု လုပ်ငန်းရှင် ဦးကျော်ညွန့် က ကျောက် ပုဇွန်လုပ်ငန်း၏ အနာဂတ်တိုးတက် အောင်မြင်ရေး အတွက် ရှေးရှုပြောဆိုသည်။ ရခိုင်ပြည်နယ်တွင်  ကျောက် ပုဇွန်လုပ်ငန်းကို ၁၉၉ဝ ကျော်ကာလမှ စတင် လုပ်ကိုင်ခဲ့ကြပြီး ယခုအခါ ကျောက်ပုဇွန် လုပ်ငန်းရှင် ၃ဝ ခန့် ရှိနေပြီး ကျောက်ပုဇွန်ဖမ်း ရေလုပ်သားမှာ ရာနှင့်ချီလျက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

ဈေးကွက်ဝင် ရခိုင် ကျောက်ပုစွန်

ဈေးကွက်ဝင် ရခိုင် ကျောက်ပုစွန်

 

အခြား ကျောက်ပုစွန်များထက် ဈေးကွက်မျက်နှာပန်း လှသည့် ရခိုင်ကျောက်ပုစွန်

အခြား ကျောက်ပုစွန်များထက် ဈေးကွက်မျက်နှာပန်း လှသည့် ရခိုင်ကျောက်ပုစွန်

ဝ၇၄

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*