လူမှုရေးသတင်း — ရန်ကုန်၊ သြဂုတ် ၂၅၊ ၂ဝ၁၂

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ဘဏ်များအသင်းတွင် ယနေ့နံနက် ၁ဝ နာရီမှ နေ့လယ် ၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့သော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် လုပ်ငန်းကော်မတီ ၈ ခုကို ထပ်မံ ဖွဲ့စည်းလိုက်ကြောင်း ပြန်ကြားရေး အဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသား ဦးကိုကိုကြီး ထံမှ သိရသည်။

အဆိုပါ လုပ်ငန်းကော်မတီ ၈ ခု တွင် အခြေခံ အကြောင်းအရင်းများကို ရှာဖွေသည့် ကော်မတီ၊ သေကြေပျက် စီးမှု ပမာဏကိုအတည်ပြုသော စုံစမ်း စစ်ဆေးရေးကော်မတီ၊ ငြိမ်းချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေး ပြန်လည် ရရှိရေး စုံစမ်းစစ်ဆေးသော ကော်မတီ၊ ပြန်လည် နေရာချထားရေးနှင့် ပတ်သက်သော နည်းလမ်းရှာဖွေရေး ကော်မတီ၊ ပြန်လည် သင့်မြတ်ရေး အတွက် ရေတို၊ ရေရှည် နည်းဗျူဟာများဖြင့် ပြန်လည် လုပ်ဆောင်ရေး ကော်မတီ၊ မတူကွဲပြားသော ဘာသာရေးနှင့် လူမှုရေး အဖွဲ့အစည်းများ အပြန်အလှန် နားလည်မှုနှင့် ငြိမ်းချမ်း စွာ ယှဉ်တွဲနေထိုင်မှု တိုးမြှင့်ရေး ကော်မတီ၊ တရားဥပဒေ စိုးမိုးရေး တိုးမြှင့်ရန် အကြံပြုကော်မတီနှင့် လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီတို့ ပါဝင်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် လုပ်ငန်း ကော်မတီ ၈ ခု ဖွဲ့စည်းခြင်းအပြင် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါက်တာကျော်ရင်လှိုင်ကို အတည်ပြု ရွေးချယ်လိုက်ကြောင်း ဦးကိုကိုကြီးက ဆက်လက် ပြောကြားသည်။ ထို့ပြင် ယင်းကော်မရှင်၏ ပြန်ကြားရေး တာဝန်ကို အနုပညာရှင် ဦးသူရ(ခ) ဇာဂနာ၊ စာရေးဆရာ ဦးစိုးသိန်း(ခ) မောင်ဝံသ၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီးတို့ကို ရွေးချယ်လိုက်သည်။

ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့အနေဖြင့် မည်သို့ ဆက်လက်လှုပ်ရှားမည့် အကြောင်းကို မြန်မာ အင်ဒီပဲန်ဒင့်က မေးမြန်းရာ ယင်းကော်မရှင်၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးကိုကိုကြီးက “ကျွန်တော်တို့ ဒီကော်မရှင်ကို သီးခြားလွတ်လပ်တဲ့  ကော်မရှင်ဖြစ်ဖို့ပဲ အဓိကထားတယ်” ဟု ပြောကြားသည်။

အဆိုပါ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့် လာမည့် စက်တာဘာလတွင် ရခိုင်သို့ လေ့လာ ရေးခရီး ထွက်မည် ဖြစ်သည်။ ဆက်လက်၍လည်း ယင်းကော်မရှင် အနေဖြင့် အစီရင်ခံစာများ၊ အချက် အလက်များကို ပြည်တွင်း ပြည်ပများရှိ စာကြည့်တိုက်များ၊ သတင်းဌာနများ၊ အမှန်တကယ် ဖြစ်ပွားခဲ့သော ဒေသများမှ ကိုယ်တွေ့ အချက်အလက်များကို စုဆောင်းသွားကြမည် ဖြစ်သည်။

ယင်း ကော်မရှင် အဖွဲ့ဝင်များ၏ တွေ့ဆုံ ဆွေးနွေးမှု ရလဒ်များကိုလည်း မကြာမီ တရားဝင် သတင်းထုတ်ပြန် ပေးသွားမည် ဟုလည်း ဆိုပါသည်။ အခါအားလျော်စွာလည်း သတင်းများ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ သတင်း အချက်အလက်များ ပို့ချင်လျှင် သော်လည်းကောင်း၊ သတင်းများ ရယူချင်လျှင်သော် လည်းကောင်း rcir.information@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဝဝ၇၊ ဝဝ၈

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*