ပြည်တွင်းသတင်း — ဩဂုတ် ၃၁၊ ၂ဝ၁၂

၂ဝ၁၂ ခုနှစ်၊ မေလတွင် စတင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၏ အဖြစ်အပျက်များအား စုံစမ်း စစ်ဆေးရန် အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုကို ဩဂုတ် ၁၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများ မှတစ်ဆင့် နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၅၈/၂ဝ၁၂ ဖြင့် အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များအား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရမည် ဖြစ်ပြီး တွေ့ရှိချက် များအား နိုင်ငံတော် သမ္မတထံသို့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် တိုက်ရိုက် အစီရင်ခံ တင်ပြရမည် ဖြစ်သည်။ ယင်းအဖွဲ့ဝင်များမှ တွေ့ဆုံဆွေးနွေးခြင်း ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ကော်မတီ ၈ ခု ဖွဲ့စည်းကာ အဆိုပါ ကော်မရှင်၏ ပြောရေး ဆိုခွင့်ရှိသူအဖြစ် ဒေါက်တာ ကျော်ရင်လှိုင်၊ ပြန်ကြားရေး အဖွဲ့ဝင်များ အဖြစ် စာရေးဆရာ ဦးစိုးသိမ်း(ခ) မောင်ဝံသ၊ အနုပညာရှင် ဦးသူရ(ခ) ဦးဇာဂနာနှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီးတို့အား ရွေးချယ် ထားပြီး ဖြစ်သည်။ အဆိုပါ အဖွဲ့ဝင်များမှ အဖွဲ့ဝင် တချို့နှင့် မြန်မာအင်ဒီပဲန်ဒင့်တို့ တွေ့ဆုံ မေးမြန်းမှု များကို ဖော်ပြ လိုက်ပါသည်။

ဒေါက်တာ ကျော်ရင်လှိုင် (Myanmar Egress)

ကျွန်တော်တို့ရဲ့ ကော်မရှင်ကို လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့အတွက် လွတ်လွတ်လပ်လပ် လုပ်ဖို့က အဓိက ပဲ။ ဘာမှ ပြင်ဆင်ထားစရာ မလိုပါဘူး။ ပြင်ဆင်ဖို့ မလိုဘူး ဆိုတာက ကျွန်တော်တို့ အလုပ် လုပ်တဲ့အခါမှာ ဘယ်လို လုပ်မယ် ဆိုတာကိုပဲ အာရုံစိုက်ထားတယ်။ ဒီကော်မရှင်ထဲမှာ ပါပြီး လုပ်မယ့်သူတွေ အားလုံး ကလည်း  ပရော်ဖက်ရှင်နယ် တွေပဲ၊ အခုမှလာပြီး လုပ်တဲ့လူတွေ မဟုတ်ဘူး။ ဒီရခိုင် အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး သုတေသန လုပ်ထားတဲ့သူတွေ အများကြီး ပါတယ်။ ကော်မရှင်ထဲမှာ လူဦးရေတိုးဖို့ မတိုးဖို့ကတော့ လိုအပ်သလိုပါပဲ။ လောလောဆယ် ကတော့ ရှေ့ကို ကော်မရှင် အနေနဲ့ ဘယ်လိုသွားမလဲ ဘာတွေ လုပ်မလဲ ဆိုတာကို ပိုပြီး ဆွေးနွေးနေပါတယ်။ အခု လောလောဆယ် အချက်အလက်တွေကို စုဆောင်းပြီး အာခိုက် Archive တစ်ခု လုပ်နေပါတယ်။ ကျွန်တော်တို့ ဒီကော်မရှင်ရဲ့ အဓိက အလုပ်က အစီရင်ခံစာ ရေးဖို့ပါ။ အဲလိုရေးနိုင်ဖို့ အထူးသဖြင့် အင်္ဂလန်မှာရှိတဲ့ စာကြည့်တိုက် တချို့က အချက်အလက် တွေ စာအုပ်တွေကို စုဆောင်းတယ်။ တကယ်ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသကိုလည်း သွားမယ်။ မေးမြန်းတာတွေ၊ လေ့လာတာတွေ လုပ်မယ်။

စက်တင်ဘာ ပထမပတ်ထဲမှာ ကော်မရှင်အဖွဲ့ဝင်တွေ ရခိုင်သွားဖို့ စီစဉ်နေတယ်။  ကော်မရှင် အဖွဲ့ဝင်တွေ အပြင် သုတေသန လေ့လာရေး လုပ်တဲ့နေရာမှာ ကျွမ်းကျင်နေတဲ့လူ တွေကိုလည်း ခေါ်သွားမယ်။ အဲဒီလူတွေကလည်း ကျွန်တော်နဲ့အတူ သုတေသနတွေ တွဲလုပ်ဖူးတဲ့ လူငယ်တွေပါပဲ။ သူတို့တွေကို အခုသေသေချာချာ Training ပေးနေပါ တယ်။ အခုအားလုံး အယောက် ၃ဝ လောက်ရှိတယ်။ အားလုံးက လုပ်အားပေးအနေနဲ့လုပ်ပေးတာပါ။ အဲဒီသုတေသန လူငယ်လေးတွေထဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါတယ်။ ကျွန်တော်တို့ ဒီကော်မရှင်အတွက် ဘတ်ဂျက်ကို သမ္မတရုံးက ပေးမှာပါ။ ကော်မရှင်ရဲ့ ပထမဆုံး ကွင်းဆင်းခရီးကို တကယ်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် အတွင်းက ဒေသတွေ အကုန်လုံးကို ရောက်အောင် သွားဖို့ စီစဉ်ထား ပါတယ်။ ခရီးစဉ်က တစ်ပတ်ကျော်လောက် ကြာမှာပါ။ အဲဒီခရီးကနေ ရလာတဲ့ အချက်အလက်တွေနဲ့ အစီရင်ခံစာ ရေးကြမယ်။ လိုအပ်သလို နောက်ထပ် ခရီးစဉ်တွေ၊ လေ့လာရေးတွေ ထပ်လုပ်မှာပါ။

ဦးကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ပြန်ကြားရေး တာဝန်ခံ ၃ ဦးအနက် ၁ ဦး)

ဒါက အမျိုးသားရေး ကိစ္စပဲ။ ရခိုင်အရေး သက်သက် မဟုတ်ဘူး။ ဒီကိစ္စကြီးက အရမ်းကျယ်ပြန့်တဲ့ အခါကျ တော့ အဖွဲ့အစည်း ပေါင်းစုံ ပါဝင်တဲ့ ကျယ်ကျယ်ပြန့်ပြန့် ကော်မရှင်မျိုး ဖြစ်သင့်တာ အမှန်ပါပဲ။ ဒါကြောင့်မို့လို့လည်း ဒါကို ကျွန်တော်တို့ လက်ခံလိုက်တာပါ။ ပထမပိုင်းကတော့ သူတို့ ပြည်ထဲရေးက ဖွဲ့တဲ့ ကော်မရှင် ရှိတယ်။ အခု ဒီကော်မရှင်ကျတော့ ပထမဆုံးဖွဲ့တဲ့ လွတ်လပ်တဲ့ ကော်မရှင်ပေါ့။ လက်ရှိကော်မရှင် အဖွဲ့ဝင်တွေ ကနေပြီးတော့ လိုအပ်တဲ့ အကူအညီ တောင်းတာတွေ၊ ဆက်သွယ် ဆောင်ရွက်တာတွေ အားလုံး လုပ်ခွင့် ရှိပါတယ်။ လောလောဆယ် ကတော့ ကော်မရှင် ဖွဲ့စည်းတာက အမိန့် ကြော်ငြာစာနဲ့ ကော်မရှင် အဖွဲ့ဝင် ဘယ်သူ ဆိုပြီး ဖွဲ့စည်းထားတာ ဆိုတော့ တကယ်လို့ ထပ်ပြီး တိုးချဲ့ဖို့၊ ပြုပြင်ဖို့ လိုအပ်တယ် ဆိုရင်တော့လည်း ထပ်ပြီး တင်ပြရမှာပေါ့။ ကျွန်တော်မြင်တာကတော့ အခုဘာသာရေး ခေါင်းဆောင်တွေ ပါတယ်။ ရခိုင်ပါတီဝင်တွေ ပါတယ်။ အခြား တိုင်းရင်းသား အဖွဲ့အစည်းတွေလည်း ပါတယ်။ လူမှုရေး အဖွဲ့အစည်း တွေလည်း ပါတယ်။ ဒါကြောင့် ကဏ္ဍစုံအောင် စဉ်းစားပြီး ရွေးချယ်ထားတယ် ထင်ပါတယ်။ အဓိက ကတော့ ကော်မရှင်က သီးခြားလွတ်လပ်တဲ့ ကော်မရှင် ဖြစ်ဖို့ပဲ ကျွန်တော်တို့က အဓိကထားပြီး ပြောတယ်။

ဦးသူရ(ဇာဂနာ) အနုပညာရှင်

ကိုယ့်နိုင်ငံရဲ့ ပြဿနာလည်း ပြဿနာဆိုတော့ ဒီလိုပြဿနာ တစ်ခုတည်းမှာ တာဝန်ယူသင့်တဲ့ ကိစ္စမှာ တာဝန်ယူဖို့ ပါရတယ်ဆိုတော့ အခုဟာလည်း ကိုယ့်တိုင်းပြည်အတွက် အင်မတန် အရေးကြီးနေတဲ့ ကိစ္စကိုမှ ကျွန်တော်တို့ ဘာမှဝင်ပြီး မလုပ်နိုင်ဘူးဆိုရင် တာဝန်မကျေရာလည်း ကျတယ်။ နောက်တော့ ဒီပြဿနာက ခဏလေးနဲ့ ပြီးသွားမယ့် ပြဿနာလည်း မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ ဒီပြဿနာတော်တော်လေး  သိမ်လည်း သိမ်မွေ့သလို ခက်လည်း ခက်ခဲတယ်။ ပြီးတော့ မနေ့တစ်နေ့ကဖြစ်တဲ့ ပြဿနာလည်း မဟုတ်ဘဲနဲ့ ရက်ကာလ ရှည်ကြာ နှစ်ပေါင်းများစွာ ဖြစ်တဲ့ ပြဿနာကို လူတွေ အကုန်လုံး မြင်နေကြတဲ့အမြင်က အဲဒီလိုမျိုး အရင်းအမြစ်က ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း များစွာထဲက ဖြစ်လာတဲ့ ပြဿနာ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ကတော့ အဲဒီပြဿနာတွေကို နောက်ထပ်လည်း ထပ်မဖြစ်အောင် ဒါကို နမူနာ အဖြစ်နဲ့ယူပြီးတော့ ဗမာတစ်နိုင်ငံလုံးမှာလည်း ဒီလို အဖြစ်အပျက်မျိုးတွေ ဘယ်နေရာမှာမဆို မဖြစ်အောင် ဘာသာတူတူ မတူတူ လူမျိုးတူတူ မတူတူ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲပြီး နေထိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိတယ်။ အမှားမခံဘူး။ ဒါကြောင့် ဒီပြဿနာက သိမ်လည်း သိမ်မွေ့တယ်။ ခက်လည်း ခက်ခဲတယ်။ ဒါကြောင့် ဒီကိစ္စပဲ ခေါင်းထဲ ထည့်နေရပါတယ်။

ဒေါ်ဝါဝါထွန်း (အဖွဲ့ဝင်၊ မြန်မာ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်းဥက္ကဋ္ဌ)

ဒီကော်မရှင်ထဲမှာ အစိုးရ မပါဘူး။ မြို့ပြက လူ့အဖွဲ့အစည်းက လူတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပေါင်းပြီး ဖွဲ့ကြတာ။ လွတ်လပ်ရေး ရပြီးကတည်းက စုံစမ်းရေး ကော်မရှင်က လွတ်လွတ်လပ်လပ် အရပ်သား တွေနဲ့ မဖွဲ့ဘူးလေ။ ဒါပထမဆုံး ဖွဲ့တာပါ။ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ လူတွေနဲ့ ဖွဲ့စည်းတဲ့ အစဉ်အလာလေးလည်း ဖြစ်သွားတာပေါ့။ ဒီတစ်ကြိမ်သွားရင် အရင်တုန်းက မရောက်ဖြစ်သေးတဲ့ နေရာတွေအထိ သွားချင်တယ်။ အခုက သူတို့ လွှတ်တဲ့နေရာကို သွားရမှာ မဟုတ်ဘူး။ ကျွန်မတို့ သွားချင်တယ် ဆိုတဲ့ နေရာကို သူတို့က ပံ့ပိုးပေးမှာ။ အဓိက ကတော့ အမျိုးသမီး ကဏ္ဍ ပြန်လည် ထူထောင်ရေး ကိစ္စတွေမှာ ခွဲခြား ဆက်ဆံတာတွေ အတွက်လည်း မှန်မှန် ကန်ကန် ဖြစ်အောင် ဆောင်ရွက်ရ မှာပေါ့။ နိုင်ငံတကာက လာကမ်းလှမ်းထားတာတွေ၊ ဝိုင်းပြီးကူပေးမယ် ဆိုတာတွေလည်း ရှိပါတယ်။ တို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်မယ့်အချိန် တစ်ကမ္ဘာလုံးက မြန်မာကို ဒီမိုကရေစီ ပြောင်းလဲတဲ့ နေရာမှာ သွေးထွက်သံယို မရှိဘဲ ညင်ညင်သာသာ ပြောင်းလဲတဲ့နေရာမှာ စံပါပဲပါလို့ ပြောပြီး နမူနာ ယူရမယ့် အချိန်မှာမှ ဒီလိုတွေ ဖြစ်အောင် အချိန်ကိုက် လုပ်တော့ ဒါကို အမျိုးသားရေး အနေနဲ့ စီမံရမှာပဲ။

အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့် အညီ စုံစမ်း စစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခံခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့် ရှိသည်။ ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး၊ စုံစမ်း စစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက် နှင့်တကွ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက် အရောက် တိုက်ရိုက် အစီရင်ခံ တင်ပြရမည် ဖြစ်ပါသည်။

ဝဝ၃၊ ဝဝ၅၊ ဝဝ၇၊ ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*