တိုင်းရင်းသားသတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇၊ ၂ဝ၁၃

ရခိုင်ပြည်နယ်တွင် နေထိုင်ကြ သော လူမျိုးစုများဖြစ်သည့် ရခိုင်၊ ကမန်၊ မရမာကြီးတို့အကြား နားလည်မှု တချို့လွဲမှားနေမှု များကို ညှိနှိုင်းရန် ၈၈ မျိုးဆက် ကျောင်းသားများရုံးတွင် ဖေဖော်ဝါရီ ၁၇ ရက်က စီစဉ် ခဲ့ပြီး ယင်းဆွေးနွေးမှုမှရသည့် အချက်အလက်များ လက်တွေ့လုပ် ဆောင်နိုင်သည်များကို ဆက်လက် အကောင် အထည်ဖော်သွားမည်ဟု သိရှိရသည်။

အဆိုပါဆွေးနွေးပွဲ၏ အဓိက အကြောင်းရင်းနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးက “ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစုတွေ ကို တတ်နိုင်သလောက် စုံအောင် စုထားတယ်။ ပြီးတော့ သူတို့အချင်း ချင်းကြားက နားလည်မှု လွဲနေတာတွေ ကို ဆွေးနွေးကြတယ်။ ပြီးရင် ရခိုင်မှာ ပြန်တည်ငြိမ်လာပြီဆိုရင် ပုံမှန် အခြေအနေတွေ အထိ ပြန်ပေါင်းစည်းနိုင်ဖို့ လုပ်မယ်” ဟု ဆိုသည်။

ယင်းဆွေးနွေးပွဲသို့ ကမန်အမျိုးသား တိုးတက်ရေး ပါတီ၊ ရခိုင် တိုင်းရင်းသား တိုးတက်ရေးပါတီ၊ ရခိုင် အမျိုးသား ဒီမိုကရေစီ ပါတီ၊ ကမန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရမ်း ဗြဲအင်း၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့၊ ရခိုင်သဟာရ အသင်း၊ ရခိုင် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တချို့၊ မရမာကြီးအချို့နှင့် အစ္စလာမ် ဘာသာဝင် တစ်ဦးတို့ တက်ရောက်ဆွေးနွေးကြ သည်။

ကမန်အမျိုးသား တိုးတက်ရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ယခုပြုလုပ်သော တွေ့ ဆုံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး “ကျွန်တော် တို့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူမျိုးစု တွေရဲ့ မိသားစုပုံစံက နည်းနည်း ပျက်ယွင်းနေတယ်။ ဒါကို ပြန်တည် ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပွင့်ပွင့်လင်းလင်း လည်း ဆွေးနွေးခဲ့ ကြတယ်။ ရခိုင်မျိုးနွယ်စုတွေရဲ့ သမိုင်း ကြောင်း မကြာခင်မှာ ပြန်လည် တည်ဆောက်လာနိုင်မှာပါ”ဟု သုံးသပ် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်၊ မြို၊ ကမန်၊ မရမာကြီး၊ သက်၊ ခမီး စသည့် မျိုးနွယ်စုများနေထိုင်ကြောင်း သိရသည်။ အဆိုပါ မျိုးနွယ်စုများ တွင် တချို့မှာ ပျောက်ကွယ် လုနီးပါး ဖြစ်နေပြီး ယင်းတို့၏ ယဉ်ကျေးမှု ဓလေ့များမှာ နိုင်ငံအတွက် တန်ဖိုး ကြီးကြောင်း၊ ထို့ကြောင့် ယင်းမျိုး နွယ်စုငယ်များကို အခြားလူဦးရေများ သော မျိုးနွယ်စု များက ဖုံးလွှမ်း မသွားစေရန် အာရုံစိုက်သင့်ကြောင်း သမိုင်း ပညာရှင်တို့က သုံးသပ်ကြသည်။

ရခိုင်ပြည်နယ်တွင် ကမန်လူမျိုး ၂ သောင်းကျော်ရှိကြောင်း သိရသည်။ မရမာကြီး လူမျိုးမှာ အရေအတွက် အလွန် နည်းပါးပြီး ရခိုင် လူမျိုးများမှာ အရေအတွက် အများ ဆုံးဖြစ်ကြောင်း သိရသည်။

“မရမာကြီးတွေက ရခိုင်ပြည်နယ်မှာ သူတို့အပေါ် နားလည်မှုလွဲတာ ခံရလို့ ရန်ကုန်ကို ထွက်ပြေးလာတာမျိုးတွေ ရှိတယ်လို့ ပြောတယ်။ ဒါတွေကို အဖြစ်မှန်တွေ ပေါ်လာအောင် လုပ်ပေးဖို့ ပြောတယ်” ဟု ရခိုင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။ ရခိုင်ပြည်နယ် မှ ရန်ကုန်သို့ ထွက်ပြေးလာသော မရမာကြီး ၂၃ ဦးရှိကြောင်း သိရသည်။

အဆိုပါဆွေးနွေး ညှိနှိုင်းပွဲသို့ တက်ရောက် လာသော အစ္စလာမ် ဘာသာဝင်တစ်ဦး၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးက “နိုင်ငံရေးရှုထောင့်က ကြည့်ရင် လူမျိုးဘာသာ မရွေး နိုင်ငံသားတိုင်း အားလုံးတန်းတူညီမျှ ရှိရမယ်ဆိုတာ ရှိတယ်။ သူတို့ က ပြောတာတော့ ဘာသာရေးကို ပဋိပက္ခ ပုံစံမျိုး မပြုမိအောင် သူတို့ ကိုယ်၌ကလည်း ဒါကို မလုပ်မိအောင်ပေါ့ ပြောတယ်။ အစ္စလာမ် ဘာသာဝင်တွေလည်း ပူးပေါင်းဆောင်ရွက်ရ မယ့်ကိစ္စတွေ ရှိလာတာ ကို ပြောဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များကို တစ်ထိုင်တည်း  ဖြေရှင်း၍မရနိုင်ကြောင်း၊  တဖြည်းဖြည်း ချင်း ဖြေရှင်း ပါက ရနိုင်ကြောင်း တို့ကို တက်ရောက်လာသူ တို့က သုံးသပ် ကြသည်။

ထိုသို့ ရခိုင်ပြည်နယ်၏ အရေးကိစ္စများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ဒေသခံ အဖွဲ့အစည်းများ စုပေါင်းကာ ထပ်မံ ဆွေးနွေးမှုများလည်း ပြုလုပ်သွားမည်ဟု သိရသည်။

ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*