ခေါင်းကြီးသတင်း — ရန်ကုန်၊ ဒီဇင်ဘာ ၂၅၊ ၂ဝ၁၂
ရွှေတိဂုံ စေတီပေါ်တွင် နားနေသည့် ဟိမဝန္တာလင်းတ အချို့

ရွှေတိဂုံ စေတီပေါ်တွင် နားနေသည့် ဟိမဝန္တာလင်းတ အချို့

ရွှေတိဂုံ စေတီပေါ်တွင် နားနေသည့် ဟိမဝန္တာလင်းတ အချို့

ရွှေတိဂုံ စေတီပေါ်တွင် နားနေသည့် ဟိမဝန္တာလင်းတ အချို့

“လင်းတကိုမြင်လို့ လင်းတလို့ မပြောရဘူးဆို ကျွန်တော်တို့  မပြောဘူး။ ဒါပေမယ့် အခြားသတ္တဝါလို့ နာမည် ပေးဖို့ကတော့ ကျွန်တော်တို့က ခက်တယ်”ဟု မြန်မာနိုင်ငံ ငှက်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ ဒုဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က ဒီဇင်ဘာ ၂၄ ရက် တွင် မြန်မာအင်ဒီပဲန်ဒင့်သို့ပြောကာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆောင်းရာသီတွင် ဟိမဝန္တာလင်းတ လာရောက်ခြင်းမှာ အဆန်းတကြယ် မဟုတ်ကြောင်း အဆိုပါ ဒုဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ယခုလ ၂၃ ရက် ညနေတွင် မြန်မာနိုင်ငံသားများ အထွတ်အမြတ် ထားရာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်ကြီးပေါ်တွင် လင်းတငှက် ၆ ကောင် လာရောက် နားခိုမှုဖြစ်ပွားခဲ့သည်။ ထိုအချင်းအရာနှင့်စပ်လျဉ်း၍ ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် များပါ လာရောက် လေ့လာ ခဲ့ကြသည်။

စေတီတော်ကြီးပေါ် လာရောက် နားခိုသည့် လင်းတသည် ဟိမဝန္တာ လင်းတဖြစ်ကြောင်း၊ ယင်းတို့သည် မြန် မာနိုင်ငံ မြောက်ပိုင်းဒေသ ဟိမဝန္တာ တောင်တန်းဒေသ များဖြစ်သည့် နီပေါ၊ ဘူတန်၊ ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ်၊ တိဘက်၊ မွန်ဂိုလီးယား၊ တရုတ် စသည့် နိုင်ငံများမှ ငှက်များဖြစ်ကြပြီး ဆောင်းရာသီတွင် ယင်းတို့ နေထိုင်ရာ ဒေသတွင် အအေးဓာတ် လွန်ကဲလာခြင်း၊ အလင်းရောင်ရရှိမှု နည်းပါးလာခြင်း၊ အစာရေစာ ရှားပါးလာခြင်း တို့ကြောင့် ပူနွေးသော ရာသီဥတု ရှိသည့် တောင်ပိုင်း၊ အီကွေတာအရပ် များသို့ ထွက်ခွာလေ့ ရှိကြောင်းကို အဆိုပါ ဒုဥက္ကဋ္ဌဒေါက်တာသိန်းအောင် က “သူတို့က အသေကောင်စားတဲ့ အကောင်တွေ ဆိုတော့ အသေကောင် တွေ့မယ့် နေရာတွေကို လာတာပေါ့” ဟုပြောသည်။

ရွှေတိဂုံ စေတီတော်ကြီးပေါ်သို့ လာရောက်နားခိုကြသည့် လင်းတများအပြင် လွန်ခဲ့သော ၅ ရက်ခန့် ကပင် ဧရာဝတီတိုင်း ဒေသကြီးတွင် လင်းတငှက်များ လာရောက်သည်ဟု သိရကြောင်း၊ ထို့အပြင် ယမန်နေ့က ပင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ တစ်ဖက်ကမ်းရှိရွာတွင် လင်းတ လာရောက်သည်(လင်းတကျ သည်) ဟု သိရကြောင်း၊ အများစု မှာ ဟိမဝန္တာ လင်းတများသာဖြစ် ကြောင်း အဆိုပါ ဒေါက်တာ သိန်းအောင်က ဆိုသည်။

ရန်ကုန်မြို့သို့ ဟိမဝန္တာလင်းတ လာရောက်မှုနှင့် စပ်လျဉ်း၍လည်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဒုဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က “လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတော့ ရွှေဂုံတိုင် တယ်လီဖုန်း တာဝါတိုင်မှာ လာနားသွားသေးတယ်။ အခုပဲ ဒီဘုရားမှာ လာနားတာ။ လင်းတ ဆိုတာက ငှက် အကြီးစားကြီးဖြစ် တဲ့အတွက်ကြောင့် တောရုံတန်ရုံ သစ်ပင်မှာမနားဘူး။ သစ်ကြီး ဝါးကြီးတွေမှာပဲ နားတတ် တယ်။ မြင့်တဲ့ အဆောက်အဦတွေမှာပဲ နားတတ်တယ်။ လူတွေနေတဲ့ အဆောက်အဦတွေမှာ တော်ရုံတန်ရုံ နားခဲတယ်။ လူတွေနေတဲ့ နေရာနဲ့ ဝေးတဲ့နေရာတွေမှာ နားလေ့နားထ ရှိတယ်။ ဒါကတော့ သူ့ရဲ့သဘာဝပါ။ တချို့ကလည်း ငှက်ကြီးပေါ့၊ တချို့ကလည်း လင်းတနားတာကို မကြိုက်ကြဘူးပေါ့။ ဒါပေမယ့်ကျွန် တော်တို့ အမြင်ကတော့ လင်းတသည် ဘယ်သက်ရှိကိုမှ ဒုက္ခမပေးဘူး။ သူ အသားစားတာမှန်တယ်။ ဒါပေမယ့် သေမှစားတာ။  ဘယ်အသက်ကိုမှ ဘယ်သတ္တဝါကိုမှ ဖမ်းယူပြီးတော့ မစားသုံးဘူး”ဟု ဆိုကာ “လင်းတ က နိမိတ်ကောင်းတယ် မကောင်းဘူး ဆိုတာကတော့ လူမျိုးဘာသာ နိုင်ငံ အပေါ်မူတည်တယ်။ တိတိကျကျ မကောင်းဘူးဆိုရင် မကောင်းတဲ့ အထောက်အထားကို သတ်သတ် မှတ်မှတ်လေး ယူထားပြီးတော့ ဒီလို ဟာမျိုး ဒီလိုဖြစ်တတ်တယ်လို့ ပြောနိုင်ရမယ်။ ကျွန်တော်ကတော့ ကောင်းတဲ့ ဘုရားကိုလာတာ ကောင်း တဲ့နိမိတ်ပဲလို့ ကျွန်တော်ကတော့ မှတ်ယူပါတယ်။ လက်ခံတယ် မခံတယ်တော့ မသိဘူး။ မနေ့တစ်နေ့က မှ ကျွန်တော်တို့တွေ ၂၁ ရက် ကမ္ဘာ ပျက်မယ်လို့ အိပ်မက်တွေ မက်ခဲ့ကြသေးတယ်လေ” ဟု ယင်း၏ အမြင် ကို ပွင့်လင်းစွာ ပြောသည်။

အဆိုပါ လင်းတလာရောက်ခြင်း နှင့် စပ်လျဉ်း၍ ရွှေတိဂုံစေတီတော် တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်း အများစုမှ ရွှေဟင်္သာဟု ခေါ်ဝေါ် သုံးစွဲနေခြင်းနှင့် စပ်လျဉ်း၍ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသိန်းလင်း ကို မြန်မာ အင်ဒီပဲန်ဒင့်က မေးမြန်းရာ အတိတ်နိမိတ်ကောင်း များရရှိရန် အတွက် ခေါ်ဝေါ်ခြင်းဖြစ် ကြောင်း၊ မည်သည့် ဝန်ထမ်းကိုမှ အတင်းအကျပ် ထိုသို့ခေါ်စေရန် ပြောဆိုခြင်း မျိုးမရှိကြောင်းဖြေကြားသည်။ သို့ သော် လင်းတကို လင်းတဟု ခေါ်ဆို ခြင်း အစား နိမိတ်ကောင်း များ ရရှိရန်အတွက် ရွှေဟင်္သာဟု လည်းကောင်း၊ ရွှေလင်းတဟု ဖြစ်စေ သုံးနှုန်းသင့် ကြောင်း အဆိုပါ ဂေါပက အဖွဲ့ဝင်၏ ပြောကြားချက် များအရ သိရသည်။

ယခုလ ၂၄ ရက်တွင် ဧရာ ဝတီတိုင်းဒေသကြီးအတွင်းမှ ရွှေတိဂုံ ဘုရားလာရောက်ဖူးမြော်သူ အသက် ၇၇ နှစ် အရွယ် အဖိုးအိုကလည်း “ဟိုတုန်းက လာတာကိုတော့ ကြားတော့ ကြားမိတယ်။ ဒီလို မျက်ဝါး ထင်ထင် မမြင်ခဲ့ရဘူး။ ဘုရားလာဖူးတဲ့သူတွေ ကတော့ ကောင်းတဲ့ ဘက်ကိုပဲ ယူကြတာပေါ့။ သူလည်း သတ္တဝါတစ်ခု ပဲလေ” ဟု သူ၏ အမြင်ကို မြန်မာအင်ဒီပဲန်ဒင့်သို့ပြော သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာအင်ဒီပဲန်ဒင့်၊  ဝေဒအသံကဏ္ဍတွင် ဆောင်းပါးရေး သားပေးလျက်ရှိသော ဆရာဝဏ္ဏက “အခုဖြစ်တဲ့ အဖြစ် အပျက်အရ သာသနာရေးနဲ့ပတ်သတ် တဲ့ အခက်အခဲတွေ၊ ရှင်းလင်းရမယ့် ပြဿနာတွေ မကြာမတင် ၆ ရက် အတွင်းဖြစ်စေ၊ ၆ ပတ်အတွင်းဖြစ် စေ ကာလ အတွင်း ပြေလည်မှုများရရှိ နိုင်မယ်။ သာသနာတော်မှာ ထူးခြားတဲ့ အစီအစဉ်ကြီးတစ်ခုဖြစ်ပေါ်လာ နိုင်သလို ပြည်သူများအတွက် ပိုမို အကျိုးပြုမယ့် သာသနာတော် ဖြစ်လာနိုင်ပါတယ်” ဟု သုံးသပ်သည်။

အယူတော်မင်္ဂလာ လျှောက်ထုံး ကျမ်းအလာအရ ရွှေနန်းတော် စနု ဆောင်တော်၌ လင်းတနားသည့် နိမိတ်ကောက် အခန်းတွင် ဘဝရှင် မင်းတရားကြီး၏ ရွှေနန်းတော် အရှေ့ စနုဆောင်မှာ လင်းတနားနေတာကို အကြောင်းပြုပြီး နေမျိုးလေခပျံချီ ဘွဲ့ရ အယူတော်မင်္ဂလာ ဦးနိုးကို မေးမြန်းရာ လင်းတငှက်နားခြင်း ဖြစ်ပြီး လင်းသည် ဗုဒ္ဓဟူးနံ(လေး)၊ တ သည်စနေနံ(ခုနစ်) နှစ်ရပ်ပေါင်း တစ်ဆယ့်တစ်ဖြစ်ကြောင်း၊ လင်းတဟူ သော မြန်မာဝေါဟာရ မှာ ပြောင်းရွှေ့ တတ်သော  သဘောရှိပြီး တစ်ဆယ့် တစ်ရက် အကြာတွင် အတိတ်နိမိတ် ကောင်းများဖြင့် ပြောင်းလဲမည့် နိမိတ် ဖြစ်ကြောင်းကို  မှတ်သားလေ့လာမိ ကြောင်း အဆိုပါ ဆရာဝဏ္ဏက ပြော သည်။ ယခုလ ၂၃ ရက်၊ ညနေ ၅ နာရီ ၁၅ ခန့်တွင် ရန်ကုန် မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးပေါ်တွင် လင်းတငှက် ၆ ကောင်လာရောက် နားခိုမှုဖြစ်ပွားခဲ့ပြီး ယခုလ ၂၄ ရက်၊ နံနက်၁ဝ နာရီ ၄ဝ မိနစ်ခန့်တွင် ဗုဒ္ဓဟူးနံထောင့်မှ ငှက် ၃ကောင်နှင့် ရာဟုထောင့် ခေါင်းလောင်းရင်စည်း မှ ငှက် ၁ ကောင်သည် အရှေ့အရပ် သို့လည်းကောင်း၊ ရာဟုထောင့် ခေါင်းလောင်း ရင်စည်းရှိ ငှက် ၂ ကောင် သည် ထိုနေ့ နေ့လယ် ၁၁ နာရီ ၅ မိနစ်ခန့်တွင် အနောက်အရပ်သို့ လည်းကောင်း ပျံသန်း သွားကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဝဝ၂

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*