ဒီဇင်ဘာ ၃၁ ရက် မနက် ၈ နာရီခွဲ အချိန်တွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် စံပြရုပ်ရှင်ရုံ အနီး လမ်းကွေ့၌ မော်တော်ယာဉ် ကိုးစီး ထပ်ဆင့် တိုက်သည့် ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုတွင် မြို့ထဲမှ အင်းစိန်သို့ သွားသော ၂၂၆ နံပါတ် ဘတ်စ်ကားကြီး ယာဉ်အမှတ် ၆ခ/၄၈၈၁ သည် ဘရိတ်ပေါက်၍ Taxi ကားငယ်ကို အရင်တိုက်ပြီး ပလက်ဖောင်း ဘေးသို့ ရောက်ကာ ကျန်ကားများ အဆင့်ဆင့်တိုက်မိ၍ ကားကိုးစီး ဆင့်တိုက်ခဲ့သည်။

ကားများ ဆင့်တိုက်သည့် ဖြစ်စဉ်တွင် ဘတ်စ်ကားကြီးပေါ် ပါလာသည့် ခရီးသည်များ ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း ပလက်ဖောင်းဘေး စင်္ကြန်တွင် လမ်းသွားလာနေသူများနှင့် Taxi ပေါ်တွင် ပါလာသည့် ခရီးသည် အမျိုးသမီး အပါအဝင် စုစုပေါင်း ၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ထိုသူများအနက် လမ်းသွားလမ်းသွာ ၂ ဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံသို့ ရောက်ရှိနေကြာင်း ယင်း ယာဉ်တိုက်မှုနေရာတွင် တာဝန်ကျသည့် ယာဉ်မှုစစ်က ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကို အတိုက်ခံရသည့် ၂ ဃ/၅၅၄၂ Taxi ပိုင်ရှင် ကိုအောင်နိုင်ဝင်းက “ဒီကားက လမ်းပြောင်းပြန်ကြီး မောင်းလာပြီး လမ်းကွေ့မှာ အရှိန်နဲ့ နောက် ၂၂၆ တစ်စီးနဲ့ ပြိုင်မောင်းပြီး ကားတွေ ဆင့်တိုက်မိကုန်တာ။ ကျွန်တော့် ကားကို ပုဇွန်တောင်ကနေ မြို့ထဲ ငှားစီးလာတဲ့ ခရီးသည် ကောင်မလေး ခေါင်းပေါက်သွားတယ်။ ဒါပြီးရင် ၅၁ လမ်းရုံးကို လာခဲ့ဖို့ ယာဉ်မှုစစ်က မှာထားပါတယ်” ဟု ပြောကြားသည်။

ယခုလက်ရှိအချိန်တွင် ၂၂၆ နံပါတ်ယာဉ်ကြီးရှိ ယာဉ်မောင်းသူနှင့် စပယ်ယာကို အရေးယူရန် ထိန်းသိမ်းထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း၌ ဖြစ်ပွားသည့် ယာဉ်အဆင့်ဆင့် အတွဲလိုက် တိုက်မိသည့် ဖြစ်စဉ် အများစုသည် ဘတ်စ်ကားကြီးများ အချင်းချင်း ပြိုင်လု မောင်းခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ဝဝ၅

ဝဝ၅

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*