ပညာရေး သတင်း — ရန်ကုန်၊ မတ် ၁၇၊ ၂ဝ၁၃

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်တွင် တင်းကျပ်မှုများအား ဖြေလျော့ပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ကိုရဲမြတ်ဟိန်းက မြန်မာအင်ဒီပဲန်ဒင့်သို့ မတ်လ ၁၇ ရက်က ပြောကြားသည်။

ကိုရဲမြတ်ဟိန်းက “ကျွန်တော်တို့ ကျောင်းသား အယောက် ၁ဝဝ ကျော်ရဲ့ လက်မှတ်များနဲ့အတူ မတ်လ ၁၈ ရက်မှာ ပါမောက္ခချုပ်ဆီ စာတင်ပြီး တောင်းဆိုသွားဖို့ ရှိပါတယ်။ အကြောင်းအရာ တွေကတော့ မတ်လ ၅ ရက် က ကျောင်းပြင် ကန်တင်းမှာ ပြုလုပ်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများ ရင်ဖွင့်သံ အခမ်းအနားမှာ သူတို့ တောင်းဆို ချင်တဲ့၊ ဖြစ်ချင်တဲ့ အရာတွေကို တောင်းဆိုသွားမှာပါ။ အဓိက ကတော့ သင်ထောက်ကူ ပစ္စည်းတွေ ပြည့်ပြည့်စုံစုံ ရှိရေး၊ ကျောင်းသား ကတ်များ အချိန်ပြည့် မဆွဲရရေး၊ ပိတ်ထားတဲ့ ကျောင်းနောက်တံခါး ပြန်လည် ဖွင့်ပေးရေး၊ ဝတ်စား ဆင်ယင်မှုတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် မဆန့်ကျင်လျှင် ဝတ်ဆင်ခွင့်ပြုရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်” ဟု ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှ ဆရာတစ်ဦးက “ကျောင်းသားကတ် မဆွဲရေးနဲ့ ပတ်သက်လို့ ကတော့ လွှတ်တော်မှာတောင်မှ ကိုယ်စားလှယ်တွေ ကတ်ပြားဆွဲကြသေးတာပဲ။ ကျောင်းသားမှန်း သိအောင် ကျောင်းသား ကတ် တွေကတော့ ဆွဲရမှာပါပဲ။ ကျောင်းအဝင်ဝမှာ ဆွဲပြီးဝင်လာဖို့ အဓိကပါပဲ။ ကျောင်းထဲ မှာတော့ မဆွဲလည်း ရပါတယ်။ ပိတ်ထားတဲ့ ကျောင်းနောက်ပေါက်နဲ့ ပတ်သက် လို့ကတော့ သူတို့အဓိက တောင်းဆိုတဲ့ ကိစ္စပေါ့နော်။ အဲဒီအပေါက် ကျောင်းအပြင် ကန်တင်းမှာ ကျောင်းသားတွေက အရက်သောက်တယ်။ ဖဲရိုက်တယ်။ ပြီးရင်ရန်ဖြစ်တယ်။ သမီးရည်းစား အတွဲတွေကလည်း မဆင်မခြင်နေထိုင် ကြတယ်။ ကျောင်းသားတွေသာ စည်းကမ်း ရှိလို့ ကတော့ ကျောင်းမှာ တံခါးပေါက်တောင် ထားစရာ မလိုပါဘူး။ ဆရာတို့က ပိုပြီးတောင် ဖွင့်ထား ချင်သေးတယ်” ဟု ပြောကြားသည်။

ယင်းက ဆက်လက်၍ ပြောကြားရာတွင် “ဝတ်စားဆင်ယင်မှုက တော့ မြန်မာ့ယဉ်ကျေးမှုနဲ့မဆန့်ကျင်ရင် အတတ်နိုင်ဆုံး ခွင့်ပြုပေးပါတယ်။ ဆရာတို့က ဒီလိုစည်းကမ်း တချို့ကို စမ်းသပ်ပြီး ချမှတ်ခဲ့တာပါ။ အဲဒါ ကြောင့်လည်း ကျောင်းက နာမည်တက်လာတယ်။ ကျောင်းသားတွေလည်း ကျောင်းစာတွေဘက်ကို အာရုံစိုက် လာနိုင်တယ်။ ဘက်စုံပိုပြီး တော် လာပါတယ်”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၏ ရင်ဖွင့်သံ အခမ်းအနားကို ကျောင်းပြင်ပ ကန်တင်းတွင် မတ်လ ၅ ရက်က ကိုရဲမြတ်ဟိန်း ဦးဆောင်ကာ ကျင်းပခဲ့ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ အယောက် ၆ဝ ခန့် တက်ရောက်၍ မိမိတို့၏ လိုအပ်ချက်၊ ရပိုင်ခွင့်များကို တောင်းဆို ခဲ့ကြကြောင်းနှင့် ယင်းအခမ်းအနားသို့ မတက်ရောက်ကြရန် ဆရာ၊ ဆရာမများက ကျောင်းသားများကို တားမြစ်ခဲ့ကြ ကြောင်း လည်း သိရသည်။

ယင်းတောင်းဆိုမှုများကို ဦးဆောင်သော ကိုရဲမြတ်ဟိန်းသည် ၂ဝဝ၈ ခုနှစ် ရွှေဝါရောင် သံဃာ့ အရေးအခင်း တွင် ကျောင်းသား တစ်ယောက်အဖြစ် လှုပ်ရှားခဲ့ပြီး ထောင်ဒဏ် ချမှတ် ခံခဲ့ရကာ ကျောင်းပြန်လည် တက်ခွင့် ရရှိရန် ကြိုးပမ်းနေသူ တစ်ယောက်လည်း ဖြစ်သည်။

ဝ၈၇

ဆက်စပ်သတင်းများ

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*