သတင်းဆောင်းပါး — ရန်ကုန်၊ ဒီဇင်ဘာ ၊ ၂ဝ၁၂

ကာကွယ်ရေးမှ လွဲ၍ ကျန် ဘတ်ဂျက်ကဏ္ဍ အားလုံးလိုလို အသုံးစရိတ် ရှားပါးချို့တဲ့လာခဲ့သော စစ်ဘက်  အစိုးရ၏ ရာစုဝက်ကြာ စိုးမိုးမှုအောက်တွင် မြန်မာ့ ကျန်းမာရေး စနစ် မှာလည်း လုံးဝနီးပါး လျစ်လျူရှုခံခဲ့ရသည်။ ယခုမူ ရွေးကောက်ခံ အစိုးရတစ်ရပ်ကို မွေးဖွားပေးခဲ့သော သိသာ ထင်ရှားသည့် နိုင်ငံရေး အပြောင်း အလဲနှင့် အတူ တိုးတက်မှု အတွက် မျှော်လင့်ချက်များ ရှိလာနေပြီဖြစ်သည်။ သို့တစေ နိုင်ငံအတွက် ရှေ့ဆက် တက်လှမ်းရမည့် ခရီးကား မနီးလှ။ ရှည်ကြာမည် ခက်ခဲမည်။

နှစ်ပေါင်းများစွာ အမေရိကနှင့် အခြားနိုင်ငံတို့က မြန်မာစစ်အစိုးရ ၏ စိတ်ပျက်ဖွယ်ရာလူ့အခွင့်အရေး မှတ်တမ်း ကို ဆေးကြောသန့်စင်ရန် နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု များ ပြုလုပ်လာစေရန် စီးပွားရေး ဒဏ်ခတ် အရေးယူမှုများ အသုံးပြုခဲ့ ကြသည်။ နိုင်ငံတကာ အလှူရှင်များ၏ အကူအညီမှာ အနီးအနားနိုင်ငံ များသို့ ဖောဖောသီသီ စီးဝင်ခဲ့ကြ သော်လည်း မြန်မာအတွက်ကမူ မစို့ မပို့ မည်ကာမတ္တသာ ရှိခဲ့သည်။ ၂ဝ၁ဝ ခုနှစ် တွင် ကမ္ဘောဒီးယားမှ ရရှိသော နိုင်ငံတကာအကူအညီမှာ နိုင်ငံသားတစ်ဦးချင်းအတွက် ၅၂ ဒေါ်လာ၊ ဗီယက်နမ် အတွက် ၃၄ ဒေါ်လာနှင့် လာအိုအတွက် ၆၇ ဒေါ်လာနှုန်းဖြစ်ပြီး မြန်မာအတွက် မှာ ၇ ဒေါ်လာမျှသာ ဖြစ်သည်။

၂ဝဝ၈ ခုနှစ်အတွက် ကျန်းမာရေး အသုံးစရိတ်မှာ လူတစ်ဦးချင်း အတွက် ၁ ဒေါ်လာရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတိုင်း နီးပါး၌ ငွေကြေးသုံးစွဲမှု အနိမ့်ဆုံးနိုင်ငံများ တွင် ပါဝင်ခဲ့သည်။ စစ်အစိုးရ၏ လျစ်လျူရှုမှု၊ အကျင့်ပျက်ခြစားမှု နှင့် စီမံခန့်ခွဲမှု အလွဲအမှားများကြောင့်  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)၏ ၂ဝဝဝ ခုနှစ် သတ်မှတ်ချက်တွင်  ဒုတိယ အညံ့ဆုံးဖြစ်ခဲ့သည်။ ၂ဝဝ၉ ခုနှစ်တွင် ဂျီဒီပီ၏ ၁ ရာနှုန်းကိုသာ သုံးစွဲခဲ့ကာ ကမ္ဘာတစ်ဝန်းနိုင်ငံများ တွင် ကျန်းမာရေးအသုံးစရိတ် အနည်းဆုံး ဖြစ်ခဲ့သည်။

ထိုအခြေအနေကြောင့် အရှေ့ တောင်အာရှတွင် မြန်မာနိုင်ငံသည် မွေးစကလေးသေနှုန်း၊ လူမမည်နှင့် ၅ နှစ် အောက်ကလေး သေနှုန်းအမြင့် ဆုံး ဖြစ်ခဲ့ရ သည်။ အေအိုင်ဒီအက် (စ်) ရောဂါကြောင့် တစ်နှစ်လျှင် ခန့်မှန်းခြေ လူ ၁၈,ဝဝဝ သေဆုံး ခဲ့ရပြီး အိတ်(ခ်ျ)အိုင်ဗွီကုသမှုရရှိရန် အခက်အခဲဆုံး နိုင်ငံ တစ်ခုဖြစ်နေ သည်။ ကမ်းရိုးတန်း ဒေသများနှင့် မြစ်ဝကျွန်းပေါ် ဒေသများမှ ကိုယ်ဝန်ဆောင် မိခင် ၉ဝ ရာနှုန်းကျော်နှင့် ကလေး ၇ဝ ရာနှုန်းကျော်မှာ အာဟာရ ချို့တဲ့မှု၏ အဓိကအကြောင်း ဖြစ်သော သန်ကောင်ရောဂါများ ခံစားနေရသည်။ အဆုတ်နာ တီဘီ ရောဂါမှာ ကမ္ဘာ့ဖြစ်ပွားနှုန်း၏ ၃ ဆနီးပါးရှိပြီး ဒေသတွင်းတွင် ငှက်ဖျားရောဂါနှင့် ဆက်စပ် သည့် သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ခဲ့ရသည်။

“ကျန်းမာရေးမှာ ဆယ်စုနှစ် တွေနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမှုမရှိခဲ့တာ က ပညာရေးစနစ်ပြိုကျမှုတွေ၊ စာပေစိစစ်မှုတွေ နဲ့ ပေါင်းပြီးတော့ လူထုကျန်းမာရေးစနစ်ကို ပျက်ကိန်း ဆိုက်စေခဲ့တာဘဲ။ သေသေချာချာ လေ့ကျင့်ပေးထားတဲ့ လူပုဂ္ဂိုလ်တွေ အခြေခံလိုအပ်ချက်ကို လုံလုံလောက်  လောက်ဖြည့်ဆည်းပေးမယ့် အထောက် အပံ့တွေ လူများစု အတွက် တတ်နိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ဘာဆိုဘာမှ မရှိခဲ့ပါဘူး” ဟု ဂျွန် ဟော့ပကင်း (စ)တက္ကသိုလ်မှ ဒေါက် တာ ဗစ်(ထ)ဆူဝမ်ဗာနစ်ကစ်(ဂျ) က ဆိုပါသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြင်ပ ကမ္ဘာသို့ တံခါးဆက်ဖွင့်နေသည့် အချိန်တွင် ပြီးခဲ့သည့်လက သမ္မတ အိုဘားမား၏ အလည်အပတ်ခရီး ကဲ့သို့သော သမိုင်းဝင်ခရီးစဉ်များ မှာ ခေတ်သစ်တစ်ခုကို သင်္ကေတ ပြုနေသည်။ ကမ္ဘာလုံး အနှံ့မှ ကျန်းမာရေး အရာရှိ တသီတတန်းကြီး ကလည်း မကြာသေးမီက နိုင်ငံတစ် ဝန်းလှည့်လည်ပြီး ကျန်းမာရေးစနစ် လက်ကျန်များကို သုံးသပ် လေ့လာကာ ပြန်လည် တည်ဆောက်ရေးတွင် ကူညီရန် ကတိပြုခဲ့ကြ သည်။ နိုင်ငံတွင်းရှိ ထိတ်လန့်ဖွယ်ရာ ပြဿနာ တစ်ခုဖြစ်သည့် အိတ်(ခ်ျ)အိုင်ဗွီ လူနာများ၏ စိတ်ခံစားမှု ဝေဒနာနှင့် ခွဲခြားဆက်ဆံခံရမှုအပေါ် သိမြင် နားလည်မှု တိုးမြှင့်ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့ ရှေ့ဆောင် ပြောဆိုသူ တစ်ဦးအဖြစ် ကုလသမဂ္ဂ မှ ပြီးခဲ့သည့် လတွင် အမည်စာရင်း တင်သွင်းခဲ့သည်။

မြန်မာနိုင်ငံက အားတက်စရာ ခြေလှမ်းအချို့လုပ်ဆောင်ခဲ့ပါသည်။ ကျန်းမာရေး ဝန်ကြီးသစ် ဒေါက်တာ ဖေသက်ခင်မှာ စိန်ခေါ်မှုများကို  ကောင်းကောင်း နားလည်သူ ကလေး အထူးကု သမားတော်ကြီး တစ်ဦးဖြစ်  သည်။ နိုင်ငံရပ်ခြား တက္ကသိုလ်များနှင့် မိတ်ဖက်မှုသစ်များ၊ ပူးပေါင်း ဆောင်ရွက်မှုများက မြန်မာ့ကျန်းမာ ရေးစနစ် အရည်အသွေးကို တိုးတက်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ အမေရိကန် တွင် ယခုနှစ်စောစော ပိုင်း၌ သူက ပြောခဲ့သည်။ မွေးကင်းစ ကလေးများ၊ ကလေးသူငယ်များ နှင့် ကလေးမိခင် ကျန်းမာရေး တို့မှာ ထိပ်တန်း ဦးစားပေးများ ဖြစ်ကြောင်း  သူက ဆိုပါသည်။ ထို့ပြင် ဆရာဝန်များ၊ သူနာပြုများနှင့် အခြားသော ကျန်းမာရေး လုပ်သားတို့ကို တိုင်းပြည်က လုံလုံလောက်လောက် ထုတ်လုပ်ပေးနေသော်လည်း ငွေကြေး ထောက်ပံ့မှု ချို့တဲ့သောကြောင့် အရည်အသွေး မှာမူ ပြောစရာ ဖြစ်နေကြောင်း လည်း သူကပြောသည်။ “ခင်ဗျားတို့ သိတဲ့အတိုင်း စီးပွားရေးက လွန်ခဲ့တဲ့ နှစ် ၂ဝ၊ ၃ဝ ကျော်မှာ သိပ်ကောင်းလှတာ မဟုတ်ဘူး။ ပိတ်ဆို့ မှုတွေကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ပေမယ့် စီမံခန့်ခွဲမှု အလွဲအမှား တချို့ကြောင့်လည်း ပါပါတယ်”ဟု သူက ဆိုပါသည်။

အစိုးရသစ်က ကျန်းမာရေး အသုံးစရိတ်ကို ၄ ဆတိုးခဲ့သော် လည်း နိမ့်ကျနေဆဲဖြစ်ပြီး ဘတ်ဂျက်တိုးမြှင့်မှု အများအပြားမှာ ကျန်းမာရေး လုပ်သားများကို လစာ ပေးရသည်နှင့် ကုန်ကျနေရသည်။ ကျန်းမာရေး အခြေအနေ အမှန်ကို ရှင်းရှင်းလင်းလင်း သိနိုင်ရန် နိုင်ငံ နှင့်အဝန်း လေ့လာမှုများ ပြုလုပ်ရန် လည်း လိုအပ်ပါသည်။ အထူးသဖြင့်   ဆယ်စုများစွာ ပြည်တွင်းစစ် ဖြစ်ပွားပြီး ယခင်က ခရီးသွားလာခွင့်ပိတ် ပင်ထားသော တိုင်းရင်းသား လူနည်း စုများနေထိုင်ရာ မတည်ငြိမ်သည့် ဒေသများတွင် ဖြစ်ပါသည်။ “ကျန်းမာရေးစနစ်က ဒီမှာ တအား နောက်ကျ ကျန်ရစ်နေတယ်” ဟု ကုလသမဂ္ဂ UNAIDS ဌာနေညှိနှိုင်းရေးမှူး အီမွန်းမာဖီ က ပြောသည်။ မြန်မာ နိုင်ငံတွင် တစ်ချိန်က အားကောင်း မောင်းသန် ကျန်းမာရေးနှင့်ပညာရေး စနစ်တစ်ရပ် ရှိခဲ့ကာ ပြန်လည်နာလန် ထူနိုင်သော်လည်း အချိန်ယူရဦးမည် ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း မှ ဘဏ္ဍာရေး သာမက နည်းပညာ အထောက်အပံ့ပါ ရယူရန် အလေးအနက် လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း သူက ဆိုပါသည်။

Ref: By Margie Mason, AP

ဝ၄ဝ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*