စီးပွားရေးသတင်း — မအူပင်၊ သြဂုတ် ၂၄၊ ၂ဝ၁၂

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ဝါးခယ်မအပိုင်း ရာဇူဒိုင်မြစ်ကျိုးအင်း အား ပုဂ္ဂလိကပိုင် အင်းဖြစ်သွားမည် ကို ယင်းအင်းအား မှီခိုစားသောက်နေ ကြသော ဒေသခံ ၃ သောင်းနီးပါးက စိုးရိမ်နေကြသည်ဟု သြဂုတ် ၂၃ ရက်  တွင် ယင်းအင်းသားဖြစ်သူ စစ်မှုထမ်း ဟောင်း ကိုအောင်ကျော်ဦးက မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောခဲ့သည်။

မြစ်ကျိုးအင်း ပြ မြေပုံကို တွေ့ရစဉ်

မြစ်ကျိုးအင်း ပြ မြေပုံကို တွေ့ရစဉ်

ယခင်က ရာဇူဒိုင်မြစ်ကျိုးအင်းသည် ဘုံစားဖြစ်သောကြောင့် မည်သူမဆို လွတ်လပ်စွာ လုပ်ကိုင်စားသောက် နိုင်ခဲ့ကြောင်း၊ ယခုအခါတွင်မူ အင်းသူကြီးတစ်ဦးက အင်းတေး ထုံးဝိုင်းကြီးအင်းအတွင်းသို့ ရာဇူဒိုင် မြစ်ကျိုးအင်းကို တစ်ဖက်သတ် ဆွဲသွင်းခဲ့ကြောင်း၊ ယင်းအချိန်မှစ၍ အင်းသူအင်းသားတို့ ဆင်းရဲသား ရေလုပ်သားငယ်များ အနေဖြင့် ယခင်ကဲ့သို့ အင်းအတွင်း ရှာဖွေလုပ်ကိုင်ခွင့် မရတော့ကြောင်းတို့ကို အင်းသား ကိုအောင်ကျော်ဦးက ဆက်လက် ရှင်းပြပါသည်။ ထိုကဲ့သို့ ဘုံစားအဖြစ် ရှိခဲ့သော ရာဇူဒိုင်မြစ်ကျိုး အင်းကို ပုဂ္ဂလိကပိုင်အင်းအဖြစ် သတ်မှတ်လိုက်သည့်အခါ ထိုအင်းတွင် မှီခိုနေခဲ့ကြသော ဒေသခံရွာသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ လျော့ပါး ပျောက်ကွယ်လာရကာ စီးပွားရေး ထိခိုက်ခံရခြင်း၊ ပုဂ္ဂလိကပိုင်အင်း အား ကျူးကျော်ဝင်ရောက်သည်ဟု အမှုဆင်၍ တရားစွဲဆိုခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း စသည့် အရေးယူ ဆောင်ရွက်မှုများ ရှိသဖြင့် ရွာသူရွာသားများ ကြောက်လန့် နေရသည်ဟု ခလရ ၇ဝ မှတပ်သားဟောင်း တစ်ဦးဖြစ်သူ ကိုအောင်ကိုဝင်း (ကိုယ်ပိုင်အမှတ် ၆ဝ၃၆၇၉)က ရှင်းပြခဲ့သည်။

အရှေ့တောင်တန်း (မြွေပွေးကျွန်း ကျေးရွာ)ရှိ ဓမ္မဝိဟာရ ကျောင်းတိုက် ဆရာတော် ဦးသြဘာသကလည်း ယင်းကျေးရွာများသို့  ဆွမ်း၊ ကွမ်း ကိစ္စများနှင့် နေ့စဉ်သွားလာနေရသော အခါမှာ လှေ၊ စက်လှေတို့ဖြင့် သွား လာရခြင်းဖြစ်သောကြောင့် အခက်အခဲများစွာ ရှိကြောင်း၊ ယခုအခါ ဒါယကာ အဆိုပါ အင်းလုပ်ငန်းလုပ်ကိုင် သည့် နှစ်မှစ၍ သံဃာတော်များ အပါအဝင် ကျေးရွာရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် များမှာ သွားလာရေးအတွက် အလွန်ခက်ခဲကြောင်း၊ အင်းလုပ်ငန်း၏ သဘာဝဖြစ်သော ခြုံချခြင်း၊ ယင်း တန်းခြင်း၊ ဒိုက်သရောများ မွေးမြူထားခြင်းတို့ကြောင့် ရေလမ်းကြောင်းများ ပိတ်ဆို့နေသည့်အတွက် စက်လှေ  နှင့် သွားလာ၍ မရသော အခက်အခဲများ ကြုံတွေ့နေရကြောင်းတို့ကို ရှင်း လင်းပြောခဲ့သည်။“ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ အကျိုးစီးပွားအတွက် အများပြည်သူတို့ရဲ့ သာသနာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို မထိခိုက်စေသင့်ဘူးလို့ ဘုန်းကြီးထင်တယ်”ဟု ဆရာတော် ဦးသြဘာသက ထပ်မံ ပြောခဲ့သည်။

ပညာရေးပိုင်းနှင့် ပတ်သက်၍လည်း ကျောင်းများမှာ အင်းအတွင်း မူလတန်းလွန်ကျောင်း တစ်ကျောင်းသာ ရှိသောကြောင့် အထက်တန်း တက်ရောက်ရာတွင် ဒိုက်ပိတ်ချိန် ကြုံပါက  များစွာ အခက်အခဲ ဖြစ်ကြောင်း၊ မနက် ကျောင်းအမီ တက်ရောက်နိုင်ရန် မနက် ၅ နာရီ မှထ၍ သွားရကြောင်း၊ အပြန်ကျောင်းဆင်းချိန်တွင် လည်း ည ၈ နာရီမှ အိမ်ကို ရောက်ရှိကြောင်း၊ စာကျက်ချိန်များ၊ ကျောင်း စာနောက်ကျမှုများ ကြုံခဲ့ရကြောင်း အထက ရေလဲကျောင်းတွင် တက်ရောက်ခဲ့သော ဒဿမတန်း ကျောင်းသူ  မစုဝေဖြိုးက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

မအူပင်မြို့နယ်၊ လက်ပံတန်း ကျေးရွာတွင် နေထိုင်သူ ကိုဝင်းနိုင် ကလည်း ၁၉ဝ၄ ခုနှစ်တွင် ရေးဆွဲခဲ့သော မြေပုံတွင် ရာဇူဒိုင်မြစ်ကြောင်း သည် ၂၁၆/၂၁၇ အင်းတေးထုံးဝိုင်းကြီး အင်းနယ်နိမိတ်တွင် လုံးဝမပါဝင် ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း မှသာ အင်းတေးထုံးဝိုင်းကြီးဂရန်အတွင်းသို့ သွတ်သွင်းခဲ့သော်လည်း သင့်တင့်သော အခွန်အခဖြင့် ရှာဖွေစားသောက်နိုင် သော ဧရိယာနှင့် ရေလုပ်သားများ လုံးဝရှာဖွေခြင်း မပြုရပါသော ဧရိယာ များဟူ၍ ခွဲခြားသတ်မှတ်ကာ ရှာဖွေ စားသောက်ခွင့်ပြုထားပေးခြင်းကြောင့် စားဝတ်နေရေးမျှတမှုများရှိခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ၂ဝဝ၇ ခုနှစ် စ၍ အင်းပိုင်ရှင်က ပုဇွန်ခပ် ရေလုပ်သား တစ်ဦးလျှင် တစ်ညတာအတွက် အင်းခွန်ခ ၁ သောင်း ကောက်ယူ၍ ၅ ဦးပြည့်မှသာ ရှာစားခွင့်ပြုကြောင်း၊ လက်ပစ်ကွန် ရေလုပ်သားများအတွက် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တစ်နေ့ လျှင် ကျပ် ၁၂၅ဝဝ ကောက်ယူ၍ ကွန်ပစ်လှေစင်းရေ ၂ဝ ပြည့်မှသာ ရှာစားခွင့် ပေးကြောင်း၊ ဘော့မြုံး ရေလုပ်သား တစ်ဦးလျှင် တစ်နေ့တာ အတွက် ၆ဝဝဝ ကျပ်နှုန်းဖြင့် တစ်လ စာအတွက် ၁၈ဝဝဝဝကျပ် ကောက်ခံ ၍ ရေလုပ်သား ၁ဝ ဦးပြည့်မှသာ ရှာစားပိုင်ခွင့်ပေးကြောင်း ပြောသည်။

သို့ဖြစ်ပါ၍ ပုဇွန်ခပ်ရေလုပ်သား တစ်ဦးလျှင် တစ်နှစ်စာအတွက် ကျပ် ၃၆ သိန်း ၊ လက်ပစ်ကွန်ရေလုပ်သား တစ်ဦးလျှင် တစ်နှစ်စာအတွက် ကျပ် ၄၅ သိန်းနှင့် ဘော့မြုံးရေလုပ်သား တစ်ဦးလျှင် တစ်နှစ်စာအတွက် ကျပ် ၂၁ဝ၆ဝဝဝ ပေးဆောင်နေရသောကြောင့်  စားဝတ်နေရေးများ အဆင်မပြေကာ အကြွေးများနှင့် ပိနေကြောင်း၊ ထို့ အပြင် ၂ဝ၁၂-၁၃ ခုနှစ် မြောင်းမြ ခရိုင်အတွင်းရှိ မဲစနစ်ဖြင့် လေလံ ရောင်းချမည့် တင်ဒါပိုက်ချက်များ စာရင်း ၅၁ ခုတွင် မြွေပွေးကျွန်း မပါကြောင်း မြောင်းမြမြို့ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တရားဝင် ကြေညာ ထားရာ ယခု ရာဇူဒိုင်အင်းမှာ အခကြေးငွေဖြင့် လုပ်ပိုင်ခွင့် ရယူရန် လိုအပ်သော နေရာ မဟုတ်သည်ကို သိရှိရပါကြောင်း ဆက်လက်ပြောခဲ့သည်။

မအူပင်မြို့နယ်၊ ခွာလေးကျွန်း ကျေးရွာတွင် နေထိုင်သော ကိုသန်းဋ္ဌေး ကလည်း ၂ဝ၁၂ ခုနှစ် မေ ၂ဝ ရက် တွင် နိုင်ငံတော်သမ္မတကြီးထံသို့ လိပ်မူ၍ ယင်းနှင့်သက်ဆိုင်ရာဌာန အသီးသီးသို့ တင်ပြခဲ့ရာ ၂ဝ၁၂ ခုနှစ် ဇွန် ၁၄ ရက်နှင့် ၂ဝ၁၂ ခုနှစ် ဇွန် ၁၈ ရက်တို့တွင် အာဏာပိုင်လူကြီး များက လာရောက်ညှိနှိုင်း ခဲ့ကြသော်လည်း ကျေးရွာသူရွားသားများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိခဲ့ကြောင်း၊ အင်းသူကြီးနှင့် ယင်း၏ တပည့် အပေါင်းအပါတို့သည် ငါးရစ်ငါးသန်ချိန် ငါးဖမ်းမှုအမှု ဖြစ်ပွားအောင် အကွက်ဆင်ခဲ့သောကြောင့် ရွာသားများ အမြောက်အမြား ထောင်ကျခံရမှုများ ရှိနေကြောင်း၊ ၂ဝ၁၂ခုနှစ် မေ ၁၂ ရက်တွင် အင်းသူကြီး၏ လုပ်သားများ ရေချို ငါးဖမ်းဥပဒေအား ချိုးဖောက်ကာ ငါးရစ်ငါးသန်ကာလတွင် ချုံဖော် ငါးဖမ်းခြင်းများ ပြုလုပ်နေသည်ကို ရွာသားများတွေ့ရှိ၍ ဓာတ်ပုံရိုက်ယူကာ ဌာနဆိုင်ရာသို့ တင်ပြခဲ့သော်လည်း ယခုအချိန်အထိ ထူးခြားမှု မရှိသေးကြောင်း ပြောခဲ့သည်။

ထိုသို့ မကြာခဏ ဖြစ်ပွားခံရသောကြောင့် ရွာသူရွာသားများက အာဏာပိုင်များ အနေဖြင့် ၁၉ဝ၄ ခုနှစ် အင်းမြေပုံနှင့် အင်းမိန်းဖိုင်တွင် ပါရှိသော အင်းနယ်နိမိတ် အတိုင်း သတ်မှတ်၍ ၂၁၆၊ ၂၁၇ အင်းတေးထုံးဝိုင်း ကြီး ဂရန်တွင် မပါဝင်သော ရာဇူဒိုင် မြစ်ကြောင်းအား ငါးသယံဇာတဖြင့် တိုင်းရင်းသားငါးများ မျိုးမတုံးစေရန် စည်းကမ်းများ သတ်မှတ်ပြီး နိုင်ငံတော် အခွန်အခနှုန်းထားများနှင့် ရေလုပ်သားများအား ရှာဖွေစားသောက်ခွင့် ပြုပေးရန် ၂၁၆၊ ၂၁၇ အင်းတေးထုံးဝိုင်းကြီး အင်းဂရန် အတွင်း အခမဲ့ ရှာဖွေစားသောက်ရန် နေရာ၊ အင်းခွန်၊ အင်းခသက်သာစွာ ရှာဖွေစားသောက်နိုင်သော နေရာ၊ အင်းသားကြီး အကျိုးစီးပွားအား ထိခိုက်မည့်နေရာအား ရှာဖွေခြင်း မပြုရသောနေရာများအဖြစ် သတ်မှတ်ပေးရန်၊ အခြားသော အင်းဂရန်နယ်မြေ များသို့ သွားရောက် ရှာဖွေရာတွင် မတရားသော သက်သေများနှင့် ရေလုပ်သားများအား ဖမ်းဆီးခြင်း၊ တိုင်ကြားခြင်းများ မပြုလုပ်ရန် စည်းကမ်း ချိုးဖောက်၍ ငါးရစ်ငါးသန်ကာလတွင် အုပ်စုဖြင့် ငါးဖမ်းသော အင်းသူကြီးနှင့် အဖွဲ့အား အရေးယူ ဆောင်ရွက်ပေးရန် စသည်တို့ကို ဝိုင်းဝန်း ပြောဆိုခဲ့သည်။

ယင်းကိစ္စ အဝဝတို့နှင့် ပတ်သက်၍ ရေလဲစခန်းမှူးနှင့် ဆက်သွယ်မေးမြန်းရာ ပုသိမ်တွင် သင်တန်း တက်ရောက် နေသောကြောင့် ယင်းအနေဖြင့် မသိကြောင်း ပြောခဲ့သည်။ အင်းသူကြီးကိုလည်း ဆက်သွယ် မေးမြန်းရာ ယင်းဖုန်းမှာ ဌာနမှ ယာယီ ပိတ်ထားသောကြောင့် ဆက်သွယ်၍ မရခဲ့ပါ။

ဝဝ၇

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*