တွေ့ဆုံ​မေးမြန်းခြင်း — ရန်ကုန်၊ နိုဝင်ဘာ ၂၅၊ ၂ဝ၁၂

မြန်မာနိုင်ငံ၏ ၁၉၈၈ နိုင်ငံရေး အပြောင်းအလဲ ကာလ မတိုင်ခင် ၁၉၈၇ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင်  ဦးနေဝင်း အစိုးရ (မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ)၏ နိုင်ငံတော်သုံး ငွေစက္ကူ ပြောင်းလဲ ပြင်ဆင်မှုများ ကြောင့် ပြည်သူများ၏ ပိုင်ဆိုင်မှု များမှာ ညတွင်းချင်းပင် ဆုံးရှုံးနစ်နာခဲ့ရာ ထိုစဉ်က ရန်ကုန် တက္ကသိုလ်မှ ကျောင်းသူ ဖြစ်သူ ခင်ဥမ္မာ အပါအဝင် ကျောင်း သား ၂ဝ ခန့်မှ အစိုးရအား လက်မှတ်ရေးထိုး ကန့်ကွက်မှု ကြောင့် အချုပ်ခံခဲ့ရသူ တစ် ဦးဖြစ်ပြီး ၁၉၈၈ခုနှစ် မတ် ၁၆ ရက် တံတားနီ အရေးအခင်း အပါအဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာစေရန် လှုံ့ဆော်ခဲ့သူ တစ်ဦးဖြစ် သည့် ဒေါ်ခင်ဥမ္မာ၏ ၂၄ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာအင်ဒီပဲန်ဒင့်မှ နိုဝင်ဘာ ၂ဝ ရက်တွင် တွေ့ဆုံမေးမြန်း ခဲ့သည်။

 

မေး။ ။ မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သတ်ပြီး လေ့လာထားခဲ့တာတွေ ထဲကနေ အစ်မ ပိုသတိထားမိခဲ့တဲ့ ကိစ္စရပ်ကိုသိပါရစေ။

ဖြေ။ ။ အစ်မ ပိုအာရုံစူးစိုက်ပြီး လေ့လာခဲ့တာကတော့ လောလော ဆယ်မှာလေ ပြည်သူတွေဆီက ဘယ်နား သွားသွား ကြားရတဲ့ ကိစ္စတစ်ခု ရှိနေတယ်။ အဲဒါက မြေသိမ်းခံရတဲ့ ကိစ္စ။ အဲဒါကလည်း အာဏာပိုင်တွေ သိမ်းတဲ့ ကိစ္စတင် မကတော့ ဘဲနဲ့ ခရိုနီ စီးပွားရှင်တွေနဲ့ ပေါင်းသိမ်းတဲ့ ကိစ္စတွေ၊ အဲဒါက အရမ်းကို ဆိုးဆိုးဝါးဝါး ဖြစ်သွားပြီ။ အဲဒါက သွားလေ ရာ နေရာတိုင်းမှာ ကြားနေရတော့ ဒီအခြေအနေပေါ်မှာ အရမ်းလည်း စိတ်တိုမိ တယ်။ ပြောချင်တာ ကတော့ လောလော ဆယ် မှာ အစိုးရက တာဝန်ယူမှု တာဝန်ခံမှု အားနည်းတယ်။ အဲဒီလိုမျိုး အားနည်းနေတာ လူနည်းနေလို့လား၊ ဒါဆိုရင် လူများအောင်လို့ အတိုက်အခံတွေနဲ့ လူမှု အဖွဲ့အစည်းတွေ ကို လမ်းဖွင့်ပေးလိုက်။ ဒါပေမယ့် ဥပဒေကြောင်း အရ တရားရေး မဏ္ဍိုင် မရှင်းဘူးဆိုရင်တော့ သေချာတယ် ဘယ်သူ့ကို လမ်းဖွင့်ပေးပေး မရှင်းနိုင်ဘူး။ ဒီကိစ္စတွေက ဥပဒေကြောင်း အရ ပြည်သူကို အကာအကွယ် ပေးရတာ။ အစ်မတို့က တကယ့်ကို ဘက်လိုက်မှု မရှိတဲ့ တရားရေးမဏ္ဍိုင်ကို ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ အဲဒီတစ်ခု ကတော့ အရေးကြီးတယ်လို့ မြင်ပါတယ်။

မေး။ ။ လွန်ခဲ့တဲ့ ၂၄ နှစ်ကနေ အခုအချိန်မှာ မြန်မာနိုင်ငံရေးမှာ ဘယ်လိုမျိုးအပြောင်းအလဲမျိုးတွေကို သတိထားမိလဲ။

ဖြေ။ ။ ၈၈ ကာလမှာ နိုင်ငံရေး ရေချိန်ဆိုတာ မှန်းရခက်ပါတယ်။ အခုလောလောဆယ်ကာလကို ကြည့် လိုက်တော့ ၈၈တုန်းက ကျောင်းသူ ကျောင်းသားတွေက စနစ်တစ်ခုကို ပြောင်းဖို့လုပ်တဲ့အချိန် ဝုန်းခနဲ ဖြစ် တဲ့အချိန်မှာ ဗြုန်းခနဲ ဝိုင်းပြီးတော့ ကြိုးစားကြတဲ့အခါ အတွေ့အကြုံပိုင်း အရ အားနည်းတယ်၊ လိုအပ်ချက်တွေ အများကြီး ရှိတယ်။ နည်းပညာပိုင်း အရ လိုအပ်ချက်တွေ ရှိတယ်။ အစ်မတို့တုန်းကတော့ ဖုန်းနဲ့တောင် တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်ဖို့ မလွယ်ကူဘူး။ ဒါက ကွာသွားပြီ၊ ဒီကာလမှာ စနစ်တစ်ခုကို အပြောင်း အလဲ လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့ အခြေခံ အချက်တွေက ၈၈ထက် ပိုများတယ်လို့မြင်တယ်။ ဒါပေမယ့် အဲဒီလို ပြောတဲ့ တစ်ချိန်တည်းမှာပဲ ၈၈တုန်းကရှိနေတဲ့ ဦးနေဝင်း အာဏာရှင်နဲ့ အခုလောလောဆယ် မှာ ရှိနေတဲ့ အစိုးရနဲ့ စစ်တပ်ရဲ့ နိုင်ငံ ရေး ပါဝါယူမှုကို ယှဉ်လိုက်တဲ့အခါ  ၈၈ ကထက် အခု ရှိနေတဲ့ အစိုးရနဲ့ တပ်မတော် က ပိုကြီးသွားပြီလို့ မြင်တယ်။ အစ်မ မြင်တာကတော့ ၈၈ တုန်းက စနစ်ကိုတော်လှန်တဲ့ သူကော အုပ်ချုပ်သူ ဘက်ကကော အားနည်းတယ်။ တို့တစ်တွေဘက်က အားသာလာသလိုပဲ အစိုးရဘက်ကလည်း ဖွဲ့စည်းပုံကို စနစ်တကျနဲ့ အကောင်အထည် ဖော်ပြီး ချုပ်ကိုင် ထားနိုင်ပြီ။ သူတို့ရဲ့  အာဏာရှင် စနစ်တစ်ခုကနေ နောက်တစ်ခု ကို ပုံစံ ပြောင်းလဲတဲ့အခါ သူ့ရဲ့လိုအပ်ချက်တွေကို ထောက်တိုင်တွေ ယန္တရား တွေအဖြစ် တည်ဆောက်ခဲ့ တာပေါ့။ အစ်မတို့ ပြောမယ်ဆိုရင် လူ့အခွင့်အရေး ကော်မရှင်ဆိုရင် စကားလုံး အရတင် လူ့အခွင့် အရေး ကော်မရှင် ဖြစ်နေတယ်။ ဒါပေမယ့် ပြည်သူ့ လူ့အခွင့်အရေးကို မကာကွယ်ရင် ဘယ်သူ့ လူ့အခွင့်အရေးကို ကာကွယ်မှာလဲ။ အာဏာရှင်စနစ် တစ်ခုကနေ တစ်ခု ကူးပြောင်းတာမှာလည်း တကယ်တမ်း အာဏာကို ဗဟိုဦးစီးစနစ် ကနေ ခွဲဝေပေး လိုက်တာမျိုး မဟုတ်ဘဲနဲ့ ပုံစံအရ ရှုပ်ထွေးသွားပြီးတော့ တကယ်တမ်း နိုင်ငံရေး ပါဝါက ဘယ်သူ့ဆီမှာ ရှိသလဲ ကြည့်ရင် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာပဲ ရှိနေတာ ဆိုတော့၊ စစ်ဦးစီးချုပ်က ကိုင်ထားတဲ့ ၁၁ ဦးကော်မတီ မှာပဲ နိုင်ငံရဲ့ အမြင့်ဆုံး ပါဝါယူထားတယ်ဆိုရင် သူတို့ရဲ့ တည်ဆောက်မှုက တော်တော်လေး ခိုင်မာသွားပြီလို့ မြင်တယ်။

မေး။ ။ လတ်တလောမှာ နယ်စပ်မြို့ (မဲဆောက်)မှာနေတဲ့သူတစ်ယောက် အနေနဲ့ ပြည်တွင်းထဲက အဖွဲ့အစည်း တွေကို ဘယ်လောက်အထိပံ့ပိုးပေး နိုင်မှာလဲ။

ဖြေ။ ။ အစ်မ တောက်လျှောက် လည်း ပံ့ပိုးခဲ့ပါတယ်။ အဖြူရောင် လှုပ်ရှားမှုတို့၊ အင်္ဂါနေ့ ဆုတောင်းပွဲ တို့၊ လောင်စာ ဆီ ဈေးတက်တဲ့ကိစ္စ တို့၊ ရွေဝါရောင် တော်လှန်ရေး တို့မှာလည်း နိုင်ငံတကာက သူတွေသိအောင် နယ်စပ်ကနေ တင်ပြပေးတယ်။နိုင်ငံတကာ မီဒီယာတွေကြားထဲမှာ ချက်ချင်း သတင်းရအောင် တင်ပြပေး တယ်။ ပြောချင်တာ ကတော့ မြန်မာနိုင်ငံရဲ့အပြောင်းအလဲက ပြည်တွင်း ကနေပဲ ဖြစ်ရမယ်။ နယ်စပ်ကနေ ပြောင်းလို့ မရဘူး။ ဒါပေမယ့် ဒီလို အပြောင်းအလဲတွေအတွက် ပံ့ပိုးပေး တာလောက်ပဲ ဆောင်ရွက်နိုင်မှာပါ။ လိုအပ်ချက် အရပေါ့။

မေး။ ။ ဒီမိုကရေစီအရေးဆောင် ရွက်ကြတဲ့  အရင်မျိုးဆက်နဲ့  အခု မျိုးဆက် အကြားမှာ အတွေးအမြင် ပိုင်းပဲဖြစ်ဖြစ် ကွဲပြားမှုတစ်စုံ တစ်ခု များ ရှိပါသလား။

ဖြေ။ ။ ယုံကြည်ချက်ပိုင်း ဆိုင်ရာ စိတ်ဓာတ် သံန္နိဋ္ဌာန်ချမှုတွေ မှာတော့ အထူးကြီး ကွဲပြားတယ်လို့ မမြင်ပါဘူး။ သူတို့လည်း စိတ်ဓာတ် တက်ကြွတယ်၊ ယုံကြည်ချက် ပြင်းတယ်။ အစ်မတို့ တုန်းကထက် လုပ်နိုင်စွမ်းအား ပိုပြင်းတယ်။ အစ်မတို့တုန်း က လူ့အခွင့်အရေးသာ ထအော်တာလေ၊ အဓိပ္ပာယ် အနှစ်သာရ သေချာ သိခဲ့တာ မှ မဟုတ်တာ။ သူတို့ကို (လက်ရှိ မျိုးဆက်) ပိုပြီးတော့ အားရတယ်၊ ဂုဏ်လည်း ဂုဏ်ယူတယ်။ အစ်မတို့ ၂၄ နှစ် ဖြတ်သန်းပြီးတဲ့ ကာလမှာလေ အပြောင်းအလဲကို မတွေ့ခဲ့ရတဲ့အခါမှာ၊ ဥပမာပေါ့၊ ရွေဝါရောင်(၂ဝဝ၇ ခုနှစ်) မှာတုန်းက လူငယ်တွေ တက်လာတာ တွေ့ လိုက်ရတော့ ငါတို့ ၈၈ ကတည်းက လုပ်ခဲ့တာတွေ အခုအချိန် အထိ မပြီးနိုင်ဘဲနဲ့ နောက်ထပ် မျိုးဆက်သစ် တွေအထိ၊ အစ်မတို့လည်း ပညာရေး တွေ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် ငါတို့ တာဝန်မကျေပါလားလို့ ခံစားမိ တယ်။ နောက်ထပ် မျိုးဆက်တွေပါ ကြိုးစားပြီးတော့ ဒီမိုကရေစီ တိုက်ပွဲကို ဆက်ဝင်နေတာ တွေ့ရတော့ ပီတိ ဖြစ်မိပါတယ်။

မေး။ ။ ၂ဝဝ၈ခုနှစ်တုန်းက လူ့ အခွင့်အရေးဆိုင်ရာဆုတစ်ခုဖြစ်တဲ့ (Global Leadership Awards) နဲ့  (Anna Lindh Prize) ဆု ရရှိခဲ့သူ တစ်ဦးအနေနဲ့ ဒီမိုကရေစီကို နည်းလမ်းတကျ ကျင့်သုံးတယ်ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်ကို အစ်မရဲ့အမြင်လေးနဲ့ သုံးသပ်ပေးပါ။

ဖြေ။ ။ ဒီမိုကရေစီ မျှော်မှန်းတယ် ဆိုတဲ့ နေရာမှာ လူတွေအနေနဲ့ အတန်းပညာ (Formal Education) ဘယ်လောက်ပဲ တတ်တတ် မတတ်တတ် အားလုံးက မွေးကတည်းက လူရဲ့ ထူးခြားချက် လူရဲ့ဂုဏ်သိက္ခာ နဲ့တွေးနိုင်တယ်။ အဲဒီ တွေးနိုင်တဲ့ အတွေးကို ဖွင့်နိုင်ခွင့် မျှဝေနိုင်ခွင့် ရှိခြင်း မရှိခြင်းကသာလျှင် အဓိက ကျတယ်။ အစ်မ ယုံကြည်တာ ကတော့ လူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုပေါ့။ အဲဒါက အခြေခံလို့ အစ်မကမြင်တယ်။ အဖွဲ့ အစည်း တစ်ခု ရှိတယ်၊ ဆုံးဖြတ်ချက်တွေ ချမယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ကို ခေါင်းဆောင်ဖြစ်သူက ချရတယ် ဆိုရင်တောင်မှ အားလုံးရဲ့ အတွေး အခေါ်တွေ သဘောထားတွေကို လမ်းဖွင့်ပေးပြီး၊ အဖွဲ့ဝင်တွေကို လမ်းဖွင့် ပေးပြီး သူတို့တွေရဲ့ ဆုံးဖြတ်ချက် တွေအပေါ်အခြေခံတဲ့ ဆုံးဖြတ်ချက် ကို ချတဲ့ကျင့်စဉ်က ဒီမိုကရေစီ ကျင့်စဉ် အများကြီးထဲက တစ်ခုပါ။

မေး။ ။ နိုဝင်ဘာ ၁၉ ရက် က လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံ ခရီးစဉ် အပေါ် အစ်မရဲ့ အမြင်လေးသိပါရစေ။

ဖြေ။ ။ နိုင်ငံတစ်နိုင်ငံက သူ့နိုင်ငံရဲ့ အကျိုးစီးပွားကို ကြည့်ပြီး လုပ်တာတော့ ရှိမှာပဲ၊ ရှိတာပဲ။ အဲဒီအပေါ် မှာ လောလောဆယ်တော့ တရုတ်ကို (Power Balance) လုပ်ဖို့ အမေရိကန် လာတာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံ တစ်နိုင်ငံက သူများနိုင်ငံ တစ်နိုင်ငံမှာ အလှူငွေပဲ ထည့်ထည့် နောက်ဆုံး ပြန်ကြည့်ရင် သူ့နိုင်ငံ အကျိုး စီးပွား စဉ်းစားချက်က နိုင်ငံရေး အရသော် လည်းကောင်း စီးပွားရေးအရသော် လည်းကောင်း ပါကြတာပါပဲ။

မေး။ ။ အမေရိကန် သမ္မတရဲ့ မြန်မာ ပြည်ခရီးစဉ်ကြောင့် ပြည်တွင်း ပဋိပက္ခတွေကို ဘယ်လောက်အထိ အကျိုး သက်ရောက်မှု ရှိနိုင်မလဲ။

ဖြေ။ ။ အစ်မ မြင်တာကတော့ အခုရှိနေတဲ့ အစိုးရရဲ့ စေတနာပဲ (အစိုးရ အပေါ်တွင်သာမူတည်မည်)။ အရင် တုန်းက လည်း နိုင်ငံတကာက ဖိအားပေးတယ်၊ လုပ်တာမှ မဟုတ် ဘဲ။ အခုလည်း နိုင်ငံတကာက ငွေ ထုပ်ကြီး ပုံလာပေးလည်း သူတို့ လုပ်မှ ဖြစ်တာ။ အဓိကကတော့ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ပြည်သူအပေါ် မှာ၊ တိုင်းပြည် အပေါ်မှာ ထားတဲ့ စေတနာ မှန်ကန်မှုအပေါ်မှာပဲ သူတို့ ရဲ့  လုပ်ရပ်က မူတည်မှာပါ။

ဒေါ်ခင်ဥမ္မာသည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈  ရက်တွင် တပ်မတော်မှ အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံ လုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ထိုင်းနိုင်ငံ နယ်စပ်တွင် မြန်မာ အမျိုးသမီး သမဂ္ဂ (BWU) တွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ သူမ၏ လုပ်ဆောင် ချက်များ ကြောင့် ၂ဝဝ၈ ခုနှစ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဆုများဖြစ် သည့် (Global Leadership Awards) နှင့် (Anna Lindh Prize) ဆုများ ရရှိခဲ့ ပြီး လတ်တလောတွင် ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့တွင် နေထိုင်ကာ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (NDD) ၏ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု(FDB) တွင် အတွင်းရေးမှူး (နိုင်ငံခြားရေး) အဖြစ် တာဝန်ယူကာ အာရှပစိဖိတ် နိုင်ငံ များမှ လူထုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ လာရေး အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝဝ၂

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*