ဆောင်းပါး — မတ် ၉၊ ၂ဝ၁၃

ဖေဖော်ဝါရီ ၂၅/၂၆-၂၀၁၃

မြတ်မနောဟိုတယ်မှ လမ်းလျှောက် ပြီး အောက်ဖက်သို့ စိုက်ဆင်းခဲ့လိုက် ကြသည်။ ကျော်သူရ၊ ကောင်းမြတ်ဦး တို့က ကင်မရာတစ်လုံးစီလွယ်လျက် မိမိကတော့ တိုလီမုတ်စများ ထည့် ရန် မန္တလေးမှာ ဝယ်လာသော ဇစ်ဆွဲအိတ် ပခုံးချိတ်လျက်။ ကန်ကြီး ကွေ့ ဆိုင်ကယ်တက်(က်)စီသမား များက လှမ်းအော်မေး နေကြသည်။ မိမိတို့က လက်ကာပြပြီး ချယ်ရီစားတော်ဆက်ဖက် ဆက်လျှောက်ခဲ့လိုက် သည်။ နံနက်စာကို မြန်မြန်သွက်သွက် စားရမည်။ ပြီးလျှင် ဆရာမ သင်းမြ စန္ဒီထံသို့ ဖုန်းဆက်ရမည် စသဖြင့် အတွေးထဲမှာ စဉ်ထားလိုက်ရသည်။ စားရင်း ဆရာမထံ ဖုန်းဆက်သွယ် တော့ ဖုန်းမကိုင်၊ ထို့ကြောင့် ဒေဝီထံ ထပ်မံ ဆက်ဖြစ်သည်။ သူလည်း ဖုန်းမကိုင်။ ပြီးအောင် မြန်မြန် စားလိုက်ပြီး လက်ဖက်ရည် ပုံမှန်တစ်ခွက် လှမ်းမှာ၊ ထို့နောက် ဆရာမထံ ပြန်ဆက်။

“ကိုဇော်ခိုင်ဦးရေ၊ ကျွန်မက အိမ်မှာ၊ ဦးလေးနားမှာ ဒေဝီရှိတယ်။ ဆေးရုံပဲ သွားလိုက်တော့နော်” ။ အောင်ပန်း ပြည်သူ့ဆေးရုံက ကန်ကြီးနှင့် မျက်နှာပြုကာ ကုန်းကမူ အထက်မှာ ငြိမ်သက်စွာ ရှိသည်။ မိမိတို့ဆေးရုံဝင်း ထဲရောက်သွားသည်နှင့် တာဝန်ကျသူများက မည်သူ့ထံလာမှန်း သိနေပုံ ရသည်။ သီးသန့်ဆောင်သို့ ညွှန်ပြ ကြသည်။ တိုင်းရင်းသား၊ တိုင်းရင်းသူ အများစုကို ဆေးရုံဟောက်စ်ခန်း ထဲ၌ လှမ်းတွေ့လိုက်ရပြန်သည်။ သီးသန့်ဆောင် အခန်း ၃။ ဘေးနှစ် ဖက်ရှိ အခန်းများက တံခါးတွေဖွင့် ထားကြပြီး အခန်း ၃ က တံခါးကို စေ့ထားတာတွေ့ရသည်။ ဟသည်ဆိုရုံ သာဟထားသည့်  တံခါးကြားကနေ အခန်းတွင်းသို့ ကြည့်လိုက်မိသည်။ ဒရစ်ပိုက် တန်းလန်းနှင့် ခေါင်းစွပ်ကလေး စွပ်ထားသော ဆရာကြီးဒဂုန်တာရာကို ဦးစွာမြင်လိုက်ရသည်။ ဆရာအိပ်ပျော်နေဟန် တူသည်။ တံခါးကို တွန်းပွင့်လိုက်တော့ အောက် ခြေက ကျပ်နေ၍ အသံက တဂျစ်ဂျစ် မြည်သွားရသည်။  နံဘေးတွင်ထိုင်နေ သော ဒေဝီကို လှမ်းနှုတ်ဆက်ရ သည်။ မိမိတို့တစ်တွေ ထိုင်သည်၊ ထသည်ကအစ ညင်သာစွာပြုမူကြ ရသည်။ ခပ်တိုးတိုးလေ သံဖြင့် ဒေဝီ နှင့် စကားပြောရသည်။

“ဖိုးဖိုးကြီး အခြေအနေ”ဒေဝီ က ပင်ပန်းနွမ်းနယ်ဟန်ဖြင့် “ကနေ့တော့ အခြေအနေက တိုးတက်ပါတယ်” ဟု ပြန်ဖြေသည်။ ကုတင်ထက်မှ ဆရာကြီးကို မိမိကကြည့်ပြီး စိတ်ထဲက အလိုလိုမောလာရသည်။

“ဆေးရုံအုပ်က ဒေါက်တာ ကောင်းမြတ်၊ သူကလည်း ကဗျာဆရာ ဆိုတော့ ဖိုးဖိုးကြီးကို အတော် ဂရုစိုက် ပါတယ်။ ပြီး တော့ မန္တလေး က ဒေါက်တာ အောင်ကြီးဆီကနေ ညွှန်ကြား ချက်တွေယူပြီး ကုသပေးတာမို့  အဆင်ပြေပါတယ်”

ဒေဝီ့စကားတချို့ကို နားထောင်ပြီး ခေါင်းညိတ်။ ဆရာကြီး ခန္ဓာပါး လှပ်လှပ်လေးက စောင်ပုံအောက်ထဲ ရောက်နေရှာပြီ။ မိမိ လက်ဝဲဖက် တွင် အောက်ဆီဂျင်ဘူးရှည်ကြီးက မိုးတိုးမတ်တတ်။

“ထမင်းရည်လေးနဲ့ ပဲရည်လေး စပ်ပြီးတော့ ဇွန်းလေးနဲ့ပဲ ဝင်အောင် တိုက်ထားရတယ်။ ညပိုင်းတော့ အိပ်ပျော်ပါတယ်။ သမီးနဲ့ မေမေက တစ်လှည့်စီ စောင့်ပေးနေရတာလေ။ နာ့ (စ်) ကို ညပိုင်းမှ အကူခေါ်ထား တယ်”

ဒေဝီ့စကား အဆုံးတွင် ဒေါက်တာ ကောင်းမြတ်တို့ ဝင်လာကြသည်။ မိမိတို့လည်း အခန်းတွင်းမှ အပြင်သို့ ခဏထွက်ပေးလိုက်ကြရသည်။ ကုန်းမြင့်ထက်မှ အောက်သို့ လှမ်း ကြည့်ရသော အောင်ပန်းမြင်ကွင်း။ တောင်ကြီးတက်ရာ ကားလမ်းက ကန်ကြီးနားတွင် ကွေ့ပြီး ခပ်လွန့်လွန့်။

ဗထူးပန်းခြံကိုလည်း လှမ်း မြင်နေရပြန်သည်။ ရှေ့လ(မတ်လ)ဆို အောင်ပန်းမြို့သက်က နှစ်တစ်ရာ တင်းတင်း ပြည့်တော့ မည်။ ၁၉၁၃-၂၀၁၃။

“နံနက်စောစောအိပ်ရာမှ နိုးလာချိန်တွင် အပြင်ဘက်မှ ငှက် အော်သံများကို ကြားလာရသည်။ ကြက်တွန်သံ ကလည်း ခပ်ဝေးဝေးမှ ထွက်ပေါ်လာသည်။ ထို့ ကြောင့် မိုးလင်းခါနီးပြီဟု အချိန်နာရီကို သတ်မှတ်လိုက်သည်။ ကျွန်တော် သည် အိပ်ရာဘေးမှ ကပ်လျက်ထားရှိသော ရေဒီယို ခလုတ်ကို ဖွင့်လိုက်သည်။ ရေဒီယို အချိန်မှတ် တေးသံများ (သို့) စကားပြောသံများကို ကြားလျှင် အသာနားထောင်ရင်းက လေး နာရီခွဲသည်ကို သိလိုက် ရသည်”

(ဆရာကြီး ဒဂုန်တာရာ၏ “နေ့စဉ်မှတ်တမ်း”မှ ကောက်နုတ်ချက်)

ယခု ဆေးရုံကုတင်ထက်မှ ပါးစပ်ခပ်ဟဟဖြင့် ဖြေးလေးစွာဖြင့် ရှုရှိုက်နေရသော ဆရာတစ်ယောက် ရေဒီယို လေးထံ လက်မလှမ်းနိုင်ရှာတော့ပြီဟူသော အတွေးက မိမိကို ရိုက်ပုတ်နေခဲ့ပြီ။ ဟိုတုန်းက အောင်ပန်း မြို့မဈေး အနောက်ဖက်၊ ပြင်သာ ကျောင်းတိုက် မြောက်ပေါက်ထွက် စပ်နားဆီက ဆရာကွန်းခိုရာ ၂ ထပ် အိမ်လေးထဲ ရောက်လျှင် ချယ်ရီတုတ် နရီသံကို ဦးစွာကြားခဲ့ရသည်။

“မွေးနေ့တစ်နေ့ ပင်းတယလမ်း၊ ဖြတ်သန်းကျော်လျက် ကဆုန်တောင်တက်၊ နွေရက် မွှေးရှ၊ ထင်းရှုးထုံမြ၊ အပြန်လမ်း မှ ငါ့အားပေးသော၊ လက်ဆောင် တောင်ဝှေး ပွေးရင်းချယ်ရီကိုင်း ဖြတ်သား။

ဖြတ်ခါစမို့ နှင်းဆွတ် စိမ်းဖတ် လတ်ဆတ်နေဆဲ၊ အမှီ သဟဲ တုတ်ကိုကိုင်ဆွဲ၊ ရဲရဲ တက်နိုင် မယိုင်မမော၊ တောနံ့ တောင်နဲ့ သင်းပျံ့လန်းဆန်း ခရီး လမ်းတွင်၊ ပျော်ရွှင်ကြည်လင် ချယ်ရီတုတ်က၊ အဖော်ကောင်းရ”

“ချယ်ရီကိုပြုပြင်ရခြင်း”ကဗျာထဲတွင် ဆရာရေးဖွဲ့ သီကုံးပေးခဲ့သော ကဗျာတစ်စ။ ဆရာက သူ့ချယ်ရီ တုတ်ကောက်လေးကို စွဲစွဲလန်းလန်း ဖြစ်ရာသည်။ ဖြစ်မှာပေါ့ သူ့အဖော်ပဲ ဟာကိုး၊ ထိုချယ်ရီတုတ်လေး ကိုင်ပြီး စမ်းတမ်း၊ စမ်းတမ်းနှင့် အိမ်ဘေးက မြေကွက်လပ်လေးထဲ လမ်းလျှောက်ရသည်။ လမ်းတစ်ဖက်တွင် ကန်ဇွန်းခင်းနှင့် ဂေါ်ရခါးပင်တို့ ရှိသည်။ ညက နှင်းကျထားသဖြင့် အပင်တို့က စိုတိုတို၊ အလင်းရောင် ကို မျက်စေ့က မြင်ရပေမယ့် သစ်ပင်များကိုတော့ ကွဲကွဲပြားပြား မမြင်ရ။ ရိုးတိုးရိပ်တိပ်မျှသာ။ ဆရာဒဂုန်တာရာသည် ထိုလမ်းကလေးကို အခေါက်ပေါင်း များစွာ လျှောက်ခဲ့သည်။ ချယ်ရီ တုတ်လေးက ဆရာ့ ဦးတည်ချက်မှ သွေဖည် မသွားရအောင် ထိန်းမတ်ကူမ ပေးခဲ့သည်။ ဆုတ်သည့်အခါ ဆုတ်၊ ကွေ့သည့်အခါကွေ့၊ ဆရာက လမ်းလျှောက်ရင်း သစ်ပင်တို့ကို စမ်းရသည်။ အရွက်များမှာ ခပ်စိုစို၊ အေးမြမြ၊ ဦးတည်ချက်၏ ဒဿန(သို့) သစ္စာတရားကို တွေ့ရှိစပြုလာ သည်ကို ဆရာက “ချယ်ရီတုတ်နှင့် ဂေါ်ရခါး ရွက်စိမ်း” တွင် ရေးခဲ့ဖူးသည်။ မိမိသည် ဆရာရေးဖွဲ့ခဲ့သော စာတချို့၊ ကဗျာတချို့ကို ပြန်အမှတ်ရမိရင်း စောင်ပုံထဲမှ တိုးထွက်လာ သော ဆရာ့စာရေးလက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်လိုက် မိသည်။ အကြော စိမ်းစိမ်းကြီးများ ရုန်းကြွနေသည့် ဆရာ့လက်။ မိမိတို့ စွဲလန်းနှစ်ခြိုက်စွာ ဖတ်ခွင့်ရခဲ့သော “မေ”ဝတ္ထု၊ “ရုပ်ပုံလွှာ”၊ “ကြာပန်းရေစင်” ဝတ္ထု၊ “ဒဂုန်တာရာ၏ ဒဂုန်တာရာ”၊  “ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ” ပြည်ပခရီး မှတ်တမ်း၊ “ဒဂုန်တာရာဝတ္ထု တိုပေါင်းချုပ်” စသည်တို့ကို ယခုမိမိ ခပ်ဖွဖွ ဆုပ်ကိုင်ထားမိသည့် “လက်” ဖြင့် ရေးခဲ့ခြင်းပါလား။ သီးသန့် ဆောင် အခန်း ၃ထဲတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုးနေသည်။ ဆရာအိုက်၍ ထင်သည်၊ ကုတင်ထက်မှ နည်း နည်း လှုပ်လာသည်။ ဘယ်ဖက်ဒူးက ထောင်ထား၍ စောင်များက အလိုက် သင့်မဖြစ်။ ဆရာမ သင်းမြစန္ဒီ (ဒေါ်မြင့် မြင့်စိန်)က ဦးလေး၊ ဦးလေးဟု ခေါ်ရင်း ရေသောက်မလားဟု မေးနေရှာ သည်။ ဆရာ့နှုတ်မှ မပီမသ အသံ ထွက်ကျလာသည်။ သောက်ရေခွက်ထဲမှ ရေကို ဇွန်းဖြင့်ခပ်ပြီး တစ်ဇွန်း ချင်းခပ်တိုက်ပေးနေသည်။ မိမိသည် ထိုမြင်ကွင်းကို ကြည့်ပြီး “အိုမင်း မစွမ်း” ဟူသော ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ စကား သတိရနေမိသည်။ မောမောပမ်းပမ်းဖြင့် ဇွန်းထံ မှ ရေကို စုပ်ယူမြိုချနေရှာသော ဆရာ ဒဂုန်တာရာ။ ဖိတ်စဉ် ကျလာသော ရေတချို့ကို ဆရာမက တစ်ရှုးစဖြင့် လိုက်တို့ပေးပြီး ထပ်သောက်ဦးမလား ဦးလေးဟု မေးနေပြန်သည်။ တစ်ခါ တုန်းက အတိအကျပြောရလျှင် ၁၉၄၆ ခုနှစ်က မဂ္ဂဇင်းတစ်စောင် ထုတ်ခဲ့ဖူးသည်။ “တာရာမဂ္ဂဇင်း” ။ ဦးစွာ စိတ်ကူးသည်က သူငယ်ချင်း များနှင့် စုပြီး “ဆန်းသစ်ဦး”။ တစ်လ နှစ်ကြိမ်ထုတ် စာပေဂျာနယ်။ ကာတွန်း ဦးဘဂျမ်းထံ အဖုံးအပ်ဖို့ စီစဉ်ပြီးပြီ၊ ဆရာက ဒိုင်ခံပြီး ယဉ် ကျေးမှုဆောင်းပါးများ ရေးသည်။ ကနေ့ခေတ်ထိ နာမည်ကျော် ဆရာ့၏  “အောင်ဆန်း(သို့)အရိုင်း”ဆိုလျှင် ထို“ဆန်းသစ်ဦး” အတွက်ဖြစ်သည်။  မဟာဆွေ၏ “မယ်တို့ပြည်မောင်တို့ ပြည်” ဝတ္ထုဝေဖန်ချက်၊ ဂေါ်ကီ၏ “နေ့စဉ်မှတ်တမ်း” ကို ဘာသာပြန်ထားပြီး ဆရာမင်းသုဝဏ်ထံမှ ရှေး စာပေနှင့်ပတ်သက်သော ဆောင်းပါး၊ ဗဟန်းရှိ ဆရာ မောင်တင့် ထံမှ “လူကြီးများ အဖို့ ပုံပြင်”တို့ကို တောင်းထားပြီးပြီ။ ဝါးခယ်မရှိ သခင်နုထံမှ ပြဇာတ်တို တစ်ပုဒ်၊ ဆရာ ဇော်ဂျီ ထံမှလည်း မျှော်လင့်လျက်…။ သူ့စိတ်ကြိုက် အားလုံးစီစဉ်ပြီးကာမှ “ဆန်းသစ်ဦး”က မထုတ်ဖြစ်ခဲ့။ ဆရာ ဒဂုန်တာရာမှာ မဂ္ဂဇင်းမထုတ်ရ မနေနိုင်သဖြင့် ကိုယ်ပိုင်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

“တာရာမဂ္ဂဇင်း” အမည်ဖြင့် ထုတ်ဝေခွင့် လျှောက်သည်။ ပန်းချီ  ဦးဘကြည်ထံ အဖုံးအပ်သည်။ “တာရာဆိုတာ လင်းအရုဏ်ရဲ့ အမှတ်အသားပါပဲ၊ ဆန်းသစ်လာရမယ့် စာ ပေခေတ်ကြီးရဲ့ ရှေ့တော်ပြေး ကြယ်ပွင့်လို့ ဆိုလိုပါတယ်” ဟု တာရာနှင့် ပတ်သက်ပြီး ဆရာက ဦးဘကြည်ကို တတွတ်တွတ်ရှင်းပြနေခဲ့သည်။ မိတ် ဆွေများ ဖြစ်သော သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ထံမှ ဆောင်းပါး များ တောင်းခံထားသည်။ ကိုဗဟိန်း က မမာသဖြင့် မန္တလေးပြောင်းသွား ၍ စာမူမရ။ ပြည်ရှိ ဗန်းမော်တင် အောင့်ထံမှ ဆောင်းပါးတစ်ပုဒ်ရပြီ။ သေချာသည်က တာရာအမှတ် ၁ တစ်အုပ်လုံးကို ဆရာဒဂုန်တာရာ ဒိုင်ခံပြီး ရေးခဲ့ရခြင်းပင်။ “အောင် ဆန်း(သို့) အရိုင်း”၊ “ညတစ်ည”၊ “ငွေလှေပေါ်က အနမ်း”၊ “ကဗျာဆရာနှင့် ပြည့်တန်ဆာ” ရေးခဲ့ရလေသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၄ ရက်၌ တာရာမဂ္ဂဇင်း ထွက်ခဲ့သည်။ ဒီဇင်ဘာ ၁၉၄၆ ခုနှစ်တွင် စတင်ပြီး ၁၉၅၀ ခုနှစ်တွင် ရပ်သွားခဲ့သည့် မဂ္ဂဇင်း၊ မိမိထံတွင် ထို “တာရာ မဂ္ဂဇင်း” စုစုပေါင်း ၄ အုပ်မျှရှိသည်။ အတွေးတို့က ကစဥ့်ကလျား ဖြစ်သွားရသည်။ ဆရာကြီး ဒဂုန်တာရာက သူ့ဝဲလက်မှ ထိုးသွင်းထားသော အပ်ပိုက်ကို ဖြုတ်ပစ်ချင်ဟန်ပြပြီး ပါးစပ် မှ မပီဝိုးတဝါးစကားသံတို့က အခန်းတွင်း၌ ရိုက်ခတ်နေခဲ့သည်။ ဆရာမ က ဦးလေး၊ ဦးလေး ဟုခေါ်ပြီး ဆရာ့ လက်ကို ဂရုတစိုက် ထိန်းထားရှာသည်။ ခဏအကြာတွင် ဆရာကမော သွားဟန်ဖြင့် ပြန်မှိန်းသွားပြန်သည်။

“မသိတဲ့သူတွေက ဦးလေး ကို လာချောင်းကြည့်ကြတာ၊ ဦးလေးက ကက်ဆက်နဲ့ အသံ ဖမ်းပြီး စာရေးတော့ တစ်ခါတစ် လေ လူကမု(ဒ်)ဝင်သွားပြီး ဘေး က ဘယ်သူနဲ့များ စကားပြောနေ ပါလိမ့်ပေါ့။ အဲသလို ပါးစပ်က ပြောပြီး စာရေးခဲ့တာ။ ၁၉၈၀ ဝန်းကျင်က စတာပဲ။ သုနာပရန္တက စပြီးရေးခဲ့တာ။ ကက်ဆတ် ခလုတ် On နဲ့ Off ကို ပြန်နားထောင်လိုက်၊ ပြန်ရေးလိုက် ကနေ့နောက်ဆုံး “လက်ပန်းတောင်းတောင် ကြေညာချက်” အထိ ပါးစပ်နဲ့ ရေးခဲ့တာလေ”

ဆရာမ သင်းမြစန္ဒီက ဆရာ ဒဂုန်တာရာ စာရေးခြင်းပုံစံနှင့် ပတ်သက်ပြီး မိမိတို့ကိုပြောပြနေခဲ့သည်။ ထိုသို့ ကက်ဆက်ထဲပြောပြီး စကားများကို (ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ရုပ်ပုံလွှာ) ဆရာမက ပြန်ကူးပြီး ရေး ပေးခဲ့ ရခြင်းပင်ဖြစ်သည်။ တစ်ခါတစ်လေ ပြောပြီးသား စကားတချို့ကို မကြိုက်လျှင် အသစ်ပြန်ပြောခြင်းဖြင့် ရေးသား ခြင်း။

“မုန်းစရာကတော့ ကျွန်တော်သည် သိပ်စဉ်းစားတတ်သူ မဟုတ်၊ ဘာကြောင့်မုန်းရမှာလဲ၊ မကြိုက်သည်နှင့် မုန်းရမည် ဆိုသည်ကို ကျွန်တော် နားမလည်၊ မကြိုက်ခြင်းသည် မိမိနှင့်သဘော ချင်းမတိုက်ဆိုင်ဟုသာ နားလည် လိုက်သည်။ သဘောချင်းမတိုက် ဆိုက်တာဘာဆန်းသလဲ။သဘော ချင်းတိုက်ဆိုင်ရန်မလို။ တိုက် ဆိုင်ချင်မှ တိုက်ဆိုင်မည်။ အယူ အဆ မတူသည်နှင့်ကျွန်တော်မည် သူ့ကိုမျှ မမုန်း။ မုန်းစရာမဟုတ် ဟု တွက်ထားသည်။ ထို့ကြောင့် ကျွန်တော်က မုန်းသူမရှိဟု ပြော လိုက်သောအခါ တချို့က နားမလည်။ ငယ်ရွယ်သူများသည် ရန်သူဟူသော စကားကို ပြော တတ်ကြသည်။မိမိနှင့်အယူအဆ မတူရုံဖြင့် ရန်သူ ဖြစ်ရမည်လား။ မဖြစ်နိုင်ပေ။ အယူအဆမတူလျှင် ရန်သူမဟုတ်။ လူအမျိုးမျိုးစိတ် အထွေထွေဟု ကျွန်တော်တို့ ပြော တတ်ကြသည်။ မတူခြင်းကြောင့် မတူသူကို ကျွန်တော်က ရန်သူ ဟူ၍ သဘောမထား။ ရန်သူဟူ သော စကားကလည်း ကျယ်ဝန်း လှသည်။ မည်သူ့ကို “ရန်သူ”ဟု  ခေါ်ရမည်လဲ။ ထို့ကြောင့် ကျွန် တော်က “ရန်သူမရှိ” ဟုပြောလိုက်သောအခါ ရန်သူဟု လွယ် လွယ်နှင့် ပြောတတ်သူတို့က သိပ် လက်မခံချင်ကြ။ ဤသို့ လက်မခံ ခြင်းကို ကျွန်တော်နားလည်သည်။ ကျွန်တော်က ယင်း “ရန်သူမရှိ မိတ်ဆွေသာရှိ” ဟု ပြောလိုက် ပြီးကတည်းက မျှော်လင့်ထားသော အရာ”

၁၉၁၉ ခုနှစ်၊ မေ ၁၀ ရက် စနေတွင် တစ်ဦးတည်းသော သား အဖြစ် မွေးဖွားခဲ့သူ။ ဧရာဝတီတိုင်း ကျိုက်လတ် မြို့နယ် ထိုင်ကူမြစ်တန်း ရွာသားလေး မောင်ဋ္ဌေးမြိုင်။ ထင် ရှားသည့် ကလောင်များက ဒဂုန် တာရာ၊ ဗညားသီဟ၊ မောင်နန်းနွယ်၊ သူမ၏ မိတ်ဆွေတစ်ဦး။ ပန်းချီနှင့် ဂီတတွင်လည်း ဝါသနာထုံခဲ့သည်။ ဘဝ တစ်လျှောက်လုံး စာပေ အနုပညာ နှင့်သာနေထိုင်ခဲ့သူ၊ လူပျိုကြီး။ ဟိုအရင် မှော်ဘီဘောလုံးစက်ရုံဝင်းထဲ နေထိုင်စဉ်ကစပြီး ကနေ့ အောင်ပန်း ပြည်သူ့ဆေးရုံ သီးသန့်ဆောင် အခန်း ၃ ထဲအထိ ဆရာကြီး ဒဂုန်တာရာ့ ကို မိမိမှာ အကြိမ်ပေါင်း များစွာ တွေ့ဆုံ နှုတ်ဆက်ဂါရဝပြုခွင့်ရခဲ့ခြင်း သည်…။

ဇော်ခိုင်ဦး

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*