ဆောင်းပါး — ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၃

 

ပဉ္စရူပ စာအုပ်တိုက်က “စာကို စီလို့ လွမ်းတော်မူတယ်နှင့် ဆရာတင်မိုး (၆)နှစ်ပြည့် အမှတ်တရပွဲ”ကို တော်ဝင် နှင်းဆီ ငြိမ်းချမ်း ခန်းမမှာ ပြုလုပ်ပါတယ်။ အခမ်းအနားမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ မောင်မိုးသူ၊ ဒါရိုက်တာ ဝင်းဖေ၊ ဂုဏ်ထူး (ဦး) သိန်းနိုင်၊ ဒေါ်မာမာအေး အစ ရှိတဲ့ ဆရာတင်မိုးနဲ့ အနေရင်းနှီးသူ၊ ယုံကြည်ချက် တူညီသူ၊ သူ့ကဗျာ သူ့စာကို ချစ်မြတ်နိုးသူတွေ ခန်းမအပြည့် လာရောက်ပေါင်းဆုံကြပါတယ်။

အစီအစဉ်အရ မိမိက အဖွင့် အမှာစကား ပြောကြားရမှာဖြစ်ပေမယ့် ကားလမ်းပြည့်ကျပ်လို့ နာရီဝက်လောက် အချိန်နောက် ကျသွားတဲ့အတွက် အမှတ်တရ အဖွင့် အမှာစကားကို ဆရာကြီးဦးဝင်းတင်က စပြောရတယ်။ မိမိရောက်သွားတော့ ဒုတိယမြောက်အဖြစ် ဂုဏ်ထူးဦးသိန်းနိုင်က ပြောနေပါပြီ။ အဲဒီနောက်မှာမှ မိမိက ပြောခဲ့ ရပါတယ်။

မိမိပြောခဲ့တဲ့ အကြောင်းအရာ အကျဉ်းချုပ်ကတော့- မိမိရဲ့ ဇာတိက မကွေးတိုင်း၊ နတ်မောက်နယ်သား ဖြစ်ပြီး ဆရာ တင်မိုးက မန္တလေးတိုင်း၊ မြင်းခြံ ခရိုင်၊ တောင်သာနယ်က ကန်မြဲစကြမ်း (စောင်းချမ်း)သားဖြစ်ကြ ပေမယ့် မိမိတို့ အချင်းချင်းက ဆရာစဉ်ဆက် အရ ဆရာတူ တပည့်တွေချင်းဖြစ်ကြတာ ကို အကြောင်းပြုပြီး အချင်းချင်း တရင်းတနှီးဖြစ် ကြရတာပါ။

သူတို့ ရန်ကုန်ကို ရောက်လာကြတော့ မိမိက မွန်ပြည်နယ်၊ တောင်စွန်းကို တိပိဋကစာမေးပွဲအတွက် စာကျက် ဖို့ ရောက်နေပြီ။ ရန်ကုန်မှာစာ ပြန်ဆိုပြီးတဲ့အခါ စာသင်တိုက် တစ်ခုမှာ စာချကူနေရင်း ရန်ကုန်မှာပဲ အနေများ လို့ သူတို့နဲ့ ပြန်ဆုံကြပါတယ်။ ရန်ကုန် တက္ကသိုလ်ဝင်းထဲက ဦးနီ လ္ဘက်ရည်ဆိုင်မှာ သောကြာဝိုင်း ဆိုတဲ့ စာပေ စကားဝိုင်း ကလည်း ပုံမှန်ဖြစ်နေပါပြီ။

၁၉၈၅-၈၆ ခုနှစ် စာမေးပွဲရာသီ အစရောက်တော့ တောင်စွန်းဒေသမှာ ဆယ်တန်းနှစ်နှစ်ကျ လူငယ်လေးတွေ ပညာရေး လမ်းစပျောက်ပြီး မှောင်ခို ရထားပေါ် ရောက်ကုန်ကြတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စကားစပ်မိကြရာ က မိမိနေတဲ့ တောင်စွန်း က ရွှေစေတီ ကျောင်းတိုက်မှာ ပညာဒါနလုပ်ငန်း လုပ်ကြဖို့ တိုင်ပင်ဆုံးဖြတ် ကြပါ တယ်။ သောကြာဝိုင်းတော်သားများ ဖြစ် တဲ့ ဆရာဦးသာနိုး၊ မောင်စွမ်းရည်၊ သင်္ချာဦးလှဆောင်၊ ဦးဟုန်ဝမ်၊ ဦးစိုင်းအောင်ဝင်း၊ ဘိုင်အိုမင်းသစ် အစရှိတဲ့ ရန်ကုန်မှာ ဘာသာရပ် အလိုက် နာမည်ကြီး ဆရာစုံတို့ ပါဝင် တဲ့ ပညာဒါနပွဲကြီးပါ။

သောကြာနေ့ညနေ ဦးနီ လ္ဘက် ရည်ဆိုင်မှာ ဆုံကြ၊ နောက်နေ့လိုက် နိုင်မည့် ဆရာစာရင်းယူ၊ စနေနေ့ မနက်စော လေးနာရီ အမြန်ရထားနဲ့ တောင်စွန်းသွားကြ။ တနင်္ဂနွေနေ့ ညနေရထားနဲ့ ရန်ကုန်ပြန်ကြနဲ့ ပင်ပန်းကြသော်လည်း ပျော်စရာ လည်းကောင်း၊ အောင်လည်း အောင်မြင်တဲ့ ပညာဒါနပွဲကြီးပါပဲ။

အားလုံးသိကြတဲ့အတိုင်းပဲ ၈၈-ခုနှစ်ရောက်တော့ မိမိတို့ရဲ့ ပညာဒါန ကလည်း ပေးလှူခွင့် မရတော့ဘဲ ရပ်ဆိုင်း သွားပါတော့တယ်။ မိမိက အရင်က ကူညီလက်စ ဖြစ်တဲ့ ရန်ကုန် ကစာသင်တိုက်မှာပဲ စာချကူရင်း သောကြာဝိုင်းမှာတော့ မပျက်မီအထိ အားလုံးပုံမှန် ဆုံဖြစ်ကြပါတယ်။ နောက်တော့ သောကြာဝိုင်းလည်း ရပ် ဆိုင်းသွားတော့တယ်။

အရေးအခင်းပြီးတော့ ဆရာဂျမ်းလည်း ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ မြို့ရဆောက်တည်ရင်း စစ်အာဏာရှင်ဘေးရန် ကို တိမ်းရှောင်နေရတယ်။ စာစကားပေစကား အပေါင်းအသင်းတို့ရဲ့ စကားငတ်ရင် ထမင်းငတ်သည်ထက် ဣနြေ္ဒမရ ဖြစ်တတ်တဲ့ သူ့ဝါသနာ အတိုင်း အပြင်ထွက်ချင်တယ် တကဲကဲ လုပ်နေလို့ နေ့လည်နေ့ခင်းမှာ မိမိက သွားရောက်ပြီး အဖော်လုပ်စကား ပြောပေးရပါတယ်။

နောက်တော့ အားလုံးသိတဲ့အတိုင်း သူ အဖမ်းခံရတာပါပဲ။ မြို့တွင်းက ရဲစခန်းအချုပ်တွေမှာ ဟိုပြောင်းဒီရွှေ့ ထားရင်း နောက်ဆုံး မြို့လယ်အချုပ်ခန်းကနေ အင်းစိန်ကို ပြောင်းရတော့မယ် ဆိုတော့ ပန်းချီယဉ် မင်းပိုက်နဲ့အတူ သူ့မိသားစုများပါ သွားရောက်နှုတ်ဆက်ပြီး အားပေး စကားပြောလိုက်သေးတယ်။ အဲဒီ နောက် သုံးနှစ်ကျော်ကျော်လောက် လူချင်းကွဲနေကြတယ်။ ထောင်က လွတ်ပြီး နောက်တစ်ရက်မှာ သွားတွေ့ခဲ့ ပါတယ်။ နောက်မကြာခင်မှာပဲ တောင်စွန်းကို သွားချင်တယ် ဆိုတာနဲ့ ခေါ်သွားခဲ့ပါတယ်။

ရောက်ခါစမှာတော့ “တောနဲ့ တောင်နဲ့၊ ကျောင်းနဲ့ ဘုရားနဲ့ အေး ချမ်းလိုက်တာ”လို့ ဝမ်းသာစကား ပြောပါသေး တယ်။ ဒါပေမယ့် မိမိနေတဲ့ ကျောင်းက ရဲဘက်စခန်းနဲ့ စပ်နေတော့ အဲဒီစခန်းထဲကပဲ ဖြတ်သွား ဖြတ်လာ လုပ်ရတာပါ။ နှစ်ရက်မြောက်နေ့ကြတော့ တပည့်ဟောင်းတွေက ခေါ်လို့ အဲဒီရဲဘက်စခန်း အတိုင်းပဲ ဖြတ်ပြီး လ္ဘက်ရည်ဆိုင် သွားကြရာက ပြန်လာတော့ “ဦးဇင်း မနက်ဖြန် ပြန်တော့မယ်”တဲ့။ “ဘာကြောင့် ရုတ်တရက်ကြီး ပြောင်းလဲသွားရတာတုန်း” ဆိုတော့ “ကျောင်းမှာ နေရတာကတော့ အေးချမ်းပါတယ်။ ဒါပေမယ့် အဲဒီအဝတ်ဖြူနဲ့ လူတွေကို မြင်ရတာ ရင်ထဲမှာ နှလုံးနာတယ်၊ ဘယ်လိုမှ ခံစားလို့မရဘူး”တဲ့။ ပြီးတော့ “တပည့်တော်ငယ်စဉ် ကတည်းက ရွာမှာဝတ်ဖြူစင်ကြယ်နဲ့ အဖိတ်နေ့ ဥပသကာလှည့်ရတာကို အလွန်ပျော်တယ်၊ ဒီအဝတ်ကို အလွန် မြတ်နိုးခဲ့တာ၊ အခုတော့ .. အင်း .. ဒီကောင်တွေ လူတွေကိုသာ မကဘူး လူတွေရိုသေလေးစားတဲ့ အဝတ်ဖြူကိုတောင် စိတ်နာစရာဖြစ်အောင် လုပ်ကြတယ်” ဆိုပြီး တက်ခေါက် ပါတယ်။ နောက်နေ့ မနက်စောကားနဲ့ ပြန်မှာဆိုတော့ တစ်ညလုံးလိုလို မအိပ်ဘူး စကားတွေ ပြောနေပါတယ်။

သူနဲ့ စပ်မိတဲ့ ရှေးဟောင်းနှောင်း ဖြစ်တွေထဲက သူလေးစားအားကျပြီး အတုယူခဲ့တဲ့ သူတို့ မွေးရပ်မြေက ငယ် ဆရာတော် “တောင်ဝှေးခေါက် ဦးပွား” အကြောင်းကတော့ ထူးထူးခြားခြား မှတ်သားစရာပါ။ တကယ်ကို အတုယူ အားကျစရာ လည်းကောင်းသလို မိမိကိုယ်တိုင်လည်း ဒီလိုဆရာ တော်ကြီးရဲ့ မြစ်တပည့် တော်ခဲ့ တာကို ဂုဏ်ယူဝမ်းမြောက် လွန်းလို့ စာတစ်ပုဒ်ရေးခဲ့ ဖူးပါသေးတယ်။ အဲဒီတုန်းက တော့ ကဗျာဆရာ တင်မိုး ဆိုတဲ့ အမည်ကို သုံးခွင့်မရလို့ ကမြဲစကြမ်းက ကဗျာဆရာတစ်ဦးလို့ပဲ သုံးခဲ့ရတယ်။

အဲဒီဆရာတော်ဆီက သူအတုယူ အားကျခဲ့မိတာတွေကတော့ – ဆရာတော်ကြီးဟာ မွေးရာပါ လက်ပွားလေး ကိုလည်း အမြတ်တနိုးဂုဏ် ယူတယ်။ “နတ်ပြည်မှာ သိကြား၊ လူ့ပြည်မှာ ငပွား” လို့တောင် ကြွေးကြော်လေ့ ရှိသတဲ့။ ပြီးတော့ ဆရာတော်ကြီးက ကပ်ပါးရပ်ပါး အောက်ကျို့ခံတဲ့ စိတ်မျိုးလည်း ဘယ်တော့မှ မရှိဘူးတဲ့။ အဲဒီတုန်းက ကမြဲစကြမ်း သူကြီး ဦးတလုပ် ဆိုတာ အတော်တန်ခိုး အာဏာထက်သတဲ့။ ရွာနီးချုပ်စပ် ကဆို ဘုရား ထူးရမတတ် တလေးတစား ခေါ်ဝေါ်ပြော ဆိုရတာ။ တချို့ ဆရာတော် သမားတော်များ ကတောင် “သူကြီးမင်း” ဆိုပြီး တလေးတစား ပြောဆိုကြပေမယ့် ဆရာတော်ပွားက တော့ ဘယ်တော့မှ အောက်မကျို့ဘူး “တလုပ်” လို့ပဲ ခေါ်သတဲ့။ ဒီစိတ်ဓာတ်ကို ကြားရတော့ သူကဗျာ တစ်ပုဒ်ထဲက – “တို့အဖေကား နေရာ တစ်ခု၊ ရလိုမှုတွက် အလုအယက်၊ ခြေကိုဖက်ဟု သားရှက်မခံတော့ ပါပြီ” ဆိုတဲ့ အပိုဒ်ကလေးကို သတိရမိလိုက် တယ်။

ဆရာတော်ကြီးက သူ့ရပ်သူ့ရွာ ဘယ်လိုဆင်းရဲချို့တဲ့ပေမယ့် ရပ်ရွာကို ချစ်လည်း ချစ်၊ ငဲ့လည်း ငဲ့တယ်။ ရပ်ရွာမှာ အစားအသောက် ချို့တဲ့လွန်းလို့ တပည့်ကြီးဖြစ်တဲ့ မန္တလေးက ရွှေရေးဆောင် ကျောင်းတိုက်ကြီးမှာ သီတင်းသုံးနေတဲ့ သဒ္ဒါအကျော် ဆရာတော်(ဦးပဏ္ဍဝ)က သူ့ဆီမှာ အေးအေးဆေးဆေး သီတင်းသုံးနား နေဖို့ လာပင့်တဲ့အခါ “ဦးပဏ္ဍဝတို့က မြို့ပေါ်မှာ စာဝါတွေ နေ့စဉ်ချနေတော့ ကုသိုလ်တွေ များလှပါပြီဗျာ၊ ဒီအရပ် သားများက ကုသိုလ် အလွန်နည်းကြပါတယ်။ ကုသိုလ်များပြီးသား ပုဂ္ဂိုလ်တွေရဲ့ အပူဇော်ခံ သက်သက် အဖြစ်နဲ့ မနေပါရစေနဲ့၊ ကုသိုလ်နည်း ကြသူတွေ ကို ချီးမြှောက်ရင်း ဒီမှာပဲနေပါရစေ” ဆိုပြီး ငြင်းဆန်ခဲ့သတဲ့။

မိမိအနေနဲ့ ဧကန်ဧက ပြောရဲ ပါတယ်။ ခုလိုအခြေအနေမှာ ဆရာ တင်မိုးသာ အသက်ရှင်နေသေးရင် အမေရိကန် လို နိုင်ငံကြီးက သူ့လို ပညာရှင်ကြီးကို ရာသက်ပန် တာဝန် ယူစောင့်ရှောက်ပါရစေလို့ ဘယ်လိုပဲ ဖိတ်ခေါ်ပါစေ ဆရာတင်မိုးကတော့ သူ့ဆရာတော်ကြီးအတိုင်း “ခင်ဗျား တို့ဆီမှာက ဒီမိုကရေစီတွေ ရလှပါပြီ ဗျာ၊ ဒီလိုနေရာမှာ ဇိမ်ခံရုံသက်သက်နဲ့ မနေပါရစေနဲ့၊ ဒီမိုကရေစီ နည်းကြ သေးတဲ့ ကျုပ်တို့နိုင်ငံက ပြည်သူတွေ ကိုပဲ ကိုယ်စွမ်းနိုင်သမျှ အလုပ်အကျွေး ပြုဖို့ ပြန်ပါရစေ” လို့ ပြောပြီး အမြန် ပြန်လာမှာ သေချာပါတယ်။

ပြီးတော့ ဆရာတော်ကြီးက သူ့ ယုံကြည်ချက်ကို ဘယ်တော့မှအပျက် မခံဘူး။ ဘုရားရှင်ကို ကြည်ညိုလွန်း လို့ မန်းစက်တော်က ခြေတော်ရာကိုလည်း နှစ်စဉ်မှန်မှန် ဦးခေါင်းနဲ့တိုက်ပြီး ကန်တော့ပူဇော်လေ့ရှိသတဲ့။ သက်တော် ထောက် လာတော့ အဝေးကပဲ အာရုံပြုပူဇော်ဖို့ လျှောက်ထားကြပေမယ့် လက်မခံဘူး။ နှစ်စဉ်အရောက် သွားတယ်။ သက်တော်(၈၃)နှစ် အရောက်မှာတော့ ကျန်းမာရေးကလည်း အတော်ချို့တဲ့နေပြီဖြစ်လို့ တားပေမယ့် မရဘူး။ လိုက်ပို့ ဆိုလို့ လိုက်ပို့ကြရတယ်။

ခြေတော်ရာရှိတဲ့ တောင်ခြေရောက် တော့လည်း ထမ်းစင်နဲ့ ပို့ပါရစေဆိုတာ မရဘူး၊ အဖေ့ဆီ ပူဇော်ကန်တော့ဖို့ သွားတာ ဒီလို ဟိတ်ကြီးဟန်ကြီးနဲ့ မသွားဘူး ဆိုပြီး ခြေလျင်ပဲလက်နှစ်ဖက်က တစ်ယောက်စီတွဲပေးရတာတဲ့။ ရောက်ခါနီးတော့  “ရောက်တော့မဟ၊ ရောက်တော့မဟ” ဆိုပြီး အားတင်း တက်တယ်။ ခြေတော်ရာရှေ့ ရောက် တော့ လက်နှစ်ဖက် ရှေ့ထောက်ပြီး အသက်ရှူ မှန်အောင် မနည်း ရှူနေရသေးသတဲ့။ ပြီးတော့မှ ပခုံးနှစ်ဖက် မှာ တပည့် တစ်ယောက်စီ ထိန်းပေးပြီး ခြေတော်ရာနဲ့ နဖူးနဲ့ထိပြီးတော့ ကန်တော့တာ။ နောက်ဆုံး သုံးကြိမ် မြောက်မှာတော့ ဟင်းဆိုတဲ့ သက်ပြင်းချသံနဲ့အတူ ခြေတော်ရာကိုနဖူးနဲ့ တိုက်ပြီး ဝပ်နေရာက “ကြာလှချည့်” ဆိုပြီး မ ထူလိုက်တော့ အသက်ပျောက်နေပြီတဲ့။ ဆရာဂျမ်းလည်း သူ့မြေ၊ သူ့ရေကို ချစ်မြတ် နိုးတာ၊ ငဲ့ညှာတာ၊ သူ့ယုံကြည်ချက် ကို နောက်ဆုံးအထိဆုတ်ကိုင်ပြီး ထွက်သက်ကို ထုတ်သွားခဲ့တာတွေဟာ ဒီစိတ်ဓာတ်နဲ့ မခြားပါပဲ။

နောက်ဆုံးမှာတော့ အားလုံးသိထားကြတဲ့ အတိုင်း ဆရာဂျမ်းနိုင်ငံခြားကို ထွက်သွားခဲ့ပါတယ်။ ဥရောပ တစ်ခွင်၊ အမေရိကန်၊ ဩစတေးလျ တို့အထိ ကမ္ဘာကုန် ကျယ်သရွေ့လို့ ဆိုရမလောက်ပါပဲ။ ရောက်လေရာရာ နိုင်ငံတိုင်းမှာ လည်း သာမန်ခရီးသွား တစ်ယောက်အဖြစ်မျိုး မဟုတ်ပါဘူး။ သူ့စာပေ၊ သူ့စိတ်ဓာတ်၊ သူ့ လုပ်ရပ်၊ သူ့ပညာကို လေးစားကြသူတွေ ဝိုင်းဝိုင်းလည်ပါ။ ဂုဏ်ပြုထိုက်တဲ့ မဟာဧည့်သည်ကြီးအဖြစ်နဲ့ သောင်းသောင်းဖျဖျ ဝိုင်းလို့၊ အုံလို့ပါ။ အရင်က တင်မိုးဆိုတဲ့ ဖန်မီးအိမ် အဖြစ်နဲ့ မြင်ကြသူများပေမယ့် ခုတော့ ကမ္ဘာ့ ကောင်းကင် တစ်ခွင်လုံးမှာ ကြယ်တာရာတွေ ဝန်းရံခနေတဲ့ တကယ့်လမင်းကြီး တစ်ဆူ ဖြစ်နေပါပြီ။

ခံပြင်းနာကျည်းမှုတို့ရဲ့ တွန်းအားနဲ့ ထွက်လာတဲ့ သူ့ကဗျာတွေကို ကြည့်လိုက်ရင် သူ့သူငယ်ချင်း ကိုလေး (အင်းဝ ဂုဏ်ရည်) ပြောသလို ပြောရရင်တော့ “တင်မိုးက ပုဂံဒဏ္ဍာရီတွေ ထဲက ရှင်မထီးရဲ့ဓာတ်လုံးလိုပဲ”တဲ့။ ချဉ်ရည် ထဲ လောင်းနေတုန်းက အရောင် မထွက်ဘူး။ နောက်ဆုံး၊ စိတ်နာပြီး ကုဋီအိမ်ထဲ ပစ်ချလိုက်တော့မှ သိဒ္ဓိတွေပေါက် ပြီး အရောင်တွေ ဖျာထွက်လာတယ်၊  ချေးရေနဲ့ ချဉ်ရေ လွဲနေတာကိုးတဲ့။ သူငယ်ချင်းကြီး လည်း ဝန်ထမ်းဘဝမှာတုန်း က ရေးတဲ့ကဗျာတွေဟာ သူ့ငယ်စံချိန်တောင် မမီဘူး။ ဝန်ထမ်းက ထုတ်လိုက်ပြီး ထောင်ထဲ ပစ်ချလိုက်တော့မှ ထွက်လာလိုက်တဲ့ကဗျာတွေ အရောင်တဖိတ်ဖိတ်နဲ့ သိဒ္ဓိတွေမြောက်လို့တဲ့။

ဟုတ်တယ်။ ဒဏ္ဍာရီထဲက ရှင်မထီးရဲ့ဓာတ်လုံးဟာ သိဒ္ဓိတွေ ဝင်ပြီးတဲ့အခါ ကန်းနေတဲ့မျက်လုံးတွေကို ကောင်းအောင်၊ ပိတ်နေတဲ့ မျက်လုံးတွေကို ပွင့်အောင်၊ မျက်ဆံထွက်ပြီး ဟောက်ပက်ဖြစ်နေတဲ့ မျက်လုံး တွေကို အကောင်း ပကတိဖြစ်အောင် လုပ်နိုင် သတဲ့။

သူ့ကဗျာတွေကလည်း ဒီအတိုင်း ပါပဲ။ နိုင်ငံရေးအသိစိတ်တွေ၊ မျိုး ချစ်စိတ် စစ်စစ်တွေ ချို့တဲ့နေကြတဲ့ မျက်လုံးပေါင်း များစွာကို ပွင့်လင်းအောင်၊ မချွတ်ယွင်းအောင်၊ တောက်ပ ထက်မြက်လာအောင်စွမ်းဆောင်ခဲ့ တယ် မဟုတ်လား။

မနေ့က ဖတ်လိုက်ရတဲ့ ဆရာ ဦးသာနိုးရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဆရာတင်မိုးတို့လို တိုင်းပြည်အတွက် အသိ စိတ်ဓာတ် ကြီးမားလို့ တာဝန်ရှိတဲ့အတိုင်း တာဝန်သိမှု၊ တာဝန် ဆောင်ရွက်မှုတို့နဲ့ အကျဉ်းချခံရသူ တွေကို အင်္ဂလိပ်လို အသိစိတ် အကျဉ်းသား (prisoner of conscience) လို့ ခေါ်ပါသတဲ့။

လူယဉ်ကျေးတို့ နယ်ပယ်မှာ ဆန့်ကျင်တဲ့ ဝေါဟာရနှစ်ခုဖြစ်တဲ့ အသိ စိတ်ဓာတ်နဲ့ အကျဉ်းသားဆိုတာကို တွဲပြီး ဒီ “အသိစိတ် အကျဉ်းသား” ဆိုတဲ့ ဝေါဟာရကြီးကို မဆီမဆိုင် တွဲသုံးနေကြတာဟာ မျက်နှာမှာ အဖြူနဲ့အမဲ ကန့်လန့် ကြက်ခြေခတ် ထင်နေတဲ့ အမာရွတ်ကြီး လိုပါပဲ။ ဘယ်လိုပဲ စိန်ရွှေရတနာတွေ ဆင်ထားပါစေ၊ မျက်နှာ မှာ အမာရွတ်ကြက် ခြေခတ်ကြီးနဲ့ လူပုံအလယ်ဝင်ဆန့် ဖို့ဆိုတာ အတော်ကြီးကို အရှက်နဲမှ သာ ဖြစ်ချင် ဖြစ်မှာပါ။ ရှက်တတ် သူတိုင်းအတွက်တော့ တွေးကြည့်ရုံနဲ့တောင် ခေါင်းမဖော်ဝံ့စရာကြီးပါ။ ဒါပေမယ့် ဒီမျက်နှာပြင် ကြက်ခြေခတ် အမာရွတ်ကြီးက ဒီနိုင်ငံမှာရော တခြား နိုင်ငံအချို့တို့မှာရော ဒီနေ့အထိ ထင်းထင်းကြီး ထင်နေတုန်းပါပဲ။ ကမ္ဘာ့ အလယ်မှာ သိက္ခာရှိရှိ လူရာဝင်ချင်ရင် တော့ ဒီကြက်ခြေခတ် အမာရွတ်ကြီး ကိုလည်း ဖျက်ကို ဖျက်ကြရပါလိမ့်မယ်။ ဒါကိုမဖျက်ဘဲ လူတောထဲတိုးဖို့ကြိုး စားနေရင်တော့ အရှက်နည်း တာကို လူသိရုံက လွဲပြီး ဘာမှထူးလာမှာ မဟုတ်ပါဘူး။

ဆရာတင်မိုးနဲ့ပတ်သက်လို့ အထူးပြောချင်တာ တစ်ခုကတော့ ဆရာတင်မိုးဟာ သူ့ဆရာတော် နည်းတူ သူ့မြေ၊ သူ့ရေ ဘယ်လောက်ချို့တဲ့ နေနေ ချစ်ခင်တတ်၊ ငဲ့ညှာတတ်သူပါ။ သူ့ဆရာတော်လိုပဲ သူအသိရှိရှိ လက်ခံ ထားတဲ့ ယုံကြည်ချက် ကိုလည်း အသက်ထက်ဆုံး ဖက်တွယ်ထားသူပါပဲ။ ဒါပေမယ့် သူ့ဆရာတော် ဟာ သူမြတ်နိုးရာ မြတ်ဗုဒ္ဓာ ခြေတော် ရာပေါ်မှာ နဖူးတင်ပြီး နောက်ဆုံး ထွက်သက်ကို ရှူထုတ်ခွင့်ရသွား သလို တော့ သူချစ်တဲ့ မြေပေါ်မှာ နောက်ဆုံး ထွက်သက်ကို ရှူထုတ်ခွင့် ရမသွားခဲ့ပါဘူး။

ဆရာတင်မိုးဟာ တိုင်းတစ်ပါးမြေမှာ ခေါင်းချနေသူ မဟုတ်ပါဘူး။ သူ့ရဲ့ရုပ်ကြွင်းကို မြှုပ်နှံမထားသေးပါဘူး။ သူ့ရဲ့ရုပ်ကြွင်း အရိုးပြာကို အိုးမှာထည့်ပြီး သုဿာန်အဆောက် အဦကြီးတစ်ခုရဲ့ ကျောက်နံရံမှာ ယာယီနား နေဆဲပါ။ သူရဲ့ရုပ်ကြွင်းကို သူချစ်တဲ့မြေမှာ နားနေခွင့်ရရေး အတွက် သူ့ကိုချစ်မြတ်နိုးသူတိုင်း ကြိုးစားရမယ့် တာဝန်ရှိနေပါသေး တယ်။ ဒီတာဝန်ကိုလည်း အမြန်ဆုံး ကျေပွန်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလို ပါတယ်။

နောက်ဆုံးအနေနဲ့ အမိမြေ အတွက် အသိစိတ်၊ အချစ်စိတ် ကြီးမားတဲ့ ဆရာဂျမ်း အသိစိတ် အကျဉ်းသား အဖြစ်က လွတ်မြောက်ပြီး  အသိရှိရှိ လှုပ်ရှားကြသူတို့နဲ့ ပူးပေါင်းလှုပ်ရှားဖို့ အမိမြေကို အမြန်ပြန်လာပါလို့ ဆုတောင်း တိုက်တွန်းရင်း နိဂုံးချုပ်ခဲ့ပါတယ်။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*