ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစောခင်မောင်မြင့်အား မြန်မာအင်ဒီပဲန်ဒင့်မှ တွေ့ဆုံခဲ့ပြီး ကရင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။ ဦးစောခင်မောင်မြင့်သည် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီကို ထူထောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေး ကော်မတီဥက္ကဋ္ဌ   အဖြစ်လည်း တာဝန်ယူထားသူ ဖြစ်ပါသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်မြင့်

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်မြင့်

မေး- ကရင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အစည်းအဝေးကို ဘယ်လိုပုံစံ ခေါ်ယူကျင်းပပါသလဲ။

ဖြေ- ဌာနဆိုင်ရာနဲ့ကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်အစည်းအဝေးရှိပါတယ်။ နောက် ကက်ဘိနက် အစိုးရအဖွဲ့ သက်သက် အစည်းအဝေးကတော့ တစ်လ နှစ်ကြိမ် ပုံမှန်လုပ်ပါတယ်။ ရက်ကတော့ အတိအကျ မရှိဘူး။

မေး- ကရင်ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုမူဝါဒလမ်းစဉ်များ ချမှတ် ထားပါသလဲ။

ဖြေ- မူဝါဒလမ်းစဉ် ရယ်လို့တော့ မရှိပါဘူး။ စီမံကိန်း လျာထားချက်တော့ ရှိပါတယ်။ တစ်နှစ်တစ်ကြိမ်ပေါ့။ ၂ဝ၁၂-၂ဝ၁၃ မှာတော့ လျာထားချက်မှာ ပြည်ထောင်စု အစိုးရ စီမံခန့်ခွဲတဲ့ အပိုင်းနဲ့ ပြည်နယ်အစိုးရ စီမံခန့်ခွဲတဲ့ အပိုင်းရှိပါတယ်။ လမ်းတံတားတွေပါ ပေ ၁၈ဝ နဲ့ အထက်ဆိုရင်တော့ ပြည်ထောင်စု အစိုးရက တာဝန်ယူပြီးတော့ ကျန်တာကိုတော့    ပြည်နယ်အစိုးရက တာဝန်ယူရပါတယ်။ မြို့တွင်း အဓိကကျတဲ့ မိန်းလမ်းတွေကိုတော့ ပြည်နယ်အစိုးရက တာဝန်ယူရပါတယ်။ ပြည်ထောင်စု အစိုးရ တာဝန်ယူတဲ့အပိုင်းက တာဝန်ယူရပါတယ်။ ပြည်ထောင်စု အစိုးရ တာဝန်ယူတဲ့အပိုင်းက ပိုများပြီး ကျွန်တော်တို့က သုံးချိုးတစ်ချိုးလောက် တာဝန်ယူရပါတယ်။

မေး- ပြည်သူတွေက သဘောမကျတဲ့ လမ်းတံတား တာဝန်ယူထားတဲ့ ကုမ္ပဏီကို ပြည်နယ်အစိုးရအနေနဲ့    ပြည်ထောင်စုအစိုးရကို ဘယ်လိုမျိုး အသိပေးဆောင်ရွက်ပါသလဲ။

ဖြေ- ကျွန်တော်တို့ အစိုးရအဖွဲ့မှာ ပါတဲ့သူတွေဟာ  ပြည်သူတွေက ရွေးကောက်တင်မြှောက်ခံထားရတာ    ဖြစ်တဲ့အတွက် ပြည်သူ့အသံ ပြည်သူ့ဆန္ဒကို လျစ်လျူရှုလို့ မရပါဘူး။ တကယ်လို့များ ကုမ္ပဏီ တစ်ခုခုရဲ့ လုပ်ဆောင်ချက်က အားရကျေနပ်ဖွယ် မရှိဘူး။ ပြည်သူက ငြိုငြင်လာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ လုပ်ပိုင်ခွင့်ကို ရုပ်သိမ်း ဖယ်ရှားသင့်ရင်လည်း ဖယ်ရှားရလိမ့်မယ်။    ပြည်ထောင်စု အစိုးရကို တင်ပြပြီးတော့ ယူထားတဲ့ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ချက်ဟာ အားရမှုမရှိဘူး ဆိုပြီး လုပ်ငန်းပိုင်ခွင့်ကို ရုပ်သိမ်းရပါတယ်။ ဒီသဘောနဲ့ပဲ AK ကုမ္ပဏီကို လုပ်ပိုင်ခွင့် ရုပ်သိမ်းခဲ့ဖူးပါတယ်။ နောက်မှ သူတို့ အသနားခံစာ တင်ပြီးတော့ ပြန်ရသွားကြတာပါ။ ခက်တာက ဒီလိုလုပ်နိုင်တဲ့ ကုမ္ပဏီအတွက်ကလည်း အရင်းအနှီးပမာဏ များတဲ့အတွက် ကုမ္ပဏီအသေးလေးတွေ မလုပ်နိုင်ပါဘူး။

မေး- ပြည်နယ်အစိုးရလက်ထက်မှာ အသစ်ဖောက်လုပ်ထားတဲ့ လမ်းတွေ ရှိပါသလား။ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဘတ်ဂျက်ဘယ်လောက် သုံးစွဲခွင့်ရပါသလဲ။

ဖြေ- ဒီပြည်နယ်အစိုးရ လက်ထက်မှာ မြို့ချင်းဆက်၊ ခရိုင်ချင်းဆက်တဲ့ လမ်းတွေတော့ ဖောက်လုပ်ထားတာ မရှိသေးဘူး။ ကျေးရွာချင်းဆက်လမ်းတွေလောက်ပဲ ဖောက်လုပ်ထားပါတယ်။ ဟိုးတုန်းက ပြည်ထောင်စုအစိုးရဘတ်ဂျက် နဲ့ပဲသွားပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ကျမှသာ ပြည်နယ်အစိုးရ ဘတ်ဂျက်ရရှိတာဖြစ်တဲ့အတွက် အခု မိုးတွင်းကာလဆိုတော့ ပွင့်လင်းရာသီ လောက်မှ စီမံကိန်းလျာထားချက် တွေကို ဆောင်ရွက်နိုင်ပါမယ်။ လျာထားချက်ထဲမှာတော့ အိန္ဒု-ဇာသပြင်၊ ကော့ကရိတ်-ကျား ကလေး လမ်းတွေပါတယ်။ ကျွန်တော် တို့ ၂ဝ၁၂-၂ဝ၁၃ ရထားတဲ့ ဘတ်ဂျက် ကျပ် ၅ ဘီလီယံဖြစ်ပါ တယ်။ လျာထားချက်လမ်းက ၁၂ လမ်းလောက်ရှိပါတယ်။ မိုင်က ၁ မိုင်ကနေ ၁ဝ မိုင်အထိရှည်တဲ့ လမ်းတွေ ပါပါတယ်။

မေး- ပြည်နယ်လွှတ်တော် အစည်းအဝေးကို ဘယ်နှစ်ရက်နေ့လောက် ပြန်စမှာလဲ သိပါရစေ။ ဘာတွေများ တင်ပြဆွေးနွေးဖို့ ရှိပါသလဲ။

ဖြေ- ပြည်သူ့လွှတ်တော်က ၄ ရက် မှ စမှာဆိုတော့ အဲဒီနောက်ပိုင်းမှ ဖြစ်လိမ့်မယ် ထင်တယ်။ ဒီလိုပဲဖြစ်လေ့ ရှိပါတယ်။ တခြားပြည်နယ်တွေလဲ ဒီလိုပဲစဖို့ ရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အနေကတော့ ဥပဒေကြမ်းတင်သွင်းဖို့ပါ။ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေပါ။ ဥပဒေကြမ်းတော့ ရေးဆွဲပြီးသွားပြီ။ ပြည်နယ် ဥပဒေချုပ်ဆီမှာ ဥပဒေ အကြံဉာဏ် တောင်းပြီးတော့ တင်သွင်း အတည်ပြုနိုင်အောင် ကြိုးစားမှာပါ။ ဒီကဏ္ဍမှာ နှစ်ပိုင်း ရှိပါတယ်။ တရားဝင်လိုင်စင်အပိုင်းနဲ့ လိုင်စင်မဲ့အပိုင်းဆိုပြီးတော့ နှစ်ပိုင်း ရှိပါတယ်။ ထူးခြားချက်ကတော့ ဒီပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့ အစည်းတွေရော ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေရော ရှိတဲ့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အနေနဲ့ အတိအကျ ကိုင်တွယ်လို့ မရတဲ့ အပိုင်းတွေရှိပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ဆဲ ကာလ    ဖြစ်တဲ့အတွက် အတိအကျ ကိုင်တွယ်လို့ မရဘူး။ ဒါပေမဲ့ ဒီလိုပဲ သွားလို့တော့ မဖြစ်ဘူး။ ဒါကြောင့် ပုဂ္ဂလိက မော်တော်ယာဉ်တွေ စနစ်တကျ ပြေးဆွဲဖို့အတွက် ဥပဒေကို ရေးဆွဲနေပြီ။ ကျွန်တော်တို့ ပြည်နယ် တစ်ခုထဲ မဟုတ်ပါဘူး။ ပြည်နယ် တိုင်းဒေသကြီးအားလုံးက ရေးဆွဲပြီးနေပါပြီ။ အဲဒါမှလဲ ထိထိ ရောက်ရောက် တိတိကျကျ အရေးယူလို့ရမယ်။ တစ်နိုင်ငံလုံး အနေထားနဲ့ မဟုတ်ရင်တောင် ဒေသတွင်း သတ်မှတ်ထားတဲ့ နယ်မြေအတွင်း    ပြေးဆွဲနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

မေး- ကရင်ပြည်နယ်ဝန်ကြီး တစ်ယောက်အနေနဲ့ ပြည်နယ်သူ/ သားများအတွက် စကားလက်ဆောင် ပါးစရာများ ရှိပါသလား။

ဖြေ- ဟုတ်ကဲ့။ ဝန်ကြီးတစ်ယောက်အနေနဲ့ ပြောရရင် ကရင်ပြည်တွင်း နေထိုင်ကြတဲ့ မိဘပြည်သူတွေရဲ့ လူနေမှုဘဝ ဖွံ့ဖြိုးဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ကလည်း အဓိကကျပါတယ်။ လမ်းပန်းဆက်သွယ်ရေး    ကောင်းမွန်မှသာ စီးပွားရေးဖွံ့ဖြိုးမှာ ဖြစ်တယ်။ စီးပွားရေးဖွံ့ဖြိုးလာရင် ပြည်သူတွေရဲ့ အသိဉာဏ် ကြွယ်ဝလာပြီးတော့ နည်းပညာလည်း တိုးတက်လာမှာ ဖြစ်တယ်။ ဒါကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အသိပညာတွေ ကို ဖွံ့ဖြိုးအောင် သိရှိနားလည်လာအောင် ကိုယ်တိုင်လည်း ကြိုးစားကြပါလို့ ပြောကြားပါရစေ။

ဝ၄၃

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*