ကချင်ငြိမ်းချမ်းရေး ကွန်ရက် (Kachin Peace Network)အစီအစဉ် ဖြင့် ဇူလိုင်လ ပထမပတ် အတွင်းက  ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည် စခန်းများသို့ သွားရောက်ခွင့် ရခဲ့သည်။ ကချင်ပြည်နယ်တွင်း တစ်ကျော့ပြန် တိုက်ပွဲများကြောင့်    ဒေသခံပြည်သူ အများအပြား ဒုက္ခရောက်ကြရသည့် အကြောင်း သတင်း၊ မီဒီယာများမှ တစ်ဆင့် မြင်ရ၊ ကြားရ၊ ဖတ်ရှုခဲ့ရသည်။ သို့သော်  မျက်မြင်ကိုယ်တွေ့ မဟုတ်။ ယခု ခရီးစဉ်တွင် လိုင်ဇာ၊ အင်ခေါင်းပါ၊ မိုင်ဂျာယန်နှင့် လားရင်း ဒေသများရှိ စစ်ဘေးဒုက္ခသည် စခန်းများသို့ ရောက်ရှိခဲ့သည်။ ဒုက္ခသည်များ၏ ဘဝများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါပြီ။

“ကျွန်တော်တို့ တာဝန်ယူ ကူညီစောင့်ရှောက် ထားရတာ ဒုက္ခသည် ငါးသောင်း သုံးထောင်ကျော် ရှိတယ်။ အဲဒီအထဲမှာ ကျောင်းသား အရေအတွက်က နှစ်သောင်းဝန်းကျင် ရှိပါတယ်။ ဒီဒုက္ခသည်စခန်းတွေ ရောက်မှ    မွေးတဲ့ကလေးက နှစ်ရာကျော်သွားပြီ”ဟု စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒွဲပီဆားက ရှင်းပြသည်။ အမျိုးသမီးများ၏ အခြေအနေကို သူက ဆက်ရှင်းပြပြန်သည်။

လာရင်း ဒုက္ခသည် စခန်း

လာရင်း ဒုက္ခသည် စခန်း

“အမျိုးသမီးတွေအတွက် လုံခြုံမှုလား။ ပထမပိုင်းတော့ ဘာမှ လုပ်မပေးနိုင်ဘူး၊ ဖြစ်သလိုပဲ။ ခုတော့ အမိုးအကာ နေစရာတော့ လုံခြုံသွားပါပြီ၊ အကြမ်းဖက် ခံရမှုမျိုးတော့ ကြီးကြီးမားမား မရှိခဲ့ပါဘူး”။

လားရင်း ဒုက္ခသည်စခန်းမှ လွဲ၍ ဤဒုက္ခသည်စခန်းများသည် KIO ထိန်းချုပ်မှု အောက်တွင်ရှိသော စခန်းများ ဖြစ်ကြောင်း သိရသည်။ လားရင်းသည် လွယ်ဂျယ်မြို့ အနီးတွင်ရှိပြီး တရုတ်နိုင်ငံ နယ်နိမိတ်ထဲတွင် တည်ရှိသည်။ ဒုက္ခသည်စခန်းများအနက် အင်ခေါင်းပါသည် အခေါင်ဆုံးနှင့် အခက်အခဲ အများဆုံး ကြုံနေရသော စခန်းဟု သိခဲ့ရသည်။ အင်ခေါင်းပါသည် မိုးမောက်မြို့နယ်တွင် တည်ရှိပြီး နယ်စပ်နှင့်လည်းမနီး၊ မြို့နှင့်လည်း ဝေးသော အတွင်းပိုင်းကျသည့် ဒုက္ခသည်စခန်း တစ်ခုဖြစ်သည်။ ပထမဆုံးတိုက်ပွဲများ ဖြစ်ပွားရာဒေသမှ ပြန်သူများသည် အင်ခေါင်းပါ အရောက် လေးရက်ခရီးကို ခြေလျင်နှင်ခဲ့ကြရသူများ ဖြစ်ကြသည်။

စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီက သူတို့ တာဝန်ယူထားရသော စခန်းများ အခြေအနေကို ရှင်းပြပြီးနောက် လိုင်ဇာအနီးရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်ပေးပါသည်။ ဒုက္ခသည် အရေအတွက်ကလည်း မနည်းမနော။ ယခုလို မိုးတွင်းကာလမှာ တောင်ပေါ် တောကြား ဘယ်လိုများ နေထိုင်စားသောက် နေကြပါလိမ့်။ သိချင်၊ မြင်ချင်စိတ်က စောနေမိသည်။ သိပ်မစောင့်လိုက်ရပါ။ မုန်လိုင်ခ ကမ်းခြေလေးအတိုင်း လိုင်ဇာမှ နာရီဝက် ကျော်ကျော် ကားစီးပြီးနောက် ဂျယ်ယန်းနှင့် ဟွမ်လွမ်ယမ် ဒုက္ခသည်စခန်းများသို့ ရောက်ပါသည်။ ဝါးကပ်ကာ သွပ်မိုးပြာပြာများနှင့် တောင်ခြေ၊ တောင်စောင်းများတွင် အစီအရီတည် ဆောက်ထားသည့် ဒုက္ခသည်တဲတန်းများ    တွေ့ရပါပြီ။ ဘယ်ဘက်ခြမ်းတွင် မုန်လိုင်ခချောင်းလေးက ကျောက်တုံး ကျောက်ခဲများပေါ် ဖြတ်သန်းစီးဆင်းတာ တွေ့ရသည်။ မုန်လိုင်ခသည် တရုတ်-မြန်မာ နယ်ခြားစည်းလည်း ဖြစ်သည်။ ညာဘက်တွင် မြင့်မားသော အစိမ်းရင့်ရောင် တောင်တန်းကြီး၊ မုန်လိုင်ခနှင့် တောင်တန်းကြီးကြား ကျဉ်းမြောင်းသော ကမ်းခြေတွင် ဒုက္ခသည်စခန်းများ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

ဂျယ်ယန်းစခန်းသည် လူဦးရေ ၇,ဝဝဝ ကျော်ရှိသော စခန်းကြီးဖြစ် သည်။ ကျောင်းသားဦးရေကပင် ၁,၈ဝဝ ကျော် ရှိကြောင်း သိရသည်။ စခန်းအတွင်းတွင် မူလတန်း၊ အလယ်တန်းအဆင့်ထိ ဆရာ၊ ဆရာမ ၅၁ ဦးက တာဝန်ယူ သင် ကြားပေးနေသည်။ ဆရာ၊ ဆရာမ များအားလုံးမှာ Volunteer များဖြစ်ကြောင်း ကျောင်းအုပ်ကြီး တစ်ဖြစ်လဲ သင်းအုပ်ဆရာတော်က ပြောပြပါသည်။

မိုင်ဂျာယန် ဒုက္ခသည် စခန်းရှိ စာသင်ခုံမဲ့ မူလတန်းကျောင်း မြင်ကွင်း

မိုင်ဂျာယန် ဒုက္ခသည် စခန်းရှိ စာသင်ခုံမဲ့ မူလတန်းကျောင်း မြင်ကွင်း

“ကျွန်တော်တို့အားလုံး လစာရယ်လို့ တိတိကျကျ မရကြပါဘူး။ ဒီကလေးတွေ ပညာရေးအတွက် တတ်နိုင်သလောက် လုပ်ပေးနေကြတာပါ။ အခက်အခဲလား၊ အင်း… ကျောင်းသုံးစာအုပ် မလုံလောက်ဘူး။ ဒီနှစ် သူငယ်တန်း ကလေး ၃၅ဝ ရှိတယ်။ Text Book မလုံလောက် ဘူး။ သုံးပုံတစ်ပုံလောက်ပဲ Text Book ရှိတယ်။ နောက် အခက်အခဲ ကြုံရတာ ရှိသေးတယ်။ ဘာလဲဆိုတော့ ကလေး အများစုက စာထဲမှာ သိပ်စိတ်မဝင်စားကြဘူး။ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်”လို့ ပြောပြသည့် ကျောင်းအုပ်ဆရာကြီး၏ အသံက ဝမ်းနည်းသံ တစ်ဝက်၊ ကြေကွဲသံ တစ်ဝက်လွှမ်း၍ နေပါသည်။

အထက်တန်းနှင့် တက္ကသိုလ် ဝင်တန်း ကျောင်းသားများကို လိုင်ဇာ နှင့် မိုင်ဂျာယန်တွင် ဘော်ဒါအဖြစ် စခန်းသွင်း ထားကြောင်း သိရသည်။ ဘော်ဒါကျောင်းသား ၁,၃ဝဝ ဦးရှိ သည်။ အစိုးရပညာရေးဌာနက ပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးနေကြောင်းသိရသည်။

ဂျယ်ယန်းစခန်းနှင့်မလှမ်းမကမ်းတွင် ဟွမ်လွမ်ယမ် ဒုက္ခသည် စခန်း ရှိသည်။ ဟွမ်လွမ်ယမ်စခန်းတွင် လူဦးရေ ၁,၅၇၉ ယောက်ရှိပြီး ကျောင်းသားဦးရေမှာ ၄၆ဝ ကျော် ရှိသည်။ ရွာပေါင်း ၃ဝ ကျော်မှ ရွာသူ ရွာသားများ လာရောက်ခိုလှုံရာ စခန်းတစ်ခု။ စခန်းအတွင်းမှာ ကလေးများ နှင့် အမျိုးသမီးများက အများစုဖြစ်သည်။ ကလေးအချို့ ဆော့ကစားနေ တာ တွေ့ရသည်။ တချို့က ငေးငေး ငိုင်ငိုင်၊ တချို့က ကလေးထိန်းလို့၊ နေ့လယ်စာ စားနေသော မိသားစု ထမင်းဝိုင်းတချို့နှင့် ဆုံရသည်။ မျှစ်၊ ဟင်းသီးဟင်းရွက်နှင့် ငရုတ်သီးဆားထောင်းက သူတို့ရဲ့ ဟင်းလျာ၊ အသားဟင်း မတွေ့ရ၊ မေးကြည့်တော့ စခန်း အုပ်ချုပ်သူတစ်ဦးက “တစ်ပတ် တစ်ကြိမ် အသားဟင်းကျွေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံလည်း မကျွေးနိုင်ပါဘူး” ဟု ဖြေသည်။ ထူးခြားသည်မှာ စခန်းအတွင်းတွင် အမျိုးသမီးများနှင့် ကလေးများကိုသာ အများစု တွေ့ရပြီး အမျိုးသားများကိုမူ သိပ်မတွေ့ရသည့် အချက်ဖြစ်သည်။

ဒုက္ခသည်စခန်းများ ခြေရင်းမှ စီးဆင်းနေသော မုန်လိုင်ခသည် တရုတ်-မြန်မာ နယ်ခြားအမှတ်အသား ဖြစ်သည်။ မုန်လိုင်ခသည် ပေတစ်ရာ ဝန်းကျင်မျှသာ ကျယ်သော ချောင်းကလေးဖြစ်သည်။ ချောင်းကလေးသာ ခြားသော်လည်း ဟိုဘက်နှင့်ဒီဘက် အခြေအနေများ၊ ဘဝများက ကွာခြားလွန်းလှသည်။ အဘယ်ကြောင့်နည်း။ မငြိမ်းချမ်းမှုနှင့် မတည်ငြိမ်မှုကြောင့်ပင်ဟု ဆိုရလိမ့်မည်ထင်ပါသည်။ ဗိုလ်ချုပ်ဂွန်မော် က-

“အပစ်အခတ်ရပ်စဲရုံနဲ့တော့ ငြိမ်းချမ်းရေးရပြီလို့ မဆိုနိုင်ပါဘူး။ ကျွန်တော်တို့ ၁၉၉၄ တုန်းကလည်း အပစ်အခတ် ရပ်စဲခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ ဒီကနေ့ တိုက်ပွဲတွေပြန်ဖြစ်နေတယ်။ ဒါကြောင့် ပထမအဆင့် အပစ်အခတ် ရပ်စဲပြီးတာနဲ့ နောက်တစ်ဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးကြဖို့ လိုပါတယ်။ ကျွန်တော်တို့ သဘောကတော့ ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ထွက်ပေါ်လာတဲ့ ရလဒ်ဟာ ငြိမ်းချမ်းရေးပါပဲ။ ဆွေးနွေး ညှိနှိုင်းကြပြီ ဆိုရင်တော့ အပေးအယူဆိုတာ လုပ်ကို လုပ်ကြရမှာ ဖြစ်ပါတယ်”ဟု သူ့ သဘောထားကို ပွင့်လင်းစွာ ထုတ်ဖော်ခဲ့တာကို ကြားခဲ့ရပါသည်။

သို့ဆိုလျှင် ငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက်ကြရန် အရေးကြီးပါလိမ့်မည်။ တိုင်းရင်းသားညီအစ်ကို အချင်းချင်း ဖြစ်ပွားနေသော ပဋိပက္ခများ၊ စစ်ပွဲများရပ်တန့်နိုင်မှသာ ငြိမ်းချမ်းရေး ရနိုင်ပါလိမ့်မည်။ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ကြရာတွင် ဆေးမြီးတို ကုထုံးများဖြင့်တော့ အလုပ်ဖြစ်လိမ့်မည် မထင်ပါ။ ဆယ်စုနှစ်များစွာ စွဲကပ်လာခဲ့သော နာတာရှည်ရောဂါ ဖြစ်သည့်အလျောက် ရောဂါ၏ ဇစ်မြစ်ကို ရှာဖွေကုသနိုင်မှသာ အမှန်တကယ် ပျောက်ကင်းနိုင်ပါလိမ့်မည်။ ယင်းသည် အချင်းချင်း ညှိနှိုင်းဆွေးနွေး အဖြေရှာရေးပင် ဖြစ်ပါသည်။

ပြည်သွေးနိုင်

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*