အနုပညာသတင်း — ရန်ကုန်၊ မတ် ၁၄၊ ၂ဝ၁၃

“လူထုပဲ့တင်သံ” မြန်မာ့ရိုးရာ မဟာသင်္ကြန် သံချပ်ပြိုင်ပွဲဝင်မည့် သံချပ်စာသားများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ ကြိုပြီး တင်ပြရမည်ဖြစ်ကြောင်းနှင့် စာပေ စိစစ်ရေး မရှိတော့ချိန်တွင် သံချပ်စိစစ်ရေး ပေါ်ထွက် လာခြင်းမှာ မဖြစ်သင့်ကြောင်း၊ မတ် ၁၄ ရက်က ရန်ကုန်မြို့၊ စင်ထရယ် ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြိုင်ပွဲ ဒိုင်လူကြီး တစ်ဦးဖြစ်သူ ကဗျာဆရာ သစ္စာနီက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြားခဲ့သည်။

သစ္စာနီက “စာပေစိစစ်ရေး တောင်မှ စိစစ်မှုတွေ မရှိတော့တာကို ပါးစပ်က ရွတ်တဲ့ ဒီလိုသံချပ်တွေမှာ စိစစ်ရေး ရှိနေတော့ မဖြစ်သင့်ပါဘူး။ ဒီဘက်က အပြုသဘော ထောက်ပြ တာကို အစိုးရ ဘက်ကလည်း သဘောထား ကြီးကြီးနဲ့ သည်းခံ ခွင့်လွှတ်နိုင်ရမယ်” ဟု ပြောသည်။ ယင်းက ဆက်လက် ပြောကြားရာတွင် “အစိုးရ အဖွဲ့ထံ တင်ရမယ်ဆိုတော့ သံချပ်စာသားတွေ ပြောင်းနိုင်ပါတယ်၊ ငြိနိုင်တယ်၊ ထင်သမျှကို ဖြတ်မှာပဲ။ ဒီလိုဖြတ်ဖို့ တင်ခိုင်း ထားတာပဲလေ။ ကျွန်တော့်သဘော ကတော့လွှတ်ပေးတာ ပိုကောင်းမယ်လို့ ထင်တယ်။ နှစ်ဖက် စလုံးမှာ တာဝန်ရှိတာပေါ့။ ဒီဘက်ကလည်း ပုတ်ခတ် စော်ကားတဲ့ အသုံးအနှုန်း မျိုးတွေမဖြစ်အောင် တာဝန် ယူရမယ်။ သံချပ်ရဲ့ သဘောကိုက လူ့အဖွဲ့ အစည်းရဲ့အမြင်မတော်တာတွေ ကမောက်ကမ ဖြစ်တာတွေကို အပြုသဘော ထောက်ပြဝေဖန် တာပါ။ နှစ်ဦးနှစ်ဖက် ချင့်ချင့်ချိန်ချိန် လုပ်နိုင်ရင် ပိုကောင်းတာပေါ့” ဟု ဆိုသည်။

ဟာသ သရုပ်ဆောင် ဗေလုဝ ကလည်း “မနှစ်တုန်းက မတင်ရဘူး။ ဒီနှစ်မှ တင်ရတာပါ။ ဒီမိုကရေစီ ခေတ်ကြီး ထဲမှာ ပထမဦးဆုံး အကြိမ် ဆင်ဆာ တင်ရတာပါပဲ။ ကျွန်တော်တို့က သင်္ကြန်မှာ နိုင်ငံကောင်းဖို့ ပြုပြင်စရာတွေ မြင်လာ သိလာအောင်လို့ ကိုယ့်အမြင် ကိုယ့်ရှုထောင့်ကနေ  တင်ပြနိုင်အောင် လုပ်တာပါ။ သံချပ် စာသားတွေ ကိုတော့ တင်ပေး လိုက်ပါပြီ။ ဘယ်လို ကျလာမလဲတော့ မသိသေးဘူး”ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပွဲစီစဉ်သူမှ ကိုဘိုဆန်းကလည်း “ကျွန်တော်တို့ ဒီသံချပ်ပြိုင်ပွဲကို စီစဉ်နေတာ ကြာပါ ပြီ။ ဒါပေမယ့် မတ် ၁၄ ရက်ထုတ် သတင်းစာမှာ သံချပ်ပြိုင်ပွဲမှာ ပြော မယ့် စာသားများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ မဟာသင်္ကြန် သီချင်း သံချပ်စိစစ်ရေး ကော်မတီထံ မတ် ၂၂ ရက် နောက်ဆုံးထားပြီး တင်ရမယ်လို့ သတင်း ထုတ်ပြန်လိုက် တာပါ” ဟု ပြောသည်။

“လူထုပဲ့တင်သံ” သံချပ်ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင် ၁၇ ဖွဲ့ ပါဝင်မည် ဖြစ်ပြီးယင်း ၁၇ ဖွဲ့တွင် ဦးကျော်ထွန်း၏ “ကျွန်ုပ် တို့သည် စွယ်စုံအင်အား စု”၊ ဦးမင်းရှိန်၏ “အာကျယ်တို့၏ ပြောပါရစေ”၊ ဦးထွန်းအေး၏ “ဆူးကြားမှ ဘူးခါး”၊ ဦးအောင်ကျော်ဦး၏ “သင်္ကြန် မင်းသားကြီး” ၊ ခန့်မင်းထက်၏ “အပြာရဲ့အနီ” ၊ ဦးမောင်မောင်မြင့်၏ “ပဋိစ္စ သမုပ္ပါဒ်”၊ တန်ခူးဘုရင် ချစ်တင်၏ “အနုလုံ ပဋိလုံ” ၊ ဧရာ၏ “ပျော်တော်ဆက်တို့ရဲ့ ဟိတ်ဆို ဟိတ်”၊ ဗေလုဝ၏ “ထလော့ မြန်မာ”၊ မေတ္တာ၏ “ပြည်တော်ချစ် အဖွဲ့” နှင့် မျိုးမျိုးခိုင်၏ “ရှင်လိမ်တာတွေ သိပြီ” တို့ ပါဝင်မည် ဖြစ်သည်။

ဆုကြေးငွေများ ချီးမြှင့်ရာတွင် ပထမဆုကို ကျပ်သိန်း ၃ဝ၊ ဒုတိယ ဆုကို ကျပ်သိန်း ၂ဝ၊ တတိယဆု ကို ကျပ် ၁ဝ သိန်းနှင့် ပရိသတ် အကြိုက်ဆုံးဆုကို ကျပ် ၁၅ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ဒိုင်လူကြီးများ အဖြစ် ကဗျာဆရာ မောင်စိမ်းနီ၊ သစ္စာနီ၊ ဦးအောင်မြင့်၊ ကုသိုလ်တို့က ဆောင်ရွက်သွားမည် ဖြစ်ပြီး မတ် ၂၅ ရက်မှ ၃ဝ ရက် အထိ ရိုက်ကူးသွားမည်ဖြစ်သည်။ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဧပြီ ၇ ရက်တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး ယင်းနေ့တွင်မှ Sky Net , MRTV နှင့် Shwe FM တို့မှ တိုက်ရိုက် ထုတ်လွှင့် သွားမည်ဖြစ်သည်။

ဝ၈၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)