သတင်းဆောင်းပါး — ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၃

၂ဝ၁ဝ နိုဝင်ဘာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင် ဆန်းစုကြည် နှစ်ပေါင်းများစွာကြာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့သည်။ တင်းတင်းကျပ်ကျပ် ဇာတ်ကွက် ချထားသော စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အကူးအပြောင်း ကာလတွင် ဖြစ်သည်။ ၁၈ လအကြာတွင် သူ၏ အန်အယ်လ် ဒီပါတီက ဒီမိုကရေစီ ကြားဖြတ် ရွေးကောက်ပွဲ၌ နေရာ ၄၅ ခုအနက် ၄၃ ခု အနိုင်ရခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို သူ့ပါတီက သပိတ် မှောက်ခဲ့ပြီးနောက်ပိုင်းတွင် လွှတ်တော် အမတ် တစ်နေရာ သူရခဲ့သည်။

စစ်ဘက် ကျောထောက်နောက်ခံ ပြု အမတ်လောင်းများ ထူးထူးကဲကဲ အနိုင်ရခဲ့သော ၂ဝ၁ဝ ရွေး ကောက်ပွဲ အဆက် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်၏ အားကောင်းမောင်းသန် အောင်နိုင်မှုက သူ၏ အခိုင်အမာ လူကြိုက်များမှုကို မီးမောင်းထိုးပြခဲ့သည်။ သို့တစေ သမ္မတ ဦးသိန်းစိန် နှင့် သူ၏ အကျယ်အပြန့် သြဘာပေး ခံရသော ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးလှုပ်ရှားမှုက ဒေါ်အောင်ဆန်းစု ကြည်နှင့် သူ့ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့်ပေး ခဲ့ခြင်းကြောင့် ဟူသော အချက်ကလည်း တစ်ဖက်မှာ ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အုပ်ချုပ်မှု၏ အမှောင်ထု ကာလအတွင်း လူထုကို လှုံ့ဆော်စည်းရုံး နိုင်ခဲ့သော အတိုက် အခံခေါင်းဆောင် ဖြစ်ကာ လွတ်လပ်မှုနှင့် ဒီမိုကရေစီ ၏ သင်္ကေတအဖြစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် တိုင်း ပြည်က ၂ဝ၁၅ ရွေးကောက်ပွဲနှင့် ပိုမိုကြီးမားသော ဒီမိုကရေစီသို့ ဦးတည်စ ပြုနေသည်နှင့် အမျှ သူ သမ္မတ အဖြစ် ရွေးချယ်ခံရန် သင့်တော်ပါမည်လော ဟူသော ယခင်က မကြား  ဖူးခဲ့သည့် အမေးများ ထွက်ပေါ်လာနေသည်။

အမျိုးသား ခေါင်းဆောင်တစ်ဦး အနေဖြင့် လူမျိုးရေးနှင့် ဘာသာရေးအရ ကြီးကြီးမားမား ကွဲပြားနေသော လူမျိုးစုပေါင်း ၁၃၅ စုကျော်ကို သူ စီမံခန့်ခွဲရပေလိမ့်မည်။ တိုင်းရင်းသား လူနည်းစုဒေသများအတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုမိုရရှိရန် အစဉ်တစိုက် တောင်းဆိုမှုများကို မဖြည့်ဆည်းနိုင်ပါက အမျိုးသား ညီညွတ်ရေးနှင့် ပြန်လည် ရင်ကြားစေ့ရေး၏ ချန်ပီယံတစ်ဦးအဖြစ် သူရရှိထားသော သမိုင်းရေး အမွေအနှစ်ကို ထိခိုက် ပျက်စီးစေမည် ဆိုသည်မှာ သံသယ ဖြစ်စရာ မရှိပါ။

လွတ်လပ်ရေးသူရဲကောင်း ဗိုလ် ချုပ်အောင်ဆန်း၏ သမီးအနေဖြင့် တိုင်းပြည်၏ လွတ်လပ်မှုအတွက် တိုက်ပွဲနှင့် အတူ ကာလကြာရှည် ရှိခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကာလ ကြားဖြတ်အစိုးရ က တိုင်းရင်းသား လူနည်းစုတို့ ရယူ ပိုင်ဆိုင်ထားသော နယ်စပ်ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြည့်အဝ အာမခံသည့် ၁၉၄၇ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုနှစ်တွင်ပင် သူလုပ် ကြံခံခဲ့ရပြီး ထိုသဘောတူညီချက်မှာ မည်သည့်အခါမျှ အကောင်အထည် ပေါ်မလာ ခဲ့ဘဲ ဆယ်စုပေါင်းများစွာ တိုင်းပြည်ကို မီးတောက် လောင်စေခဲ့သည့် တိုင်းရင်းသား လူမျိုးစု ပုန်ကန်မှုများစွာ၏ ကနဦး မီးပွားသာ ဖြစ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ ပွဲဦးထွက် နိုင်ငံရေးကို ၁၉၈၈ သြဂုတ်လတွင် မြန်မာနိုင်ငံ၏ တန်ခိုးကြီး ဗုဒ္ဓဘာသာ စေတီတော် ဖြစ်သည့် ရွှေတိဂုံဘုရားရှေ့မှ စခဲ့ပြီး သူ့အဖေ ခြေရာနင်းခဲ့သည်။ ထိုနေရာသည် ၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ၏ ကျော်ကြားသော လွတ်လပ်ရေးကြို မိန့်ခွန်း ပြောခဲ့ရာနေရာဖြစ်သည်။ ၁၉၈၈ က စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော လမ်းပေါ်ဆန္ဒပြကန့်ကွက်သူ များကို စစ်အစိုးရ၏ သွေးချောင်းစီး နှိမ်နင်းဖြိုခွဲမှု မတိုင်မီနှင့် နောက်ပိုင်း ကာလတွင် ဒီမိုကရေစီရေး တိုက်ပွဲ ခေါ်သံကို သူပေးခဲ့သည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် သူ နှင့် သူ့ပါတီက အပြတ်အသတ် အနိုင်ရသော်လည်း ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်က ဖျက်သိမ်းခဲ့ပြီး သံလက်သီး အုပ်ချုပ်ရေးဖြင့် အာဏာကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ တိုင်းပြည်ကို စွန့်ခွာ၍ နိုင်ငံရပ်ခြားမှ မိသားစုနှင့် ပြန်လည် ပေါင်းဆုံခွင့် ရှိခဲ့သော်ငြား မြန်မာနိုင်ငံတွင်နေ၍ အဟန့်အတား အချုပ်အနှောင် ကို နှစ်ပေါင်းများစွာ ခံကာ အကြမ်းမဖက် ဒီမိုကရေစီရေး တိုက်ပွဲကို တိုးမြှင့်ဆင် နွှဲခဲ့သည်။ လုပ်ကြံမှုတစ်ခုအဖြစ် အကျယ်အပြန့်ရှုမြင်ကြသော ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းနောက်ပိုင်း တွေ့ဆုံမေးမြန်းမှု တစ်ခုအတွင်း တိုင်းပြည်မှ ထွက်ခွာရန် စဉ်းစားခဲ့ခြင်းရှိ၊ မရှိမေးမြန်းရာတွင် “ဒါကို ရွေးချယ် စရာတစ်ခုလို့ ကျွန်မ ဘယ်တုန်းကမှ မယူဆပါဘူး။ မြန်မာပြည်က ထွက်သွားဖို့ ကျွန်မ ဘယ်တော့မှ မစဉ်းစား ခဲ့ဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီကို ယုံကြည်သူ တစ်ယောက် တစ်လေ ရှိနေသမျှ အဲဒီသူနဲ့အတူ ကျွန်မ နေရမယ် လို့ပဲ ကျွန်မ အမြဲတမ်း စဉ်းစားခဲ့တယ်” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

အကျယ်ချုပ်ကျစဉ် နှစ်များအတွင်း ငြိမ်းချမ်းရေးနှင့် အကြမ်း မဖက်ရေးဖြင့်သာ အပြောင်းအလဲကို လိုလား ကြောင်း သူ အမြဲတမ်း ပြောခဲ့သည်။ ၁၉၉၆ ခုနှစ်က အင်တာဗျူး တစ်ခုတွင် “လက်နက်ကိုင် တိုက်ပွဲကို ကျွန်မ မယုံပါဘူး။ ဘာလို့လဲ ဆိုတော့ လက်နက်ကို အကောင်း ဆုံးကိုင်နိုင်သူသာ အာဏာကို ကိုင်ရမယ်ဆိုတဲ့ ထုံးစံကြီးကို ကျူးလွန်ရာ ကျမှာမို့ပါ။ ဒါက ဒီမိုကရေစီ အတွက် အကူအညီမရပါဘူး”ဟု သူ့နိုင်ငံရေး အမြင် အယူအဆကို အကြမ်းမဖက်ရေးဖြင့် ဖော်ပြခဲ့သည်။ “သူက  ဗုဒ္ဓဘာသာကိုင်းရှိုင်းတဲ့သူ တစ်ယောက်ပါ။ အစ ကတည်းက အိန္ဒိယနိုင်ငံက မဟတ္တမဂန္ဒီရဲ့ အကြမ်းမဖက်ရေးနဲ့ အာဏာဖီဆန်ရေး ကိုနှစ်ခြိုက်ခဲ့တာ” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက များမကြာသေးမီ တွင် ပြောခဲ့သည်။ အကြမ်းမဖက်ရေးကို လိုလားမှုက ၁၉၉ဝ တွင် သူ့ကို နိုဘယ် ငြိမ်းချမ်းရေးဆု ရစေခဲ့ခြင်း ဖြစ်သည်။

ဆယ်စုပေါင်း များစွာအတွင်း အဖိနှိပ်ခံ တိုင်းရင်းသား လူနည်းစုများကို လွတ်လပ်မှု အမည်နာမဖြင့် ဒေါ်အောင်ဆန်း စုကြည်က ထောက်ခံခဲ့ပြီး စစ်အုပ်ချုပ်မှု ဆန့်ကျင်ရေး သင်္ကေတအဖြစ် ကိုယ်စားပြုခဲ့သည်။ တိုင်းရင်းသား လူမျိုးစုတို့၏ ယုံကြည်မှုကို အကြမ်းမဖက်ရေး သတင်းစကားမှ တစ်ဆင့် ရယူခဲ့သည်။ ပဋိ ပက္ခဇုန် များမှ စစ်ဘက်၏ လူ့အခွင့် အရေးချိုးဖောက်မှုများကို အားနှင့် အင်နှင့် ဆန့်ကျင်ပြောကြားခဲ့သည်။

သို့သော်ငြား ၂ဝ၁၅ တွင် သမ္မတသာဖြစ်ခဲ့ပါလျှင် ဤချီးမွမ်း ခံဂုဏ်ပုဒ်များကို ထိန်းသိမ်းထား နိုင်ရန် စိန်ခေါ်မှုများနှင့် အတားအဆီး များကို ကြီးကြီးမားမား သူ ရင်ဆိုင်ရ ပါလိမ့်မည်။ အမျိုးသားခေါင်းဆောင် တစ်ဦးအနေဖြင့် တိုင်းရင်းသားလူမျိုး ပေါင်းစုံ၏ လိုလားချက်များကို ကျေ နပ်အောင် စွမ်းဆောင်နိုင်သူအဖြစ် အမြင်ခံရဖို့လိုပါသည်။ တစ်ချိန် တည်းတွင် တိုင်းရင်းသားဒေသများ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြင်းအထန် ဆန့်ကျင်သော စစ်ဘက် အရာရှိများအတွက် ၂၅ ရာနှုန်းသော နေရာများကို ဖယ်ထားပေးသည့် လွှတ်တော် တစ်ရပ်နှင့် တစ်ပြိုင်နက် အလုပ် အတူလုပ်နေရခြင်းလည်း ဖြစ်ပါသည်။

ဒီမိုကရေစီရေး သင်္ကေတတစ်ခု အဖြစ်ထက် သမ္မတအဖြစ်ဖြင့် စစ်ဘက် လွှမ်းမိုးသော နိုင်ငံရေးစနစ် တစ်ရပ်သို့ သူဦးတည်ရမည်ဖြစ်ပါ သည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်ပင် တိုင်းရင်းသား ပဋိပက္ခများ အပါအဝင် အရေးကြီးသော အမျိုးသားရေးပြဿနာများ၌ ပို၍အလယ်အလတ်ကျသည့် အနေ အထားတစ်ခုကို ယူထားသဖြင့် မူပိုင်းဆိုင်ရာတွင် အလျှော့ပေးစေ့စပ် သည်ဟု အမြင်ခံနေရပြီဖြစ်ပါသည်။ မကြာသေးမီ လများ အတွင်း ရခိုင်ပြည်နယ် တွင် ဖြစ်ပွားသော ပဋိပက္ခ ကို အားပျော့စွာတုံ့ပြန်ခဲ့သည်ဟု အပြင်းအထန် ဝေဖန်ခံခဲ့ ရသည်။ “ဒီပြဿနာနဲ့ပတ်သက်ပြီး လူတွေ ကျွန်မကို ပြောစေချင်ကြတာ ကျွန်မ သိပါတယ်။ သူတို့က ပြင်းပြင်း ထန်ထန် ဝေဖန်ရှုတ်ချစေချင်တာ။ ကျွန်မ က ဒါကိုလုပ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါကအလုပ်ဖြစ်မယ် လို့ ကျွန်မ မထင်လို့ဘဲ” ဟု နယူးယောက် တိုင်း(မ)နှင့် စက်တင်ဘာလ အတွင်း တွေ့ဆုံစဉ်က သူ ပြောခဲ့ သည်။

“ကျွန်မက လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို အမြဲပဲဆန့်ကျင် ပြောခဲ့တယ်။ ဒါပေမဲ့ သီးခြား လူမှု အသိုက်အဝန်း တစ်ခု ကိုတော့ ဆန့်ကျင်မပြောဘူး။ တစ်ခုကို ပြစ် တင်ရှုတ်ချရင် တခြားတစ်ခုက အဲဒီ အသိုက်အဝန်း အပေါ် ပိုပြီး ရန်လိုလာမယ်” ဟု သူက ပြောခဲ့သည်။ တိုင်းရင်းသားချင်း ပြန်လည်ရင် ကြားစေ့ရေးကို ဖြစ်ပေါ် တိုးတက်စေမည့် ဥပဒေ စိုးမိုးရေး အခြေခံပေါ်၌သာ ဤပြဿနာကို ဖြေရှင်းသင့်သည်ဟု သူယုံကြည်ကြောင်း ဆိုသည်။ “တကယ် ခိုင်မာတဲ့ နိုင်ငံသားဖြစ်မှု ဥပဒေပေါ် အခြေခံပြီး ဖြေရှင်းရမှာပါ” ဟု သူက ဆိုပါသည်။

ကချင်ပြည်နယ် အတွင်း မြင့်တက် လာသော ပဋိပက္ခ အပေါ် သူ၏ တုံ့ပြန်မှု သို့မဟုတ် မတုံ့ပြန်မှုကလည်း တစ်ချိန်က သူ့ကိုထောက်ခံသူများ အပါအဝင် အများအပြား၏ ဝေဖန်မှုများ ကို ဖြစ်ပေါ်စေခဲ့သည်။ ကချင် လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်သော Neng Seng က “ဒေါ်အောင်ဆန်း စုကြည် သစ္စာမဲ့သလို ကျွန်မ ခံစားရသည်” ဟူသော ခေါင်းစဉ်ဖြင့် ဟပ်ဖင်တန်ပို့(စ) သတင်းစာတွင် မကြာသေးမီက ဆောင်းပါး တစ်ပုဒ် ရေးခဲ့သည်။ ထိုအထဲတွင် ယခင်က သူ့ အသည်းစွဲ ပုဂ္ဂိုလ်၏ လုပ်ရပ်နှင့် ပတ်သက်၍ သူ့ခံပြင်းမှုနှင့် စိတ်ပျက် လက်ပျက် ဖြစ်မှုကို ဖော်ပြထားသည်။ “အရပ်သားတွေအပေါ် တိုက်ခိုက်မှု တွေ၊ ဥပဒေမဲ့ သတ်ဖြတ် မှုတွေ၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေအပါ အဝင် အစိုးရတပ်စစ်သားတွေက ကျူးလွန်တဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ သူတစ်ခွန်း မဟခဲ့ဘူး။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ မူပေါ် အခြေပြုတဲ့ ရပ်တည်ချက်နဲ့ ကိုယ်ကျင့်တရားစံ တွေက ကျွန်မကို တစ်ချိန်တုန်းက ဖမ်းစားခဲ့ပါတယ်။ အခုကိစ္စ မှာက ကြားနေလို့ မရဘူးလေ။ ဒီလို အင်မတန် ဆိုးဝါးတဲ့ စော်ကားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အခါမျိုးမှာ တုံဏှိ ဘာဝေ လုပ်နေလို့ ဘယ်ဖြစ်မလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆိတ်ဆိတ်နေ တာနဲ့ ကြားနေတာဟာ ဒီစော်ကားမှု တွေကို ဆက်ဖြစ်စေနိုင်လို့ပဲ။ ကျွန်မ သိပ်စိတ်ဆိုးတယ်။ သစ္စာဖောက်သလို လည်း ခံစားရတယ်။ ပြီးတော့ ဝမ်းလည်း နည်းတယ်” ဟု သူက ဆိုပါသည်။

ရွေးကောက်ခံ နိုင်ငံရေးသမား တစ်ဦးအနေဖြင့် သိသိသာသာကွဲ ပြားနေသော တိုင်းပြည်အတွင်းမှ မဲဆန္ဒနယ် အားလုံးကို ကျေနပ်အောင် ဒေါ်အောင်ဆန်းစုကြည် မစွမ်းဆောင်နိုင်ပါ။ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေဖြင့်ပင် အကန့်အသတ် ရှိသော ဘတ်ဂျက်များ၊ မဖွံ့ဖြိုးသေးသော အခြေခံ အဆောက်အအုံများ၊ ကန့်သတ် ထားသော စွမ်းအားများ နှင့်အတူ ခက်ခက်ခဲခဲရွေးချယ်မှုများ ကို သူလုပ်ရန် တောင်းဆိုခံနေရပြီ ဖြစ်ပါသည်။ စစ်ဘက် လွှမ်းမိုးသော အစိုးရနှင့် ပတ်သက်လွန်းသည် ဟူသော ခံစားချက်မျိုး၊ ထိထိရောက် ရောက် မလုပ်ခဲ့ဟူသော တခြား ခံစားမှုမျိုးများနှင့် သူ့ပါတီတွင်းမှာပင် သိသိသာသာ သဘောမတူညီမှုများ ရှိနေပါသည်။ မြန်မာနိုင်ငံ၏ စစ်ဘက်နှင့် စစ်ဘက် ပတ်သက်ရာ ပတ်သက်ကြောင်း နိုင်ငံရေးသမားများအတွက် ဆယ်စုပေါင်းများစွာ စီမံခန့်ခွဲမှု အလွဲများနှင့် ခြစားသောအုပ်ချုပ်ရေး အတွက် အပြစ်တင်မှုများကို ရင်ဆိုင် ခဲ့ရပြီး နောက်တွင်  ထိုကဲ့သို့သော ဝေဖန်မှုမျိုးမှာ ပြဿနာသိပ်မဟုတ် ပါ။ သို့တစေ တစ်ချိန်က ကမ္ဘာနှင့် အဝန်း ထင်ပေါ် ကျော်ကြားမှု အရှိဆုံး ဒေါ်အောင်ဆန်းစုကြည်အတွက်မှာမူ တိုင်းရင်းသား လူမျိုးစုဒေသ များ အပါအဝင် ယခင်က လိုလားသူ၊ ထောက်ခံသူများကို ကျေနပ်အောင် မလုပ်နိုင်လျှင် ဆုံးရှုံးမှု ပိုများစရာ ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံ သတ်ဖြတ်မှုအတွက် တာဝန်ရှိမှုကို နိုင်ငံရေး ပြိုင်ဘက်တစ်ဦးဖြစ်သူ နန်းရင်းဝန်ဟောင်း ဦးစောအပေါ်တွင် ပုံချထားခဲ့သည်ကို သတိရသင့်ပါ သည်။ ဗိုလ်ချုပ်သည် ဗြိတိသျှ ကိုလိုနီစနစ်ကို အဆုံးသတ်ရာတွင်  ထင်ပေါ်ကျော်ကြားမှုနှင့် ကမ္ဘာ့နှင့် အဝန်း အသိအမှတ် ပြုမှုကို ရခဲ့ပါ သည်။ ထိုစနစ်က နိုင်ငံရေး အကွဲအပြဲများကို ဖြစ်ပေါ်စေခဲ့ပြီး ထိုကွဲပြဲမှုများကပင် သူ့သေခြင်းတရားကို ဖြစ်ပေါ်စေခဲ့ ပါသည်။ ယနေ့အခါ၌ ဦးသိန်းစိန်၏ သမ္မတသက်တမ်း အတွင်း ပြုလုပ်ခဲ့သော ထူးထူးခြားခြား ဒီမိုကရေစီရေး တိုးတက်မှုများ အတွက် ရရှိခဲ့သည့် အသိအမှတ်ပြုမှုများက အလားတူ နိုင်ငံရေး ပြိုင်ဆိုင်မှုနှင့် မနာလိုမှုများကို စစ်ဘက်နှင့် အတိုက်အခံ ပါတီနှစ်ခုစလုံးအတွင်း တွင် မီးမွှေးပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အတွက်မှာ ကြီးကျယ်သော အတိုက် အခံ ခေါင်းဆောင် တစ်ဦး အဖြစ် အမွေက သေချာပြီးသား ဖြစ်သည်။ မကြာသေးမီ နိုင်ငံရပ် ခြား ခရီးစဉ်များအတွင်း ကမ္ဘာ့ အသိုင်းအဝိုင်း ၏ စာနာမှုနှင့် ထောက်ခံမှုများ သွန်းလောင်းဖြန်းပက်မှုက သက်သေဖြစ်ပါသည်။ သို့သော်ငြားလည်း ၂ဝ၁၅ တွင် သမ္မတအဖြစ် အရွေးချယ်ခံခဲ့ပါက မြန်မာနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်အနေဖြင့် အလားတူ အသိအမှတ်ပြုမှုမျိုး ရနိုင်ပါမည်လော။ သေချာသည်မှာ ဖိနှိပ် မှုကြားက ဒီမိုကရေစီရေးအထိမ်း အမှတ်နှင့် လွတ်လပ်မှု သင်္ကေတမှ သည် အရပ်သားတစ်ပိုင်း၊ စစ်ဘက် လွှမ်းမိုးသော နိုင်ငံရေးအခင်းအကျင်း သို့ ပုဂ္ဂိုလ်ရေး အကူးပြောင်းတွင် ဒေါ်အောင်ဆန်း စုကြည်အဖို့ အဓိက ခလုတ်ကန်သင်းများကို ရင်ဆိုင်တွေ့  ကြုံနေရခြင်းဖြစ်သည်။ လာမည့်နှစ်နှစ်ကျော် ကာလအတွင်း ဤအကူးအပြောင်းကို မည့်သို့ကိုင်တွယ်မည် ဆိုသည်နှင့် တစ်ချိန်က အစွန်းအထင်းမဲ့ ပုံရိပ်ကို မည်သို့ ထိန်းသိမ်းစီမံမည် ဆိုသည်ကသာ လျင်မြန်စွာ ပြောင်း လဲနေသော မြန်မာနိုင်ငံအတွင်း လျင်မြန်စွာ ပြောင်းလဲနေသော မျှော် လင့်ချက်များအကြား သူ၏ ရွေးကောက် ခံရနိုင်မှုကို အဓိက အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။

ဤဆောင်းပါးကိုရေးသူ ဘီလီတီး (Billy Tea) သညှ်Pacific Forum CSIS မှ သုတေသန အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ သူ၏ သုတေသနရေးရာ အထူးပြုမှုများတွင် ပဋိပက္ခ ကြိုတင်ကာကွယ်ရေး၊ ပဋိပက္ခစီမံ ခန့်ခွဲရေး၊ ဒေသတွင်း ပူးပေါင်းဆောင် ရွက်ရေး၊ အာရှတိုက်ရှိ တရုတ်နိုင်ငံ ခြားရေးပေါ်လစီ၊ အာရှ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုအကြား လုံခြုံရေးနှင့် ကာကွယ်ရေးဆက်ဆံ မှုများပါဝင်ပါသည်။ သူသည် UMASS Amherst မှ နိုင်ငံရေးသိပ္ပံ ဖြင့် BA ဘွဲ့ ရခဲ့ပြီး လန်ဒန် KING’S College မှ စစ်ပွဲများ လေ့လာမှုဖြင့်  MA ဘွဲ့ ရရှိထားသူ ဖြစ်သည်။

Ref;Suu Kyi’s fading glory By Billy Tea, asiatimes,online

ဝ၄ဝ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*