ခေါင်းကြီးသတင်း — ရန်ကုန်၊ ဧပြီ ၂၊ ၂ဝ၁၃

newspaper2

နှစ်ပေါင်း ၅ဝ ကျော်ကြာ စောင့် မျှော်ခဲ့ရသော လွတ်လပ်စွာ သတင်း စာထုတ်ဝေခွင့်အခွင့်အရေးကို  မြန်မာ သတင်း သမားများ ပြန်လည်ရရှိခဲ့ပြီး နောက် ပထမဦးဆုံး သတင်းစာ ၄ စောင်အဖြစ် The Voice Daily၊ ပြည် ထောင်စုနေ့စဉ်၊ စံတော်ချိန်၊ ရွှေနိုင်ငံသစ် သတင်းစာများ ဧပြီလ ၁ ရက်နေ့တွင် ထွက်ရှိလာကာ သတင်းစာ ဖတ်သူများ ကကြိုဆိုခဲ့ ကြသည်။

နောက်ထပ်လည်း အလားတူ သတင်းစာများ ဆက်လက်ထွက်ပေါ် လာဦးမည်ဖြစ်သည်။ ယင်းနေ့ထွက်ရှိသော သတင်းစာများအပေါ် သုံးသပ်ချက် များနှင့် အမြင်များကို မြန်မာ အင်ဒီပဲန်ဒင့် သတင်းဂျာနယ်က စာနယ် ဇင်းသမား များအား ဆက်သွယ်မေး မြန်း၍ စာဖတ်သူများထံ စုစည်း တင်ပြလိုက်ပါသည်။

သတင်းစာဆရာ ဖိုးသောကြာ (ခေတ်မိုး)က ယနေ့ ထွက်ရှိလာသော သတင်းစာများနှင့် ဂျာနယ် ကွာခြားမှု ရှိကြောင်း ပြောကြား ရာတွင် “သတင်းစာနဲ့ ဂျာနယ်ကတော့ ကွာခြားမှုတွေ အများကြီးရှိတယ်။ ဥပမာ ပေးရရင် သတင်းဂျာနယ်က ဝန်တင်လားနဲ့ တူတယ်။ သူက ကုန်တင်ပြီး ဖြည်းဖြည်း သွားတဲ့ မြင်းအမျိုးအစား တစ်မျိုး၊ သတင်းစာ ကတော့ ပြိုင်မြင်းနဲ့ တူတယ်။ သတင်းဂျာနယ်ကျတော့ သတင်းအပြင် ဗမာပြည်ရဲ့ ထုံးတမ်းစဉ်လာနဲ့ ပြောရရင် လစဉ်ထုတ်တာကို မဂ္ဂဇင်း၊ နေ့စဉ် ထုတ်တာ ကို သတင်းစာ၊ အပတ်စဉ် ထုတ် တာကို ဂျာနယ်လို့ သတ်မှတ်ကြတယ်”ဟု ဆိုသည်။

ဆက်လက်ပြီး ယင်းက သတင်းစာနှင့် ဂျာနယ်များတွင် ထည့်သွင်းဖော်ပြလေ့ ရှိသော သတင်းသားကဏ္ဍကို ခွဲခြား သုံးသပ်ရာတွင်လည်း “မြန်မာပြည်ကျတော့ စီးပွားရေးဈေးကွက် ကိုကြည့်ပြီး ဂျာနယ်ထဲမှာ ဘာတွေ သွားထည့်လဲ ဆိုရင် သတင်းကို အကျယ်တဝင့်ရေးတဲ့ သတင်း ဆောင်းပါးတွေ၊ ရသတွေ ဖြည့်ရတာပေါ့။ ရသဆိုတာ ရသစာပေတွေပေါ့။ ဒါကတော့ ဈေးကွက်သဘောပေါ့။ အဲဒါက အဘတို့ ငယ်ငယ် ဦးချစ်မောင် ဂျာနယ်ကျော် ထုတ်ကတည်းက ဂျာနယ်ဆိုတာ တစ်ပတ် တစ်ခါ ထုတ်တဲ့ သုတရသစာစောင်လို့ ဆိုနိုင်တယ်။ သတင်းစာကတော့ ရိုးရိုးရှင်းရှင်းပဲ သတင်းသီးသန့်ကိုပဲ ဦးစားပေးတာ။ လူတွေက အလျင်အမြန်သိချင်တဲ့ အကြောင်းအရာ အမြန်ဆုံး သိသင့်တဲ့ အကြောင်းအရာကို ဖော်ပြတာ သတင်းစာလို့ ခေါ်တယ်”ဟု ဖြေကြားသည်။  ဆရာ ဖိုးသောကြာက ဧပြီ ၁၇ ရက်နေ့ စတင် ထုတ်ဝေသော ရွှေနိုင်ငံသစ် သတင်းစာ၏ စာတည်းချုပ် တာဝန်ယူထားပါသည်။

ဆရာဆူးငှက်က နေ့စဉ်သတင်းစာတွေ ထွက်ပေါ်လာခြင်းအပေါ် ဝမ်း သာအားရဖြစ်မိသော်လည်း ကာလ ကြာရှည်စွာ ပိတ်ပင်ခံရပြီးနောက် ယခုကဲ့သို့ ပထမဦးဆုံး အကြိမ် ထုတ်ဝေခွင့် ရခြင်းကြောင့်အခက်အခဲများ၊ လိုအပ်ချက်များ ရှိနေဦးမည်ဖြစ်သည့်အတွက် သတင်းစာအယ်ဒီတာများ၊ သတင်း ထောက်များနှင့် အခြားသော စာနယ် ဇင်းသမားများအနေဖြင့် အထူးဂရုပြု သတိထားလုပ်ဆောင်ရန် လိုအပ် ကြောင်း ဆိုပါသည်။ “သတင်းစာတွေ အနေနဲ့ ပုဂ္ဂလိက ထုတ်ပိုင်ခွင့်တွေ ပိတ်ပင်ခံခဲ့ရတော့ အစအနေနဲ့ အခက် အခဲတွေ အများကြီး ရှိမှာပါ။ တကယ် သတင်းစာနဲ့တူပြီး တကယ်မှန်ကန် တဲ့သတင်းစာအနေနဲ့ မှန်မှန်ကန်ကန် ရပ်တည်နိုင်ဖို့က ခဲယဉ်းသလို သတင်းထောက် တစ်ဦးချင်းစီရဲ့ သီလ၊ အယ်ဒီ တာသီလ၊ သတင်းစာသီလကျင့်ဝတ် ပိုင်းတွေနဲ့ ညီဖို့လည်း လိုအပ်ပါတယ်။ အများကြီး တော့ လုပ်ကြရဦးမှာပါ။ အခုက ဝုန်းဝုန်းနဲ့ သတင်းစာ ထွက်ကြ ထွက်ကြ ဆိုတော့ လေ့ကျင့်မှု၊ အတွေ့ အကြုံ မရှိဘဲ လုပ်ကြတော့ လိုအပ်ချက် ရှိဦးမှာပါ။ ပြည်သူကတော့ သတင်းစာမှာ ပါလာရင် အဲဒီသတင်းကို ယုံကြတော့မှာပဲ။ ရေရှည် ယုံကြည်မှု ထိန်းနိုင်တဲ့ သတင်းမျိုးဖြစ်ဖို့ လိုတယ်။ ချက်ချင်း လက်ငင်း လုပ်ကြရတဲ့အခါ သတင်းထောက်အရင်းအမြစ်၊ အယ်ဒီတာစွမ်းအား အရင်းအမြစ်တွေ အများကြီး လိုမယ်လို့ ထင်ပါတယ်။ ဒီလို အတွေ့အကြုံကပဲ သင်သွားမယ်လို့ ပြောလို့မရဘူး။ ဆေးကုတာက လူနာ တစ်ယောက်ပဲ သေမယ်။ သတင်း အမှား အကျိုးအပြစ်က သိန်းသန်းချီ တဲ့လူတွေရဲ့ ဦးနှောက်ထဲ ရောက်သွားမှာမို့ သေသေချာချာ လုပ်သွားစေချင်တယ်” ဟုပြောသည်။ ဆရာဆူးငှက် သည် စာရေးဆရာ ဖြစ်သကဲ့သို့ သတင်း စာဆရာအဖြစ် ရပ်တည်လျက် မန္တလေး မြို့တွင် နေထိုင်လျက်ရှိသည်။

အရည်အချင်း မပြည့်မီသော သတင်းထောက်များ၊ အယ်ဒီတာများမှ သတင်းအမှားများ ဖော်ပြမိခဲ့ပါက သက်ရောက် နိုင်သည့် အကျိုးအပြစ်များ ကိုချိန်ထိုးပြရာတွင် လည်း “အရည်အချင်း ပြည့်မီတဲ့ သတင်းထောက်တွေ ၊ အယ်ဒီတာတွေ စာတည်းအယ်ဒီတာ စာစစ်တာတွေ အရည်အချင်းပြည့်ဖို့ လိုပေမယ့် အခုက တက်သုတ်ရိုက်ပြီး လုပ်လိုက်ရတဲ့ သဘောဆန်သွားတဲ့အခါ အကျိုးသက်ရောက်မှုကမှားယွင်းတဲ့ သတင်းတစ်ရပ်ကို ပြည်သူလူထုထဲ ချပြတဲ့အခါ အဲဒီသတင်းဂယက်ကြောင့် အထင်အမြင် လွဲမှားမှုတွေ အများကြီး ဖြစ်သွားနိုင်တာပေါ့။ စိတ်ပိုင်းဆိုင် ရာအနေနဲ့ လူရဲ့စိတ်ထဲမှာက သတင်း အမှားအပေါ် အခြေခံပြီး တစ်ဦးချင်း၊ တစ်အုပ်စုချင်း၊ တစ်ဘာသာ ချင်းမှာ နားလည်မှု လွဲမှားမှုတွေကြုံနိုင်တယ်။ပိုဆိုးတာက တိုင်းပြည် တစ်လျှောက်လုံးမှာ အပင်ပန်းခံခဲ့ရပြီး အခုအချိန်မှာ အားလုံး နားလည်မှု ထူထောင်ပြီး လုပ်နေတုန်း အစိုးရနဲ့ ပြည်သူ အကြား၊ လက်နက်ကိုင်နဲ့ ပြည်သူအကြား၊ တိုင်းရင်းသားတွေနဲ့ အစိုးရကြားနားလည်မှု မလွဲအောင် ထိန်းကျောင်းပေးဖို့ အများကြီး လိုအပ် ပါတယ်” ဟု ပြောခဲ့ သည်။

လက်ရှိ ထွက်ပေါ်နေသည့် သတင်းစာများ၏ တင်ဆက်မှုကို သုံးသပ် ရာတွင် “သတင်းစာရဲ့ တင်ဆက်မှုနဲ့ ဂျာနယ်ရဲ့ တင်ဆက်မှုကို အဓိပ္ပာယ် ဖွင့်ဆိုချင်တာ က ရေဒီယိုမှာ မနက်က ဝါရင့်သတင်းစာ ဆရာကြီးက ပြောတယ်။ ဒီနေ့ အသစ်ထုတ်လိုက်တဲ့ သတင်းစာတွေကို ကြည့်လိုက်တော့ သတင်းစာနဲ့ မတူသေးဘူး။ ဂျာနယ်တွေ ပုံစံမျိုးဖြစ်နေတယ်တဲ့၊ အဲဒီတော့ အယ်ဒီတာတွေ၊ သတင်းထောက်တွေ ကိုယ်တိုင်က၊ သတင်းထောက်တွေ ကလည်း သတင်းစာအတွက် သတင်း ရေးပေး ရမှာလား၊ ဂျာနယ်အတွက် သတင်းရေးပေးရမှာလား မကွဲသလို၊ အယ်ဒီတာလည်း ဂျာနယ်အတွက် ထည့်ရမယ့် သတင်းလား၊ သတင်းစာ အတွက် ထည့်ရမယ့် သတင်းလား မကွဲသေးဘူး။ အဲဒီတော့ဂျာနယ် တောင်မှ လောက်လောက်လားလားနဲ့ အနည်ထိုင်ပြီး တည်တည်ငြိမ်ငြိမ်ဖြစ် အောင် မလုပ်နိုင်တဲ့ကာလတစ်ခုမှာ သတင်းစာကို ဝုန်းခနဲ လုပ်လိုက်ရတဲ့ အခြေအနေမျိုးမှာတော့ အများကြီး အလုပ်တွေလုပ်ရဦးမယ်။ သတင်းစာ ထွက်လာပြီဆိုရင် သတင်းစာက ရန်ကုန် တစ်ခုတည်း အတွက် မဟုတ်ဘူး။ တစ်ပြည်လုံးရဲ့စာဖတ်ပရိသတ် အာရုံစိုက်နိုင်မှု၊ စိတ်ဝင်စားမှု။ အလား တူတစ်ပြည်လုံးမှာရှိတဲ့စာဖတ်ပရိ သတ်အကျိုးကို လုပ်ဆောင်ပေးနိုင်မှု တွေ လိုလာပြီ၊ အဲလို လုပ်ပေးနိုင်ဖို့ အတွက် နေပြည်တော်၊ မန္တလေးအပါ အဝင် အခြားသောမြို့ကြီးတွေဆီက သတင်းထောက်တွေဆီက သတင်းတွေ ကို မှန်မှန်ကန်ကန်၊ တိတိ ကျကျနဲ့  ရန်ကုန်တိုက်ကြီးတွေက ရယူဖို့ လိုတယ်” ဟုဆိုသည်။

သတင်းစာများ၊ ဂျာနယ်များတွင် အားနည်းချက်၊ လိုအပ်ချက်များ နည်းနိုင်သမျှ နည်းစေရန် လုပ်ဆောင်သင့်သည့် အချက် များကိုပြောရာတွင် “အရေးအကြီးဆုံး အချက်က အယ်ဒီတာပိုင်းက ကျင့်ဝတ်သီလပိုင်း အနေနဲ့ တကယ်ကို ခိုင်ခိုင်မာမာရှိပြီးတော့ တကယ်ကို မှန်မှန်ကန်ကန် တည်း ဖြတ်နိုင်တဲ့ အင်နဲ့အားနဲ့သတင်းတွေ စုဆောင်း၊ တောင်းခံနိုင်တဲ့ အရည်အချင်းလည်း ရှိရမယ်။ လေ့ကျင့်ရင်း တိုက် တိုက်ရင်းလေ့ကျင့်တော့ လုပ်လို့ မရဘူး။ နောက် တကယ်လုပ်ခဲ့ဖူးတဲ့ ဝါရင့်သတင်းစာ ဆရာကြီးတွေရဲ့ အကြံဥာဏ် ခံယူဖို့လိုတယ်။ ပြီးတော့ သတင်းစာ ဆိုပေမယ့်လည်း ဝါရင့် စာရေးဆရာကြီးတွေလည်းပါတယ်။အရင်ခေတ်တုန်းကဆိုရင် ဘယ်စာရေး ဆရာမှ သတင်းစာနဲ့ သိပ်မကင်းကြ ဘူး။ ဆရာဒဂုန်တာရာသည်ပင်လျှင် သတင်းစာလုပ်ငန်းနဲ့မကင်းဘူး။ ဒီဆရာကြီးတွေရဲ့ အကြံဥာဏ်တည်း ဖြတ်မှုတွေကိုလည်း ခံယူရမယ်။ သတင်းစာ ၊ ဂျာနယ်နဲ့ စာပေ အနုပညာနဲ့ကို တခြားစီလို့ ယူဆလို့မရဘူး။ ကျင့်ဝတ်နဲ့ တစ်ထပ်တည်း ကျအောင် ရေးကြတဲ့၊ ရေးနိုင်တဲ့ စာရေးဆရာတွေ ရှိကြ တယ်လေ”ဟု ဆရာဆူးငှက်က  အကြံပေးပြောဆိုခဲ့သည်။

သတင်းစာများအနေဖြင့် သတင်း များကို အမြန်ဆုံး တင်ဆက်ရသည့် အတွက် ကျင့်ဝတ်ပိုင်းတွင် ပေါ့လျော့ မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကိုလည်း “တစ်ပတ် တစ်ခါ ထုတ်တဲ့ ဂျာနယ်တောင်မှ စိစစ်မှု အားနည်းလို့ မှားယွင်း ဖော်ပြ မှုတွေ ရှိခဲ့တော့ နေ့စဉ်သတင်းစာဆိုတော့ ပိုရှိနိုင်မယ်။ လူထု သတင်းစာတိုက်က သတင်းထောက် တစ် ယောက်က မီးလောင်မှုဖြစ်တာကို သူက နောက်ကျတော့ သတင်းပဲရပြီး ဓာတ်ပုံ မရလိုက်ဘူး။ အဲဒီတော့ တခြား သတင်းထောက်တွေက သူ့ရှေ့ လက်မ ထောင်တော့ သူက ကြုံးဝါးပြီး မီး လောင်တာပဲ၊ ဘယ်မြို့ လောင်လောင် မီးဆိုတာ မန္တလေးလောင်တာ ဒီအရောင်၊ ရန်ကုန်လောင်တာ ဒီအရောင်ရယ် မကွဲဘူး ဆိုပြီး အရင် မီးလောင်ဖူးတဲ့ မီးညွှန့်တွေကို ဖြတ်ညှပ်ကပ် လုပ်သုံး လိုက်တယ်။ သတင်းက အမှန်ပဲ။ ဓာတ်ပုံ ထည့်လိုက်တော့ လူထုဦးလှ အယ်/ချုပ် ကနေပြီး ဝန်ခံကတိ လက်မှတ်ရေးခိုင်း လိုက်တယ်။ ကျွန်တော်တို့ ဒီဖက် သတင်းထောက်တွေက တောင်ပြုံးပွဲ ကျင်းပမယ် ဆိုရင် အရင်နှစ်က ပုံတွေ ပဲ ပြန်သုံးတယ်။ အဲဒါကို အနိမ့်ဆုံး ကျင့်ဝတ် ဖောက်ဖျက်မှု လို့ ယူဆတယ်။ နောက် သတင်းရေးမှု ပုံစံပြောင်းလာတဲ့ အခါ (ဆိုပါသည်)ဆိုပြီး အင်တာဗျူး လုပ်ရေးတော့ လူသုံးလေးဦးလောက်ရေး တဲ့အခါ အဲဒီသုံးလေးဦး နောက်ခံသမိုင်း မကြည့်တော့ဘူး။ နောက်ပိုင်းကျတော့ အတုလို ဖြစ်လာတယ်။ ဦးဖြူ ဦးမည်း သေချာမမေးဘဲ ကိုယ်တိုင်ရေးကြတာ တွေ ရှိတယ်။ အဲဒီမှာ ပြဿနာတွေ တက်ကုန်တာ။ အဲဒီလို ကျင့်ဝတ်ပိုင်း တွေ အများကြီးပေါ့။ စေတနာနဲ့ သတင်းက သာမန်ရိုးရိုးသားသားမှား တာတောင် နောက်တစ်ပတ် ဂျာနယ် မှာ အမှားပြင်ဆင်ချက် ထည့်တာတောင်မှ ကြားထဲသက်ရောက်မှုတွေ က ကြီးထွားသွားနိုင်တယ်လေ။ တည်တည်ငြိမ်ငြိမ်နဲ့ နားလည်မှု ရှိတဲ့ ချင့်ချင့်ချိန်ချိန် စာသားဆိုရင် ပြဿ နာမရှိဘူး။ အတိမ်းအစောင်းမခံတဲ့ မတည်ငြိမ်တဲ့အခြေအနေမှာ သိပ်ကို တာဝန်ကြီးတယ်။ အမှန်ကို မပြောနိုင် ရင်တောင်မှ အမှားကို မတင်ပြမိဖို့ လိုတယ်။ အဲဒီအပိုင်းတွေပါ” ဟု ပြောသည်။

ဒေါ်အေးအေးဝင်းက နေ့စဉ် သတင်းစာများ ထွက်ရှိလာခြင်းကို ကြိုဆိုသင့်ကြောင်း ပြောကြားရာမှာ တော့  “နေ့စဉ်သတင်းစာ ထွက်လာ တာတော့ ကောင်းတာပေါ့။ သတင်းစာ မထွက်နိုင်ခဲ့တာက နှစ်ပေါင်း ၅ဝ ကျော်သွား ပြီလေ။ ကြိုဆိုရမယ့် အလုပ်ပဲပေါ့။  ကိုယ်မြင်တာတော့ အပတ်စဉ်ထုတ်နေတဲ့ဂျာနယ်တွေ ကလည်း ကြိုးစား ပမ်းစားနဲ့ ပြည်သူ တွေ သိချင်တာ ရေးပေးနေတာ ဆိုတော့ အပတ်စဉ်ဂျာနယ်တွေက လည်း ရေးလို့ကောင်း၊ ဖတ်လို့ ကောင်းနေတာပဲလေ။ အခုသတင်းစာ တွေ ထုတ်ခွင့်ရပြီ ဆိုတော့ သူတို့ဖက် ကလည်း တော်တော်တော့ အားစိုက် ရမှာပေါ့။ သတင်းစာ ဖက်ကလည်း တစ်နေ့တစ်နေ့ သတင်းတွေကို အလျဉ်းမီ အောင် လိုက်နေရတော့ လည်း အားစိုက်ရတာပါပဲ။ မြန်မြန် ရေးနေရတာဆိုတော့ ကျင့်ဝတ်တွေကို မနည်းကိုဘဲ သူတို့ကြိုးစားထိန်းသိမ်း ရေးသွားရတာ တာဝန်ကြီးတာပေါ့”ဟု ဆိုသည်။

ယင်းက ဆက်လက်ပြီး နေ့စဉ် သတင်းစာနှင့်ဂျာနယ်ကွာခြားပုံကို ပြော ကြားရာတွင်လည်း “သတင်းစာနဲ့ ဂျာနယ် ကွာခြားချက်ဆိုတာမှာ သတင်းစာကို သတင်းကို များများ ဦးစားပေးရေးတာ ပိုတွေ့ရတယ်။ ဂျာနယ် ကတော့ အမျိုးမျိုးရှိတယ်။ သတင်းဂျာနယ်ရှိမယ်၊ ရသတွေ ရေး တာရှိမယ်၊ ဂျာနယ်ကတော့ အမျိုး မျိုးပေါ့။ ပြောမယ် ဆိုရင် သတင်း ဂျာနယ်ကနေပဲ သတင်းစာကို ပြောင်း ကြတာများတယ်။ တစ်ပတ်တစ်ခါ ထုတ် ဂျာနယ် ကနေ တစ်ရက်တစ်ခါ ထုတ်ဖြစ်သွားတော့ အရင်လိုဆောင်းပါးတွေ အများကြီး မထည့်တော့ဘူး။ ဂျာနယ်ကတော့ တစ်ပတ် တစ်ခါ ဆိုတော့ ဆောင်းပါးတွေ၊ အာဘော်တွေထည့်တာပေါ့။ သတင်း စာကတော့ အဲဒီလို ထည့်လို့ သိပ်မကောင်းဘူးပေါ့။ သတင်းစာ ကတော့ သတင်းတွေကိုတောင် မြန်မြန် မှန်မှန်ဖြစ်အောင် လုပ်ရတော့ အသံစုံ အောင် ရေးတာမျိုး မရှိဘူး။ အဲဒီလိုက ဂျာနယ်ပဲ လုပ်နိုင်တယ်။ အသံဆိုတာ က တစ်ပိုဒ်ကြီး တစ်ရွက်ကြီးလေ။ အဲတော့ သတင်းစာမှာ ထည့်ရတာ အခက်အခဲရှိတယ်။ လိုရင်းတိုရှင်းနဲ့ အသံစုံထည့်တာ ဘယ်ဟာကောင်းသလဲဆိုရင် ဖတ်တဲ့သူအပေါ် မူတည်တာ ပေါ့။ ဖတ်ချိန် သိပ်မရသူတွေ ကတော့ သတင်းစာလို မြန်မြန်ကောက်ဖတ် ကြည့်ရတာ ကြိုက်တယ်။ အာဘော် တွေ၊ ဆောင်းပါးရှည် တွေကလည်း အမြင်တွေ အများကြီး ဖတ်ရတော့ ကြိုက်တာရှိတယ်။ အဲတော့ အချိန် ပေးနိုင်တဲ့အပေါ် မူတည်သွားတာပေါ့” ဟု ဆိုပါသည်။

7 Day Journal Daily Newspaper မှ တာဝန်ခံအယ်ဒီတာ မငြိမ်းငြိမ်းနိုင်က အပတ်စဉ်ဂျာနယ်နှင့် နေ့စဉ် သတင်းစာ ကွာခြားချက်မှာ ကြီးကြီးမားမား မရှိကြောင်းကို ပြောကြားရာတွင် “အပတ်စဉ်တွေက ဈေးကွက် ထဲမှာ ရှိနေတယ်။ နေ့စဉ်က အခုလောလောဆယ် ၄ စောင်ပေါ့။ အပတ်စဉ်တွေနဲ့ ယှဉ်ပြိုင်ရမယ့် သတင်းစာ ဆိုလို့ The Voice နေ့စဉ် သတင်းစာပဲ ရှိတယ်။ သူကတော့ နေ့တိုင်းထွက်နေတဲ့အချိန်မှာ နေ့တိုင်းရှိနေတဲ့ အပတ်စဉ်တွေနဲ့ ဈေးနှုန်း အရရော သတင်း အရရော အတူတူပြိုင်ရမယ်။ အပတ်စဉ်နဲ့ နေ့စဉ်က အသွင် အပြင် မတူလို့ စိုးရိမ်စရာ မရှိဘူးဆိုတဲ့ အပေါ်မှာ ပြောရရင် အခုထွက်လာတဲ့ နေ့စဉ်တွေက အရင်အပတ်စဉ် ပုံစံနဲ့ သိပ်မကွာခြားပါဘူး။ အစ်မအနေနဲ့ အဲဒီနှစ်ခု ကွာခြားတယ်လို့ မှတ်ချက် မပေးချင်ပါဘူး”ဟု မြန်မာအင်ဒီ ပဲန်ဒင့်သို့ ဖြေကြားခဲ့သည်။

7 Day Journal Daily ကလည်း များမကြာမီ တွင် သတင်းစာများ ထွက်ရှိလာမည် ဖြစ်သောကြောင့် သတင်းစာ ထုတ် နိုင်ရန် ကြိုတင်ပြင်ဆင်ရာတွင် ကြုံ တွေ့ရသည့် အခက်အခဲများကို ပြောရာ တွင် “ကြိုတင် ပြင်ဆင် ရတဲ့အခါ အခက်အခဲကတော့ အရင်တုန်းက တစ်ပတ်လုံးစာကို ခုနစ်ရက်လုပ် နေရာကနေ တစ်ပတ်လုံးစာ ကို တစ်ရက်တည်း လုပ်နေရပြီး လူအင်အားက ခုနစ်ဆ တိုးလို့ မရဘူး။ ကုမ္ပဏီအနေနဲ့က တိုးချင် ပေမယ့်လည်း လူ့စွမ်းအားအရင်းအမြစ်အရ တကယ့်တတ်ကျွမ်းတဲ့၊ အတွေ့အကြုံ ရှိတဲ့၊ လုပ်ရည်ကိုင်ရည် ရှိတဲ့လူတွေ ရဖို့က ရှားတယ်။ အဲဒါကတော့ နေ့စဉ်သတင်းစာ လုပ်မယ့်သူတွေ ရင် ဆိုင်နေရတဲ့ ပြဿနာ ပါ။ နောက်တစ်ချက် ကလည်း ဘယ်လို ပုံနှိပ်မလဲ။ နယ်တွေအထိ ဘယ်လိုဖြန့်ချိရေးလုပ် မလဲပေါ့။ ဒီမှာက ဖြန့်ချိတာကို စဉ်းစား ရတယ်။ နောက်ဈေးကွက် ပေါ့နော်။ ဒါလည်း စဉ်းစားရမယ်။ စီးပွားရေး အရ လည်း တောင့်ခံနိုင်မှုလည်း လိုတော့ အများကြီး စကား ပြောတယ်။ အများကြီး စဉ်းစား ရတယ်။ နေ့စဉ် သတင်းစာရော၊ အပတ်စဉ်ဂျာနယ်ရော ထုတ်ဖို့ အစီအစဉ် ရှိနေတော့ အစ ကတည်းက ပြင်ဆင်ထားပြီးသား ပေါ့နော်” ဟု ဖြေကြားသည်။

ပုဂ္ဂလိက သတင်းစာများမှ ပြည်သူများအတွက် ပေးစွမ်းနိုင်သည့် အကျိုးသက်ရောက်မှုများကိုလည်း “ပုဂ္ဂလိက သတင်းစာတွေက ပြည်သူတွေ ဘယ်လောက်ပေးနိုင် မလဲဆို တော့ အရင်က အပတ်စဉ်ပေးနေ တယ်။ အခုဟာ က နေ့စဉ်ပေးသွားမှာပါ။ အရင်က ပြည်သူတွေသိသင့် တဲ့သတင်းကို နောက်တစ်ပတ် ပုပ်သိုးသွားမှ တင်ဖြစ်တယ်။ အဲဒီလို မျိုးတွေပေါ့။ အခု နေ့စဉ်ဖြစ်တဲ့ အတွက်ကြောင့် ဒီနေ့ဖြစ်တယ်၊ နောက်နေ့ အကြောင်း အရာ ပြောပြနိုင်၊ သတင်း ထုတ်ပြန်နိုင်မယ်။ ကျယ် ကျယ်ပြန့်ပြန့် ထုတ်ပြန်ပြီး ကောင်းကောင်း မွန်မွန် လုပ်နိုင်ရင် အခုလိုဖြစ်တဲ့ ကောလာဟလတွေ၊ အကြောက် တရားတွေ စတာတွေကို ဖယ်ရှား နိုင်တာ အဓိက သက်ရောက်မှု လို့ ပြောရမယ်”ဟု ဆိုသည်။

သတင်းတင်ဆက်မှု အပိုင်းတွင်လည်း နေ့စဉ်သတင်းစာနှင့် အပတ် စဉ်ထုတ် ဂျာနယ်ကွာခြားမှု ကြီးကြီး မားမား ရှိမည်မဟုတ် ဟု ဆိုရာတွင် “ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာ ပြည်မှာ ရှိနေတဲ့ဂျာနယ်တွေက နေ့စဉ် ထုတ်ခွင့်မရသေးလို့သာ အပတ်စဉ် သွားနေရတာပဲ ရှိတယ်။ သတင်း တင်ဆက်မှုကတော့ နေ့စဉ်သတင်း စာနဲ့ မကွာဘူးလို့ ထင်တယ်။ ကဏ္ဍ ပုံစံလေးတွေတော့ ကွဲပြားချက်လေး တွေ ရှိပါတယ်။ အစ်မတို့ကတော့ နေ့စဉ်မရလို့ အပတ်စဉ်သွားနေရ တာပါ”ဟု ဖြေသည်။

သတင်းစာတစ်စောင်အနေဖြင့် ပြည်သူကို အလုပ်အကျွေးပြုနိုင်ရန်၊ လွတ်လပ်သည့် သတင်းစာတစ်စောင် ဖြစ်ရန်နှင့် မည်သည့်အဖွဲ့အစည်းမည် သည့်ပုဂ္ဂိုလ်ကမျှ လွှမ်းမိုးမှုမရှိသော သတင်းစာများကသာ လူထုကို ထိထိ ရောက်ရောက် အကျိုးပြုနိုင်မည်ဟု ယူဆကြောင်းလည်း ထည့်သွင်းပြော ကြားခဲ့သည်။

ဂျာနယ်များနှင့် စင်ပြိုင် နေ့စဉ် သတင်းစာများ ထွက်ရှိလာခြင်းအပေါ် ရုပ်ရှင်မင်းသမီး ဆွေဇင်ထိုက်က စာ ဖတ်သူ တစ်ဦးနေရာမှ ယင်း၏အမြင်ကို “ဂျာနယ်တွေ အများကြီး ထွက်လာတယ်။ ထွက်တဲ့နေရာမှာသတင်း တွေက တစ်ခုနဲ့တစ်ခု မတူတာတွေ ရှိသလို ထပ်နေတာလည်း တွေ့ရ တော့ ဂျာနယ်တစ်ခုနှစ်ခုလောက် ဖတ်ရင် လုံလောက်တယ် ဆိုတဲ့အတွေး က ကျွန်မတို့ဆီမှာ ရှိတယ်။ အခု သတင်းစာတွေထွက်လာတော့ သတင်း ကလည်း လတ်ဆတ်ရမယ်။ ဘယ်လောက် လတ်ဆတ်မှု ရှိသလဲ ဆိုတာလည်း စဉ်းစားရမယ်။ ကျွန်မ တို့က တစ်သက်လုံး သတင်းဆိုတာ တစ်ဖက်တည်းကပဲ ပေးတဲ့ဟာကို သိခဲ့ရတာဆိုတော့ ပြည့်စုံတာကို ပို သဘောကျတယ်။ ပိုလည်း မြန်မြန် မှန်မှန်နဲ့ ပြည်သူလူထုကို အသိပညာ၊ အကြံဥာဏ် သတင်းပေးနိုင်တဲ့ သတင်းစာမျိုးကို မျှော်လင့်ပါတယ်” ဟု မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောကြားသည်။

နေ့စဉ် သတင်းစာများ ထွက်ပေါ်လာခြင်းကြောင့် ဂျာနယ်များအပေါ် တွင် သက်ရောက်မှုမရှိနိုင်၊ ရှိနိုင်အပေါ် သုံးသပ်ရာတွင် “သတင်းစာတွေ ထွက်လာတော့ ဂျာနယ်အပေါ် သက် ရောက်မှုရှိမရှိက သတင်းရဲ့အရည် အချင်း၊ အနှစ်သာရပေါ်ပဲ မူတည် တယ်။ သတင်းစာဆိုတာ သတင်း တွေကို မှန်မှန်မြန်မြန်နဲ့ လတ်ဆတ် အောင်လုပ်ရတယ်။ ဂျာနယ်ဆိုတာက သတင်းစာထဲမှာပါတဲ့ သတင်းထက် ပိုထူးခြားတဲ့တင်ဆက်မှုတစ်ခုနဲ့ လုပ်နိုင်ရင် ရေရှည်ရပ်တည်နိုင်မယ်။ သတင်းထဲမှာ ရေးနေကျ အတိုင်း ဘယ်မှာ ဘာဖြစ်၊ ညာဖြစ် ဘာညာ ဆိုတာက ဖန်တီးမှု စွမ်းရည်မပါဘူး။ အဲဒီတော့ ဖန်တီးမှု စွမ်းရည်ပါအောင် ထည့်ပေးနိုင်တဲ့ ဂျာနယ် ကိုတော့ လူ တွေ ကြိုက်မှာပါ။ ကြာရှည် လည်း ရပ်တည်နိုင်မယ် လို့ မြင်ပါတယ်”ဟု သုံးသပ်ပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှ သတင်းစာ ဝယ်ဖတ်နေကြ ပြည်သူ တစ်ဦးက “ကျွန်တော် နှစ်စောင် တော့ ဝယ်ဖတ် လိုက်တယ်။ ထူးခြားမှု မရှိဘူး။ အရောင်အသွေး၊ စာမျက်နှာ ဖွဲ့စည်းပုံကလည်း ဆွဲဆောင်မှု မရှိဘူး။ သတင်းတိုတွေ များတော့ အပြည့်အစုံ မပါတော့ဘူး။ ဂျာနယ်လောက် ဖတ်ရတာ အားမရဘူး။ ဂျာနယ်မှာ သတင်း အပြင် သတင်း ဆောင်းပါးတွေ၊ အသံတွေလည်း စုံတယ်လေ။ အခု ထွက်လာတဲ့ သတင်းစာတွေက ဂျာနယ်နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အားမကောင်းဘူး။ နောက်ပိုင်း သတင်းစုံ ရင်တော့ လူတန်း စားပေါင်းစုံ ဝယ်ဖတ်လာမယ်လို့ ထင်ပါတယ်”ဟု မြန်မာအင်ဒီပဲန် ဒင့်သို့ ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်မှ ဦးမျိုးသန့်က “အရင်တုန်းက ဂျာနယ်တွေပဲ ရှိခဲ့ပြီး အခုသတင်းစာတွေ ပေါ်လာတော့ ဝယ်ဖတ်ကြည့် လိုက် တယ်။ ဂျာနယ်လောက်တော့ အမြင်တွေ အစုံမပါပေမယ့် နေ့စဉ်ဖြစ် နေတဲ့ သတင်းတွေကို ဖြစ်တာနဲ့ ချက်ချင်းတော့ သိနိုင်တာပေါ့လေ။ ဂျာနယ်လိုတော့ တစ်ပတ်ကြီး စောင့် မနေရ တော့ဘူး။ ဒါပေမယ့်လည်း အားသာချက်၊ အားနည်းချက်တော့ အမျိုးမျိုး ရှိနေမှာပါပဲ။ ဂျာနယ် ဆိုရင် ဘက်စုံ ထောင့်စုံ အတွေးစုံ သိရမယ်။ ချိန်ထိုးပြတာတွေ ရှိပေမယ့် သတင်းစာ ကျတော့ အဲဒီလို မဟုတ်တော့ဘဲ ဘာဖြစ်တယ်၊ ဘာရေးတယ်၊ ဘာပြောတယ် ဆိုပြီး မှတ်တမ်းတင်ဟန် ပုံစံဖြစ်လာတာပေါ့။ လိုရင်း တိုရှင်း ပေါ့လေ။ ဘယ်မှာ ဘာဖြစ်တယ် ဒီလောက်ပဲ။ နောက်ခံ အကြောင်း အရာတွေမပါတော့ ဂျာနယ်နဲ့ ယှဉ်ရင် ကွာတာပေါ့။ နောက်ပြီး စာမျက်နှာ ဖွဲ့စည်းပုံကလည်း ဆွဲဆောင်မှု သိပ် မရှိဘူး။ ကိုယ်ကပဲ ဂျာနယ်နဲ့ ယဉ် ပါးပြီး အားသန်နေလို့လား မသိဘူး” ဟု ပြောသည်။

လက်ရှိ အနေအထားအရ နေ့စဉ် သတင်းစာဖြန့်ချိရောင်းချမှု ရောင်းအား နှင့် လူထုစိတ်ဝင်စားမှုနှင့်ပတ်သက်၍ ရွှေဂုံတိုင်ရှိ သီတာလက်ကား ဖြန့်ချိ သူက “အခုမှ စထွက်တာ ဖြစ်နေတော့ ဝယ်သူတွေကတော့ စမ်းသပ် ဝယ်ယူနေကြတာပေါ့။ တချို့ကလည်း သတင်းစာသုံးစောင်နဲ့ ဂျာနယ် တစ်စောင်ဝယ်သွားကြတာ ရှိတယ်။ သတင်းစာက ဈေးသက်သာတာကိုး။ ဂျာနယ်သုံးစောင် ဝယ်ယူခဲ့တဲ့ အရင် လူတွေကတော့ အခု သတင်းစာ တွေ ကို စမ်းသပ် ဝယ်နေကြတယ်” ဟု ဖြေသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဂျာနယ်လက်ပွေ့ အရောင်းသမားတစ်ဦးက  “သတင်းစာရဲ့ဈေးနှုန်းတွေ ကတော့ မငြိမ်သေးဘူး။ တစ်ရာနဲ့ တစ်ရာ့ တစ်ဆယ်ကြားမှာ ရှိတယ်။ ပြန်ရောင်း တော့ တစ်ရာ့ငါးဆယ်၊ နှစ်ရာကျပ် ကြားမှာ ရောင်းကြတယ်။ ဂျာနယ် လောက်တော့ သတင်းစာက ပြည့်စုံမှု မရှိဘူး။ နောက်ပြီး သတင်းတွေက သတင်းတိုတွေ ဖြစ်နေတယ်။ မြန်မာ့ အလင်းနဲ့ ကြေးမုံကတော့ စောင်ရေ ပိုရိုက်တယ်လို့ ကြားတယ်။ ဒါပေမယ့် မြန်မာ့အလင်း၊ ကြေးမုံက နောက်ဆက်တွဲ အချက်ပိုတွေ ထည့် လိုက်တာက အလုပ်ပိုရှုပ်တယ်။ အချပ်ပိုက ကြော်ငြာတွေဖြစ်ပြီး သတင်းလည်း မဟုတ်ဘူး။ သတင်းသားက နည်းလာတယ်”ဟု ဆိုသည်။

တာမွေမြို့နယ်ရှိ လက်ပွေ့ရောင်း သူတစ်ဦးကလည်း “သတင်းစာ ဝယ်ယူတဲ့သူတွေတော့ ရှိတယ်။ ဂျာနယ်နဲ့ ယှဉ်ရင်တော့ အပြတ်အသတ်ကို ကွာတယ်။ သတင်းတွေက ဂျာနယ်လို မစုံဘူးလေ။ ရောင်းရတာလည်း အခက်အခဲ ရှိတယ်။ လောလောဆယ် တော့ ဂျာနယ်ဈေးကွက်က ပုံမှန် ရောင်းနေရတာပါ။ သတင်းစာတွေ ထွက်လာပေမယ့် လည်း စာဖတ်သူက သတင်းစုံမှ ဖတ်တာလေ” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ဧပြီ ၁ ရက်တွင် ထွက်ရှိခဲ့သော သတင်းစာ ၄ စောင်တွင် တစ်စောင် အပါအဝင်ဖြစ်သည့် ပြည်ထောင်စု နေ့စဉ် မှ အယ်ဒီတာ စာရေးဆရာမ ခင်ပန်နှင်းက “အန်တီတို့ နှစ်လလောက် ကြိုတင်ပြင်ဆင်ခဲ့ပြီး အစွမ်းကုန် ကြိုးစားခဲ့ရတယ်။ ပြည်ထောင်စု နေ့စဉ် သတင်းစာမှာ ကဏ္ဍတွေ အနေနဲ့ သတင်းစာရဲ့ ထုံးစံအတိုင်း နိုင်ငံရေး၊ စီးပွားရေးပေါ့။ ကျန်တဲ့ သတင်းတွေလည်း မပေါ့လျော့ပါဘူး။ နယ်သတင်းတွေ၊ တခြားကဏ္ဍ တွေပေါ့နော်။ သတင်းစာ ဖတ်တဲ့သူ တွေကတော့ နိုင်ငံရေးနဲ့ စီးပွားရေးကို ပိုနှစ်ခြိုက်ကြတယ်” ဟု ဖြေကြား ခဲ့သည်။

ယင်းက ဆက်လက်ပြီး ပြည် ထောင်စုနေ့စဉ် ထုတ်ရခြင်း ရည်ရွယ် ချက်နှင့် ကြုံတွေ့ရသည့်အခက်အခဲကို ပြောရာတွင် “အဓိကရည်ရွယ်ချက်က တော့ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ထုတ်ဝေသူ ဦးတင့်ဇော်က ပါတီ သတင်းစာမဟုတ်ဘဲ အရပ် သတင်းစာလေး လုပ်ချင်တာပါပဲ။ နေ့စဉ် သတင်းစာထုတ်တော့ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေ က နှစ်လကြို တင်ပြင်ထားတော့ အခက်အခဲတွေ ဖြေရှင်းထားတာရှိပေမယ့် နဖူးတွေ့ ဒူးတွေ့လုပ်မှ ကြုံတွေ့မထားတဲ့ အခက်အခဲလေးတွေ ကြုံတာပေါ့။ ကျွန်မတို့ သတင်းစာက အရပ်သတင်း စာပါ။ အမျိုးသားပြန်လည်ပေါင်း စည်းမှုဖော်ဆောင်နေတဲ့ကာလဖြစ်လို့၊ ပါတီစွဲမထားလို့ ကျွန်မကိုယ်တိုင် ဝင်လုပ်တာပါ။ ဒေါ်အောင်ဆန်းစု ကြည် ကိုယ်တိုင် တပ်မတော်နေ့ကို တက်ရောက်တဲ့ ကာလဖြစ်နေတော့  အမြင်လေးတွေ ကောင်းစေချင်တယ်။ ကိုယ် အမြင်ကောင်းရင် တစ်ဖက်က  ကောင်းသွားနိုင်ပါတယ်”ဟု ပြော သည်။

သတင်းစာ ထွက်ပေါ်လာခြင်း ကြောင့် ဂျာနယ်အပေါ် သက်ရောက်မှု ရှိမရှိကို “သတင်းစာထွက်ပေါ်လာတဲ့ အခါ ဂျာနယ်လောက သက်ရောက်မှု အားလုံးက သတင်းစာ ထွက်လာရင် ဂျာနယ်ပျောက်မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ဒီနေ့ကြည့်တော့ The Voice Daily ဆိုရင် သူ ထုတ်နေကျ အပတ် စဉ်ဂျာနယ်လောက် အားမကောင်း ဘူး။ ဒါက ကျွန်မရဲ့အမြင်ပါ။ သူ့သတင်းစာက သူ့ကိုယ်ပွားဂျာနယ် လေး ဖြစ်နေတယ်။ အခုလောလော ဆယ်တော့ ဂျာနယ်တွေက ပိုပြီးအား ကောင်းနေ တယ်။ နေ့စဉ် သတင်းစာ ထွက်လို့ ဂျာနယ်ပျောက်တယ် ဆိုတာ မဖြစ်ချင်ဘူး။ နေ့စဉ် သတင်းစာထွက်မှ ဂျာနယ်က ဂျာနယ် အလုပ်လုပ်နိုင် မယ်လေ။ ဂျာနယ် အခန်းကဏ္ဍ ပျောက်ကွယ် သွားဖို့တော့ မရှိပါဘူး” ဟု ဆိုသည်။

ဧပြီလ ၁ ရက်နေ့တွင် နေ့စဉ် သတင်းစာများ ထွက်ပေါ်ခဲ့ပြီး The Voice Daily ၊ ပြည်ထောင်စုနေ့စဉ်၊ စံ တော်ချိန်၊ ရွှေနိုင်ငံသစ် သတင်းစာ လေးစောင် ဖြစ်သည်။ သတင်းစာဈေး နှုန်းများမှာ ကျပ် ၁၁ဝ ရှိပြီး ၂ဝဝ ကျပ်ဖြင့် ရောင်းချကြောင်း သိရပြီး ပြည်ထောင်စု နေ့စဉ်သတင်းစာမှာ နမူနာအဖြစ် အခမဲ့နှုန်းထားဖြင့် ဖြန့်ချိ သော်လည်း အချို့ဆိုင်များမှာ ၃ဝဝ အထိ ဈေးတင်ရောင်းလျက်ရှိကြောင်း သိရသည်။

newspaper

ဝ၈၂

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*