ဆောင်းပါး — မတ် ၂၁၊ ၂ဝ၁၃

ရန်ကုန် တက္ကသိုလ် ဥပဒေဌာန တွင် တာဝန်ထမ်းဆောင်နေသော သူငယ်ချင်းဆရာမတစ်ဦးနှင့် စကား ပြောဖြစ်သည်။ သူက ဥပဒေရေးရာ နှင့် ဆက်နွယ်သော ပြည်ရေးပြည်ရာများကို ဝင်ဝင်စားစားရှိတတ်သူ။ သူက ရန်ကုန်တက္ကသိုလ်သို့ လာ ရောက်ဆွေးနွေးသော နိုင်ငံခြားသား ဥပဒေပညာရှင် တစ်ဦး၏ ဆွေးနွေးမှု ကို ပြန်လည်မျှဝေသည်။ ထိုဆွေးနွေး မှုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution) နှင့် လူ့အခွင့်အရေး (Human Rights) တို့ ဆက်စပ်ပုံ၊ တစ်ဖန် လူ့အခွင့်အရေးနှင့် Rule of Law တို့ ဆက်စပ်ပုံ၊ တစ်ဖန် Rule of Law ဟု ဆိုရာတွင် တရားဥပဒေ စိုးမိုးရေး ဆိုသည့် အဓိပ္ပာယ်သာမက ပြည်သူများ ဥပဒေ၏ အကာအကွယ်ရဖို့၊ တရားမျှတမှုရှိသော ဥပဒေများရှိဖို့၊ ထို့အပြင် တရားစီရင်ရေးလွတ်လပ်မှု (Independence of Judiciary) တို့လည်း ဆင့်ပွား ထိစပ်ပါဝင်ပုံတို့ကို ပြောသည်။ ထို့နောက် တရားစီရင် ရေးလွတ်လပ်မှုအကြောင်းဆက်ပြော ဖြစ်သည်။ တရားစီရင်ရာတွင် တရား သူကြီးများအား ဆင်ခြင်တုံတရားနှင့် အညီ သင့်မြတ်သလို ဆောင်ရွက် နိုင်ခွင့် (Discretionary Power) ပေးထားမှုအပေါ် ပြောဖြစ်သည်။ (Discretionary Power)အား တရားသူကြီး များအနေဖြင့် မှန်ကန်မျှတစွာ အသုံး ချနိုင်ပါမည်လားဟု မေးခွန်းထုတ် သည်။ မေးခွန်းက အတွေးပွားစရာ မေးခွန်း၊ အတွေးဆန့် ကြည့်လိုက်တော့ ပညာရေး စနစ်ဆီသို့ ရောက်သွားသည်။ ဆင်ခြင်တုံတရား ဆိုသည်မှာ ပညာအပေါ် အခြေပြုထားသည် မဟုတ်ပါလား။

မြန်မာအဘိဓာန်တွင် “ပညာ” ဆိုသည်မှာ “ခွဲခြမ်းသိမြင်နိုင်သော အသိဥာဏ်” ဟု ရိုးရှင်းစွာ ဖွင့်ဆိုထား သည်။ သို့ဆိုလျှင် ပညာသင်ကြားခြင်း ဆိုသည်မှာ ခွဲခြမ်းသိမြင်နိုင်သော အသိဥာဏ်ရှိအောင် သင်ကြားခြင်းဟု ပြောရမည် ဖြစ်သည်။ ခွဲခြမ်း သိမြင်နိုင်ခြင်း ဆိုသည်မှာ အမှားအမှန်ကို ဆုံးဖြတ်နိုင်ရန်၊ ထိုထက်ပို၍ လေးနက် ရလျှင် တရားမှု၊ မတရားမှု၊ မမျှတမှုတို့ကိုပါ ပိုင်းခြားဆစ်ပိုင်းနိုင်ရန် ဖြစ်သည်။ ပညာသင်ကြားခြင်းဖြင့် တီထွင်ဖန်တီးတတ်သော အတွေး (Creative Thinking)၊ ဝေဖန်ဆန်းစစ် တတ်သော အတွေးတို့ ရလာမည်။ ထိုမှတစ်ဆင့် ပြဿနာများ ဖြေရှင်းခြင်း (Problem Solving) တွင် မှန်ကန်သော ဆုံးဖြတ်ချက် (Right Decision) တို့ ချနိုင်လာမည်။ ထို့ကြောင့် ပညာသင်ကြားခွင့် ရှိသူ၊ ပညာသင်ကြားခွင့်ရသူနှင့် ပညာသင်ကြား ခွင့် မရှိသူ၊ ပညာသင်ကြားခွင့် မရသူတို့ အကြား ခြားနားချက်က ကြီးမားနေမည် ဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ ပညာသင်ကြားသူနှင့် ပညာမသင်ကြားသူတို့ အကြား ခြားနားချက်က မထင်မရှား ဖြစ်နေလျှင် ထိုပညာရေး စနစ်သည် တစ်ခုခု ချို့ ယွင်းနေပြီဟု ကောက်ချက် ဆွဲနိုင်သည်။ ထိုပညာရေး လောင်းရိပ် အောက်၌ ရှင်သန် ကြီးထွားသူ တို့သည် ပြည့်ဝသော ဆင်ခြင်တုံတရား ဖြစ်ထွန်းခွင့် အလားအလာ နည်းပါးသူတို့ ဖြစ်ကြကုန် လိမ့်မည်။

၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာ ၁ဝ ရက်တွင် ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေ ညီလာခံက ထုတ်ပြန်သော အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Rights) ၏ အပိုဒ် ၂၆(၂)တွင် “ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝ တိုးတက်မှုအပြင် လူ့အခွင့် အရေးနှင့် အခြေခံ လွတ်လပ်ခွင့် ရိုသေလေးစားမှု တို့ကို ရှင်သန် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေ ရမည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံးတို့ တွင်လည်းကောင်း၊ လူမျိုးစုများတွင် လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများ ကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်”ဟု ပါရှိသည်။ ဤအချက်သည် ပညာသင်ကြားခြင်း၏ ရည်ရွယ်ရင်းကို ကမ္ဘာလုံးဆိုင်ရာ အမြင်ဖြင့် ဖော်ပြခြင်းပင် ဖြစ်သည်။

ပညာသင်ကြားခြင်း၏ ရည်ရွယ် ချက်ပေါက်မြောက်အောင်မြင်ဖို့ဆိုလျှင် စဉ်းစားတွေးခေါ်မှုကို အခြေပြုသော ပညာရေး စနစ်ဖြစ်ရမည်။ စဉ်းစားတွေးခေါ်မှုကို ခွင့်ပြုရမည်။ အားပေးရမည်။ ပြဋ္ဌာန်းစာအုပ်များပေါ်တွင် တင်းကျပ်စွာ အခြေခံ၍ မှတ်စုများထုတ် ကာ အမှတ်ပေးစည်းမျဉ်းနှင့်ကိုက် ညီသည်ဆိုသော စာသားများ ကိုသာ ရွေးထုတ်နှုတ်တက် အာဂုံဆောင် ကျက်မှတ်ဖြေဆိုစေခြင်းသည် စဉ်းစား တွေးခေါ်မှုကို တိုးပွားစေမည် မဟုတ်။ မှတ်ဥာဏ်ကို အားပြုခြင်းထက် စဉ်းစား တွေးခေါ်ခြင်းကို ပိုမိုအားပြုတတ်ရမည်။ ပြဋ္ဌာန်းစာအုပ် ဘောင်ထက် ကျော်လွန်၍ စူးစမ်းရှာဖွေချင်စိတ်၊ စဉ်းစား တွေးခေါ်ချင်စိတ်တို့ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေး နိုင်ရမည်။ ပြဋ္ဌာန်းစာအုပ် အပြင် အခြားစာအုပ် များကိုပါ ဖတ်ချင်လာအောင် စေ့ဆော်ပေးနိုင်ရမည်။ သို့မှသာ အနှစ်သာရ ရှိသော ပညာသင်ကြားမှုဖြစ်လိမ့်မည်။ ထိုသို့မဟုတ်လျှင် ကြက်တူရွေးစာ တတ်ပုံမျိုး အဆင့်သာ ဖြစ်သွားပြီး စဉ်းစားတွေးခေါ်နိုင်သော အလေ့ အားနည်းသည် လူ့အဖွဲ့အစည်း တစ်ရပ်သာ ထွန်းကားလာမည်။

စဉ်းစားတွေးခေါ်တတ်သော အလေ့ထွန်းကားရန်၊ စဉ်းစားတွေး ခေါ်ချင်စိတ် တိုးပွားစေရန်နှင့်ပတ် သက်၍ စဉ်းစားရင်း ဆရာမောင်သစ် ဆင်း၏ ကြောက်စိတ်ဆောင်းပါးကို သတိရမိသည်။ ဆရာမောင်သစ်ဆင်း က မြန်မာစာပင်ရင်း စကားပြေ လက်ရွေးစင်တွင်ပါဝင်သော မင်းတုန်း မင်းနှင့် ငါးခြောက်ပြားဆောင်းပါးကို သင်ကြားရစဉ်ကျောင်းသားဘဝက အတွေ့အကြုံလေးကိုပြန်ပြောပြသည်။

“မင်းတုန်းမင်းနှင့် ငါးခြောက်ပြား” ဆောင်းပါးအကျဉ်းချုပ်မှာ မင်းတုန်းမင်းသည် ငယ်ရွယ်စဉ် မောင်လွင်  ဘဝက စံကျောင်းဆရာတော်ထံတွင် ပညာသင်ကြားသည်။ တစ်နေ့တွင် စံကျောင်းဆရာတော်ထံသို့ ငါးခြောက် တစ်ပြား လာရောက်လှူသည်။ ဆရာတော်မှာ ငါးခြောက်ပြားကို အလွန် ကြိုက်နှစ်သက်ပြီး မောင်လွင်ကို ကျက်သရေ ခန်းထဲ၌ ငါးခြောက်ပြားကို သေသေချာချာ သိမ်းခိုင်းလိုက်သည်။ နောက်တစ်နေ့တွင် ဆရာတော် ဆွမ်းဘုဉ်းပေးရန် ငါးခြောက် ဖုတ်ခိုင်းသောအခါ မောင်လွင်မှာ ငါးခြောက်ကိုရှာ၍ မတွေ့တော့ဘဲ ဖြစ်နေသည်။ ထိုအခါ ဆရာတော်က စိတ်ဆိုးပြီး “ဟဲ့ ငလွင် နင်ဟာ ဘုရင့်သား အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ် မင်းလုပ်ရမယ့် သူ၊ အဲဒီလို လူက ငါးခြောက်ပြား အသေးတစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင် လုပ်နိုင်တော့မလဲ”ဟု မိန့်ပြီး ထားဝယ်ကြိမ်ဖြင့် အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမသည်။

ထိုဆောင်းပါးကိုသင်ကြားပြီး ဆရာက သင်ရိုးတွင်ပါရှိသော မေးခွန်းများကို ဖြေခိုင်းသည်။ မေးခွန်းတစ်ခုက “စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား” ဟု အဓိပ္ပာယ်ပါသည့် မေးခွန်းဖြစ်သည်။ နောက်တစ်နေ့တွင် ဆရာက အတန်း ထဲသို့ ခြေသံပြင်းပြင်း၊ ဒေါသတင်း တင်းဖြင့် ဝင်ရောက်လာပြီး ကျောင်း သားတစ်ယောက် နာမည်ခေါ်ကာ အတန်းရှေ့ထွက်ခိုင်းပြီး ယင်း၏ အဖြေကို ဖတ်ခိုင်းသည်။ ထိုကျောင်း သားက ဖြေထားသည်မှာ စံကျောင်း ဆရာတော်၏ ဆုံးမပုံကို မကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယ ဖြစ်မိကြောင်း၊ ဆရာတော်၏ ထိုအချိန်က စိတ်ခံစားချက်မှာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်သော ငါးခြောက်ဖုတ်ကို ဘုဉ်းမပေးရသည့် အတွက် ဖြစ်ပေါ်လာသည့် ဒေါသ စိတ်က ပိုကြီးမားနေနိုင်ကြောင်း၊ ယခု လောက်ရိုက်နှက်အပြစ်ပေးစရာမလို ကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျက်နှင့် သေရာပါအမာရွတ်ထင် အောင် ရိုက်နှက်ခြင်းက ဒေါသစိတ် ကြောင့်ဟု သံသယဖြစ်စရာ ရှိကြောင်း၊  ဘုရားသားတော်တို့ မည်သည် ရသတဏှာဖြင့် ဆွမ်းဘုဉ်း မပေးသင့်သည် ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤဝိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကိုဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသား နာမှ အရိုးစွဲအောင် မှတ်မည်ထင်ပြီး ပြင်း ပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့သော်လည်း မင်းတုန်းမင်း လက်ထက် တွင် အောက်မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ်လက်သို့ ထိုးပေးလိုက်ရသောကြောင့် ယခုဆုံးမနည်းသည် မအောင်မြင်ကြောင်းဟူ၍ ဖြစ်သည်။

ထို့နောက် ထိုဖြေဆိုချက်ကို မှန်လား၊ မှားလားဟု ဆရာ ကကျောင်းသားများကို မေးသည်။ တကယ် တော့ ဆရာက မှန်လား၊ မှားလားဟု မေးခွန်း ၂ ခု မေးသော်လည်း အမူ အရာ၊ လေသံ၊ ဖန်တီးထားသော ဝန်းကျင် အငွေ့အသက်များက မှားတယ် ဟု မဖြေရင် အပြစ်ပေးခံရမည့် ပုံစံ ဖြစ်နေသည်။ ထိုကျောင်းသား၏ စိတ် ကူးအတွေးကို သဘောကျသော်လည်း  ဆရာမောင်သစ်ဆင်း အပါအဝင် ကျောင်းသားအားလုံး မည်သူမျှ မှန်သည်ဟု မပြောရဲကြဘဲ နောက်ဆုံး တွင် ထိုကျောင်းသား မှာ နောက် ပြောင်မှုဖြင့် အတန်းရှေ့တွင် အရိုက်ခံရသည်။ ထိုကျောင်းသားမှာ ကျောင်းပြောင်းသွားသည်။

ဆရာမောင်သင်ဆင်းက “ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်း တစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာ့မှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာ ဒီလိုကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ” ဟု သူ့ခံစား ချက်ကို ဆက်လက်ဖော်ပြသည်။

လွတ်လပ် စဉ်းစားတွေးခေါ်ခွင့်ကို အားမပေးသည့် ပညာရေးစနစ် တစ်ခု၏ နောက်ဆက်တွဲ ဆုံးရှုံးမှု များသည်ကား မစဉ်းစားရဲလောက် အောင် များပြားနေမည် ကတော့ သေ ချာသည်။

တကယ်တော့ ပညာရေးစနစ်သည် အရာအားလုံးနှင့် စပ်စပ်ဆိုင်ဆိုင် ဖြစ်နေသည်။ တရားသူကြီးဆို သည်မှာ ဆင်ခြင်စဉ်းစားတတ်သော အလေ့အထုံများနှင့် ယဉ်ပါး စိမ့်ဝင်နေ ကြရမည့် သူများဖြစ်သည်။ သို့သော် စဉ်းစား တွေးခေါ်မှုကို ဖန်တီးပေးထား သော ပညာရေးစနစ်အောက်တွင် ရှင်သန်ကြီးပြင်းခွင့်၊ စိတ်ကူးတောင်ပံ များ လွတ်လွတ် လပ်လပ် ဖြန့်ကျက် ခွင့်ရရန်တော့ လိုပါလိမ့်မည်။

သက်ဇော်နိုင်

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*