ခေါင်းကြီးသတင်း — မန္တလေး၊ မေ ၂၄၊ ၂ဝ၁၂

လျှပ်စစ်မီးဖြန့်ဖြူးရေးနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မေလ ၂၄ ရက်၊ နေ့လယ် ၂ နာရီအချိန်က တိုင်းဒေသကြီး ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်လာသူ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်အသီးသီးတို့ ဝေဖန် အကြံပြုချက်များအား တင်ပြခဲ့ကြသည်။

တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်

တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ်

အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး၊ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ထွဋ်က အဖွင့် အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနမှ လက်ရှိ လျှပ်စစ်မီး ပေးဝေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်မှ ရေပေးဝေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသူ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက တစ်ဦးချင်း အမြင်နှင့် အကြံဉာဏ်များ တင်ပြကြရာ တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက လက်ခံဆွေးနွေးညှိနှိုင်း ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး ဒေါ်သောင်းသောင်းနုက တင်ပြရာတွင် ““အခုဖြစ်နေတဲ့ ပြဿနာများနှင့်ပတ်သက်ပြီး၊ ကြိုပြီးတော့ ပြည်သူတွေကို အသိပေးထားမယ် ဆိုရင် ဒီလို ပြဿနာမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး၊ နိုင်ငံတော်ရဲ့ စေတနာတွေ ပြည်သူကို သိစေချင်ရင် အချိန်နဲ့ တပြေးညီဆောင်ရွက်သွားဖို့လိုတယ်””ဟု ဆွေးနွေးအကြံပြုခဲ့ သည်။

နိုင်ငံတော်နှင့်ပြည်သူများ အကြား နားလည်မှုနဲ့ အဆင်ပြေမှုများ တိုးပွားစေရန်မှာ ပွင့်လင်းမြင်သာသည့် ဆက်ဆံရေးဖြင့်သာ လုပ်ယူနိုင်ကြောင်းကိုလည်း ဒေါ်သောင်းသောင်းနုက ပြောရာတွင် ““မန္တလေးမြို့ မီးပေးဖို့အတွက် သီးသန့်အစီအစဉ်တွေ ရှိတယ်ဆိုတာ သိရတဲ့အတွက် ဝမ်းသာပါတယ်၊ ဒါပေမယ့် ဒါတွေကို ပြည်သူကို ကြိုတင်ပြီး အသိပေးလို့ရရင် အသိပေးစေလိုပါတယ်။ ဒါမှသာ နိုင်ငံတော်နဲ့ ပြည်သူကြားက အဆင်မပြေမှုတွေ    လျော့နည်းသွားနိုင်မယ် ဆိုတာကို အကြံပေးချင်ပါတယ်””ဟု ထပ်လောင်း ဆွေးနွေး အကြံပြုသည်။

ဆက်လက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မဟာအောင်မြေ တာဝန်ခံ ဦးမြင့်စိုးက တင်ပြရာတွင်    ပြည်သူလူထုအကျိုးကို ဦးဆောင်ဦးရွက် ပြုလုပ်မည့် အစိုးရ အဖွဲ့အစည်းတစ်ရပ်အနေနှင့် ငွေကြေးကုန်ကျမှု ကို ထည့်မတွက်သင့်ပါကြောင်း၊ ဆိုလာစနစ်အသုံးပြုသည့်အတွက် ကုန်ကျမှုဆိုသည်ထက် ရေရှည်တည်တံ့မှုကို ကြည့်ရမည် ဖြစ်ကြောင်း၊ ရေဆိုသည်မှာ သဘာဝအရင်းအမြစ်ဖြစ်သည့်အတွက် ရေအရနည်းခြင်း၊ များခြင်း များကြောင့် ယခုကဲ့သို့ ပြဿနာများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း၊ အခြားနည်းလမ်းများကိုလည်း ရှာဖွေရန် လိုပါကြောင်း၊ ကျောက်မီးသွေး စက်ရုံများဖြင့် လျှပ်စစ်ထုတ်လုပ်မည့် အစီအစဉ်များရှိကြောင်း ကိုလည်း ကြားသိရပါကြောင်း စသည်ဖြင့် တင်ပြဆွေးနွေးသွားသည်။

““ပြည်သူလူထု အကျိုးအတွက်ဆိုရင် အစိုးရအနေနဲ့ ကုန်ကျစရိတ်ကို ထည့်မတွက်သင့်ပါဘူး။ ဆိုလာကုန်ကျမှုနဲ့အတူ ရေရှည် တည်တံ့မှုကို ကြည့်ရပါမယ်၊ ရေဆိုတာ သဘာဝ အရင်းအမြစ် ဖြစ်တဲ့အတွက် နည်းတဲ့အခါ နည်းမယ်၊ များတဲ့အခါများမယ်၊ အခုဟာက ရေနည်းလို့ဖြစ်သွားတဲ့ ပြဿနာပါ၊ တစ်ခြား နည်းလမ်းနဲ့ အကျိုးရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ဝိုင်းစဉ်းစားပေးတဲ့သဘောပါ”” ဟု ဦးမြင့်စိုးက အကြံပြု တင်ပြသည်။

ကျောက်မီးသွေးစက်ရုံဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မည့် အန္တရာယ်ကို ထည့်တွက်ရမည် ဖြစ်ပါကြောင်းကိုလည်း အဆိုပါ ပါတီမှ တိုင်းတွဲဘက် အတွင်းရေးမှူး ဦးမောင်မောင်သန်းက ယခုကဲ့သို့ ဆွေးနွေး အကြံပြု တင်ပြသွားသည်။

““ကျောက်မီးသွေးနဲ့ လျှပ်စစ်ဓာတ်အားထုတ်ယူမယ်ဆိုတဲ့ အစီအစဉ်တစ်ခု ကြားနေရတယ်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှာကို ထည့်တွက်ရမယ်၊ အဲဒီတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမလား၊ အညစ်ညမ်းခံပြီးတော့ လျှပ်စစ်မီး ထုတ်ယူမလား”” ဟု ၎င်းက တင်ပြသွားသည်ကို တွေ့ရသည်။

ဆက်လက်၍ ၎င်းကတင်ပြရာတွင် ““အရင်တုန်းက လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေလို့ နိုင်ငံခြားကို ထုတ်ရောင်းနေရတယ်လို့ ပြောသွားတာနဲ့ ပတ်သက်ပြီး၊ ကျနော်တို့က အခုလို နွေရာသီမှာ အကြပ်အတည်းနဲ့ ကြုံရမယ်လို့ မြင်တယ်။ အခုလို မရှုနိုင် မကယ်နိုင်ဖြစ်လာတော့ ကျနော်တို့ ဝိုင်း ပြီး စဉ်းစားရတော့မယ်၊ အပြစ်ပြောနေတာ မဟုတ်ပါဘူး၊ ဝိုင်းပြီးစဉ်းစားကြတာပေါ့””ဟု တင်ပြသွားသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဗဟိုအမှုဆောင်ကော်မတီဝင် ဦးကျော်အောင်က တင်ပြ ဆွေးနွေး ရာတွင် ပြည်သူလူထုအပေါ် အပြစ်မမြင်ဘဲ၊ စာနာထောက်ထား နားလည်ပေးသင့်ကြောင့် အဓိကထား တင်ပြ ဆွေးနွေးသွားသည်ကို တွေ့ရသည်။

““ကျနော့အနေနဲ့ ဒီနေ့တွေ့ဆုံမှုမှာ အကြံပေးချက်တစ်ခုနဲ့ တာဝန်ယူမှုတစ်ခုကို ဆွေးနွေး တင်ပြချင်ပါတယ်။ ဒီကနေ့ နိုင်ငံတော်မှာ ဖြစ်နေတဲ့ ရေအခက်အခဲ၊ မီးအခက်အခဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြီးဟာ မကျေနပ်ချက်တွေ အပြည့်နဲ့ရှိနေတယ်၊ ခံစားနေရတဲ့ ပြည်သူလူထုကြီး အပေါ်မှာ အင်မတန်မှ စာနာသင့်ပါတယ်။ ကျတော်တို့ နိုင်ငံရေးပါတီများအနေနဲ့လည်း ဒီတာဝန်တွေကို ခွဲဝေယူပြီး ဆောင် ရွက်သင့်ပါတယ်လို့ အကြံပေးချင်ပါတယ်””ဟု တင်ပြသွားသည်။

ထို့နောက် တက်ရောက်လာကြသော နိုင်ငံရေးပါတီများမှာ တာဝန်ရှိသူများက ဆက်လက်၍ ဝေဖန် အကြံပြုချက်များ တင်ပြပြီးနောက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌမှ အသေးစိတ်ဆွေးနွေးညှိနှိုင်း၍ ညနေ ၄ နာရီခန့်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။ ယနေ့ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၏ မေးမြန်း အကြံပြုချက်များအား တစ်ဦးချင်း ဖြေကြား ရှင်းလင်းခဲ့သည်။

ဝဝ၉

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*