ပြည်တွင်းသတင်း — ရန်ကုန်၊ ဇူလိုင် ၊ ၂ဝ၁၂
လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း

လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း

လွှတ်တော်အတွင်း၌ ဥပဒေပြုရေးအတွက် အမတ်များနှင့်သာမက နယ်ပယ်အလိုက် ကျွမ်းကျင်သော ပညာရှင်များလည်း ပါဝင်ရန် လိုအပ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လှည်းကူးမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာအင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

လွှတ်တော်အတွင်း ဥပဒေပြုရေး နှင့်ပတ်သက်၍ ဦးဖြိုးမင်းသိန်းက “လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောသလိုပေါ့၊ လွှတ်တော်မှာ ရောက်နေတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စွယ်စုံ ကျွမ်းကျင်နေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ကြဘူး။ ဒါကြောင့် ဥပဒေတစ်ရပ်ကို စပြီး ပြုတော့မယ်ဆိုရင် လွှတ်တော်ရဲ့ ရေးရာကော်မတီ တွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ရေးရာအလိုက် ဖွဲ့ပြီး လူထုကြားကနေ တဖြည်းဖြည်း ဥပဒေမူကြမ်း ဖြစ်တဲ့အထိ ကြိုးပမ်းသင့်တယ်။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာ လူထုကြားကနေ တဖြည်းဖြည်း ဆွေးနွေးဆောင်ရွက်မှု တွေလုပ်ပြီး လွှတ်တော်ထဲမှာ သုတေသနပြုမယ်။ ပြီးရင် လွှတ်တော်မှာ ရေးရာအလိုက် တင်ပြမယ့် ဥပဒေမူကြမ်းတွေကို ရေးဆွဲနိုင်ဖို့အတွက် သုတေသနတွေ လုပ်နိုင်မှု၊ နိုင်ငံတကာဥပဒေတွေကို ကိုးကားနိုင်မှုတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်လာခြင်းအားဖြင့် ဥပဒေမူကြမ်းကြီး ဖြစ်လာတဲ့ အခြေအနေမှာ ဒီဥပဒေကို ငါတို့တော့ အတည်ပြုသင့်တယ်၊ အဲဒီဥပဒေကနေ ရနိုင်တဲ့ အကျိုးရလဒ်တွေဟာ လူထုကို တကယ် အကျိုးရှိနိုင်တယ် ဆိုတဲ့ဟာကို ကျွန်တော်တို့ အမှန်တကယ် ဆုံးဖြတ်ခွင့်ရမယ်၊ ဆုံးဖြတ်နိုင်မယ်” ဟု သုံးသပ် ပြောကြားသည်။ ယခုလက်ရှိ လွှတ်တော်တွင်း ဥပဒေပြုမှုကိစ္စနှင့် ပတ်သက်၍လည်း ဦးဖြိုးမင်းသိန်းက“အခု ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုရင် သက်ဆိုင်တဲ့ ဝန်ကြီးဌာနကို ပြန်အပ် လိုက်တယ်။ အဲဒီ ဝန်ကြီးဌာနကနေ တင်လာတဲ့အချက်တွေ အပေါ်မှာ လွှတ်တော်က ဆွေးနွေးပြီးအတည် ပြုပါသလား၊ အတည်ပြုပါတယ် ဆိုတာဟာ လုံလောက်မှု မရှိနိုင်ဘူး။ အခု ဒီရင်းနှီးမြှုပ်နှံမှု ဥပဒေ အပေါ်မှာတော့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ အကြိမ်ကြိမ် တွေ့ဆုံပြီး ဥပဒေအတွက် ကြိုးပမ်းနေတာတွေ ရှိတယ်။ ဒီလိုပဲ တခြားဥပဒေတွေကိုလည်း ပြင်ပက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေး တိုင်ပင်ပြီး သုတေသနပြုနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ဆောင်ရွက်ခြင်းအားဖြင့် ရေရှည် ကောင်းမွန်တဲ့ ဥပဒေကြမ်းတွေ ပေါ်ထွန်းလာမယ်လို့ ကျွန်တော်ထင်တယ်”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြော သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လှည်းကူးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းသည် လွန်ခဲ့သည့်နှစ်ပတ်နီးပါး ကာလအတွင်း နေပြည်တော်ရှိပြည်သူ့လွှတ်တော်တွင် တက်ရောက်နေခဲ့ ပြီး မေးခွန်း ၈ ခုတင်သွင်းခဲ့ပါသည်။

ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*