တိုင်းရင်းသားသတင်း — ထန်တလန်၊ ဖေဖော်ဝါရီ ၈၊ ၂ဝ၁၃

ချင်းပြည်နယ်၊ ထန်တလန် မြို့နယ် အတွင်း ကွင်းဆင်းလေ့လာချက်အရ ကျေးရွာ ၂၁ ရွာတွင် စားနပ်ရိက္ခာ အခက်အခဲနှင့် တွေ့ကြုံနေရကာ ၇ ရွာမှာ အဆိုးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ယင်းမြို့နယ်၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ပူးလာမောင်ကျုံးကပြောသည်။

“အခု ကျွန်တော်ကွင်းဆင်းတာ ၂၁ ရွာရှိပြီ။ ၂၁ ရွာမှာ အခုချက်ချင်း အခက်အခဲရှိတဲ့ရွာ၊ စားစရာမရှိတဲ့ရွာက ဘုံတလန်ရယ်၊ လုံလဲရယ်၊ ဘုံခွမ်းရယ်၊ ရာလ်သဲရယ်၊ လုံသိမ်းရယ်၊ ဆိုက်ကရယ်။ အဲဒီရွာတွေက လက်ရှိ အခြေအနေမှာ အရမ်းဆိုးနေတယ်။ နောက်ကျန်တဲ့ ရွာတွေမှာလည်း ၂ လ၊ ၃ လ ဆိုရင်တော့ စားဖို့ ပြတ်နေပြီ” ဟု ထန်တလန် မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ပူးလာမောင်ကျုံးက ပြောသည်။ ထန် တလန်မြို့နယ် အတွင်းတွင် ကျေး ရွာပေါင်း ၈၆ ရွာ ရှိသည့်အနက် ကျန်ရွာများ မှာလည်း ယင်းသို့ အစားအစာ အခက်အခဲနှင့်ရင်ဆိုင်နေရသည်ဟု အကြောင်း ကြားလာကြောင်း ယင်းကဆက်ပြောသည်။ ထန်တလန်မြို့နယ်၊ လိုင်လင်းရွာ သားတစ်ဦးက “ကျွန်တော်တို့ မရာတောင်ကြောမှာဆို အုပ်စု ၃ အုပ်စုရှိ တယ်။ ကျေးရွာနဲ့ဆို ၁၁ ရွာရှိတယ်။ ကျွန်တော်တို့ မရာတောင်ကြော ၁၁ ရွာလည်း စားစရာ လုံလုံလောက်လောက် ရှိတဲ့လူမရှိဘူး။ တစ်လလောက်ဆို စားဖို့က ကုန်တော့မှာ။ ဆန်က ဒီနှစ်ဆိုနည်းတဲ့အခါကျ ကုန်သွားပြီ။ အခုလောက်အောင်၊ ပြောင်းဖူးတွေပဲ အဓိကစားရတယ်”ဟု ပြောသည်။

မရာတောင်ကြောမှ ယင်းကျေးရွာများသည် ထန်တလန်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်  သွားရောက် ကွင်းဆင်း လေ့လာသော ကျေးရွာများတွင် မပါဝင်သေးပေ။ ယခုကဲ့သို့ အစားအစာ အခက်အခဲ တွေ့ကြုံရခြင်းမှာ “ကျွန်တော်တို့ အဲဒီစပါးက မိုးများတာလည်းပါတယ်။ နောက်ပိုးကောင်တွေ စားတာလည်း ပါတယ်။ ဆန်ပြတ်တာ အဲဒါလည်းပါတယ်။ ပြောင်းဖူးကလည်း မိုးများတဲ့အခါကျ ပုပ်သွားတယ်။ မနှစ်ကဆို ပြောင်းဖူးလည်း တော်တော် ရတယ်။ ပြောင်းဖူးနဲ့ ဆန် မျှစားရတယ် ဆိုတော့ ပြောင်းဖူးမရရင် ဆန်၊ ဆန်မရရင် ပြောင်းဖူးဆိုတော့။ ဒီနှစ်က ပြောင်းဖူးကလည်း ပုပ်တယ်။ ဆန်ကလည်း မိုးများတဲ့အခါကျ နှစ်ခုစလုံးကို မရတဲ့အခါကျ ဒါဝမ်းစာက အခက်အခဲဖြစ်တာ” ဟု လိုင်လင်းရွာသားက ဆက်လက် ပြောသည်။ လိုင်လင်းကျေးရွာ အုပ်စုသည် အိန္ဒိယနယ်စပ်ဒေသတွင်တည်ရှိ ပြီး ကားမပေါက်သည့် ဆက်သွယ်ရေး ခက်ခဲသော ဒေသ ဖြစ်သည်။ ထန်တလန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပူးလာမောင်ကျုံးက ယင်းတို့ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈၆ ရွာကို ကွင်းဆင်းလေ့လာ စုံစမ်း ပြီးနောက် ဒေသခံများ တွေ့ကြုံနေရသည့် အခြေအနေကို ပြည်ထောင်စု လွှတ်တော်၊ အစိုးရနှင့် ကုလသမဂ္ဂထံတင်ပြ၍ အကူအညီ တောင်းခံသွားမည်ဟု ပြောသည်။

ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲဗစ် ထောင်းက အစားအစာရှားပါးမှုသည် ထန်တလန်မြို့တွင် သာမက ချင်း ပြည်နယ်တောင်ပိုင်းဒေသရှိ မြို့နယ်များတွင်လည်း တွေ့ကြုံနေရကာ ပြည်သူများခံစားနေရသည့် အခြေအနေကို လွှတ်တော်ကိုယ်စားလှယ်များ ကလေ့လာပြီး သက်ဆိုင်ရာ လွှတ်တော်များတွင် တင်ပြသွားရန် အတွက် ပြင်ဆင်နေသည် ဟုပြောသည်။ ချင်းပြည်နယ်အတွင်းတွင်  ၂ဝဝ၇ ခုနှစ်က ဝါးသီးသီးပြီး ကြွက်ကျ ခဲ့သောကြောင့် တောင်ယာစပါးနှင့် စိုက်ပျိုးသီးနှံ များပျက်စီးခဲ့ကာ အစားအစာ ရှားပါးမှုကို ၂ဝ၁ဝ အထိ တွေ့ကြုံခံစား ရသည်။

ဝ၄၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*