သတင်းဆောင်းပါး — ဖေဖော်ဝါရီ ၊ ၂ဝ၁၃

ကျွန်တော့်အိမ်နားတွင် တော်တော် လူရှုပ်သည်။ မြို့ကြီး ဝပြဲစည်ကား လာခြင်း၏ အကျိုးဆက်ပင်။ ညနေ ရုံးဆင်းချိန် ရောက်ပြီလား ဆိုလျှင် ပလက်ဖောင်းတွင် လူတွေ တော်တော်ရှောင်ပြီး သွားရသည်။ သူတို့ထဲက အများစုက မျက်နှာ နုနုနယ်နယ် ကလေးတွေနှင့် လူငယ်ကလေးတွေ။

သူတို့ကို တွေ့ရသည့်အခါ အမျိုးမျိုးစဉ်းစားမိသည်။ အားလုံး တွင် တူညီနေတာတစ်ခုက လူ့ဘဝ ၏ စိန်ခေါ်မှု မှန်သမျှကို ထီမထင်သည့် ပုံပါပဲ။ ယုံကြည်ချက် အပြည့် အဝကို ကိုင်ဆွဲထားကြသည်။ အင်အားတွေ အပြည့်အဝ ရှိကြသည် ။ ဖြစ်အောင် လုပ်ကြမည့် ပုံလည်း တွေ့ရသည်။

သူတို့ကို ကြည့်ပြီး အားတော်တော် ရှိသွားသည်။ တိုင်းပြည် အနာဂတ် အတွက် ပုံအပ် ခံထားရသည့်သူများက ဒီလောက် တော့ တက်ကြွနေကြမှ ဖြစ်မည်။

သူများတွေက လူငယ်တွေကို ပေတံအမျိုးမျိုးနှင့် တိုင်းကြ သော်လည်း ကျွန်တော့် ပေတံကတော့ တစ်ခုပဲ ရှိသည်။ လူအဖွဲ့အစည်းကို  အကျိုးပြုနိုင်သည့် ဘက်ကပဲ ကြည့်သည်။ သို့သော် ဒါက ကျွန်တော် မအူမလည် ရှိစဉ် အခါကပါ။ နောင်အခါ ကျမှ ဘဝပေး အသိတွေကြောင့် အမှန်တကယ် လိုအပ်တာကို ကျွန်တော် နားလည် သွားသည်။ လူ့အဖွဲ့အစည်းကို အကျိုးမပြု လျှင်တောင်မှ လူ့အဖွဲ့အစည်းအပေါ် ဒုက္ခမပေးလျှင် တော်ပါပြီ ဟူလို။ လူ့အဖွဲ့အစည်း အပေါ် ဒုက္ခပေးသူတွေ တွေ့ရ လျှင် တော်တော် စိတ်ဆင်းရဲစရာ ကောင်းသောကြောင့် ဖြစ်သည်။

ဒါကလည်း ကိုယ်က လူ့အဖွဲ့ အစည်းအပေါ် ဒုက္ခပေးနေသလား ဆိုတာကလည်း စဉ်းစားမိဖို့ လိုသေးသည်။ စဉ်းစားမိလျှင်လည်း ပြင်နိုင်ဖို့ လိုသေးသည်။ ဘာကြောင့်မှန်း မသိ။ လူဆိုသည်က အစဉ်အလာ ကို ရုန်းထွက်ဖို့ ခက်နေတတ်သည့် အတွက်ပင်။ သူတို့ခက်လေ လူ့ အဖွဲ့အစည်းက နစ်လေဖြစ်သည်။ “ဆန်ကုန်မြေလေး” ဖြစ်တာ ကမှ တော်သေးသည်။ “ဆန်ကုန်မြေ ဒုက္ခပေး” ဖြစ်၍တော့ မဖြစ်ပေ။

ထို့ကြောင့် အဲဒီလို စဉ်းစားမိပါစေ၊ မှားနေတာ သိလျှင်သည် ခု မြန်မနှေးပြင်နိုင်ပါစေ။ ဒီလိုပဲ ကျွန်တော် ဆုတောင်းသည်။

နားရည်ဝနေသည့် စကားတစ် ခုရှိသည်။ လူဆိုသည်မှာ မွေးဖွား လာသည်နှင့် မိဘနှင့် ပတ်ဝန်းကျင်တို့ ပေးသည့် အမွေကို ဆက်ခံရ သည်။ ပစ္စည်းဥစ္စာ ကိုတင် ပြောတာ မဟုတ်။ မိဘ ပတ်ဝန်းကျင်တို့၏ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ၊ တွေးခေါ် ပုံ အမူအကျင့်များအတိုင်း မွေးလာသည့် ကလေးက ဆက်ခံရခြင်းဖြစ်သည်။ နောင် ကြီးပြင်း လာသည့် အခါကျတော့ ထို့ထက်ကျယ်ပြန့် သည့် ပတ်ဝန်းကျင်က ထို့ထက် ကောင်းတာတာရော၊ ထို့ထက်  မကောင်းတာရော ပေးဖို့စောင့်နေသည်။ ထို့ကြောင့် ကောင်းတာ မကောင်းတာကို ခွဲခြားသည့် စွမ်း ရည်က ဒီကလေး လူတစ်လုံး သူတစ်လုံး ဖြစ်လာရေး ကိစ္စတွင် တော်တော် ပဓာနကျသည်။ သူတို့ ကလေးတွေ လမ်းကြောင်းမှန်ရေး  ကိစ္စတွင် အရေးကြီးသည်။ လူ့ အဖွဲ့ အစည်း၏ ကံကြမ္မာကိုလည်း အဆုံးအဖြတ် ပေးသည့် ကိစ္စဖြစ်နေသည်။

တစ်ခု ကောင်းတာက ခေတ် ပြောင်းလာသောကြောင့်ဖြစ်သည်။ ပြောင်းလာသည့် ခေတ်ကလည်း သတင်း အချက် အလက်တွေ ဖောဖောသီသီ ရနေသည့် ခေတ်ဖြစ်ပြီး ဒီသတင်း အချက်အလက်တွေကို အချင်းချင်း လက်တို့ လက်ဆင့် ကမ်း နိုင်သည့် နည်းလမ်းတွေကလည်း အသင်းရှိနေပြန်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ လူငယ်တွေ ပါးပါးနပ်နပ် ရှိလျှင် ရှိသလောက် ဒီသတင်း  အချက်အလက်များကို ထိတွေ့ခွင့် ရနိုင်ကြသည်။ ထိုမှတစ်ဆင့် ပြင်စရာတွေကို သတိပြု မိကာ မြန်မြန် ပြင်နိုင်ကြမည်။

မြန်မာတွေ ကံထချင်တော့ ဒီလို အချိန်အခါမျိုးမှာ ပွင့်လင်းသည့် ဒီမိုကရေစီခေတ်ရောက် လာသည်။ ဒီတစ်ခါ တော့ ကျွန်တော်တို့ ဒုက္ခတွေ တကယ် လွတ်ကြတော့မည် ထင်သည်။ တကယ်တမ်း ကျွန်တော်တို့လို လူကြီးတွေ ထက် လူငယ်တွေက ကံကောင်းမှာ သေချာနေသည်။ ဒီလမ်းစကလေး ပျောက်မသွားအောင် ဝိုင်းဝန်းကြဖို့ပဲ လိုသည်။

ဒါပေမယ့် ခေတ်ကြီးပြောင်းနေပြီ ဆိုတာ တကယ် ခံစားနေရပြီလားဟု မေးလျှင်တော့ ဖြေရ နည်းနည်းခက် သည်။ ပြောင်းဖို့အားယူနေတာ ကလေးလောက်နှင့် ကျေ နပ်နေကြရသည်။ ကျွန်တော်တို့ကပဲ စိတ်စော နေကြလို့လား မသိပေ။ သို့သော် ကျွန်တော်တို့လို “ဘေဘီဘွန်းမား”  Baby Boomer (ဒုတိယ ကမ္ဘာစစ်ကြီး ပြီးချိန် ၁၉၄၅ ခုနှစ်နှင့် ၁၉၆၄ ခုနှစ် အကြား မွေးဖွားသူများ)မျိုး ဆက်တွေက ဒီဒုက္ခတွေကို ပိုခံစား ခဲ့ကြရ သည်။ ဒီလိုဘက်က တွေး ကြည့်လျှင်တော့ ကျွန်တော် စိတ်စော နေကြတာကို နားလည်နိုင်ကြလိမ့်မည် ထင်သည်။

ခေတ်ကြီး ပြောင်းချင်သည့် ကိစ္စက စားဝတ်နေရေးသာ ချောင်လည်ချင်တာ မဟုတ်။ လူချင်းတူတူ မတူတရှု ဆက်ဆံခံရသည့်ဘဝက လွတ်မြောက်ချင်တာလည်း ပါသည်။ သူ့တိုင်းပြည် ရောက်လျှင် ဖြစ်ဖြစ်၊ ကိုယ့်တိုင်းပြည် တွင်းမှာဖြစ်ဖြစ်၊ ကျွန်တော်တို့က အနှိမ်ခံနေရာက ပြောင်းမသွားပေ။ ဒုံရင်းက ဒုံရင်းပါပဲ။ တကယ်က သူတို့ကို လည်း အပြစ်မဆိုသာ။ ကျွန်တော်တို့က နိုင်ငံတကာစံတွေ၊ ပညာရပ်တွေ၊ တန်ဖိုးတွေနှင့် ဒုံးဝေးနေ ခဲ့ကြတာကိုး။ ထို့ကြောင့် သူတို့က ကျွန်တော်တို့ကို ဘယ်ဂြိုဟ်လာတဲ့ ဟာတွေလဲ ဆိုတဲ့ သဘောနှင့် ဆက်ဆံ ခံရတာပဲဖြစ်သည်။ ဒီကြားထဲမှာ ကံဆိုးပြီး မလိမ့်တပတ် လုပ်ချင်သည့် လူတွေနှင့် တွေ့ရသည့်အခါ မှာတော့ ကျွန်တော်တို့က အချဉ်ဖြစ်သွားသည်။ ကျွန်တော်တို့ပျော့ကွက် က သူတို့အခွင့်အရေး ဖြစ်သွားသည်။ နာကျည်းစရာ တော်တော်ကောင်း သည်။ ဒါတွေကြောင့် “ခေတ်ပြောင်းသည်” ဆိုသည့် စကား တစ်လုံးက ကျွန်တော်တို့ ဝေဒနာနှင့် အလွန်တည့်သော နတ်ဆေးတစ်ပါး ဖြစ် ၍နေသည်။

ကျွန်တော်တို့လို နိုင်ငံတကာတွင် မဝင်ဆန့်သည့် အမွေမျိုး လူငယ်တွေကို မပေးချင်၊ လူလူချင်း  ပုခုံးချင်း ယှဉ်နိုင်သော ဘဝမျိုးသာ ဖြစ်စေ့ချင်သည်။

မည်သို့ပင်ဖြင်စေ၊ လတ်တ လောနိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူ တွေ ရောက်လာသည့်အခါ၊ အတွေ့အကြုံသစ် တွေ ရကြမည်။ တစ်ဆက်တည်း သူတို့ ဘဝကလေးတွေ တင့်တယ်လာကြမှာ မြင်ယောင်နေသည်။  လူလတ်တန်းစား ဘဝသစ် ကလေး နှင့် ပြောင်ပြောင်ရောင်ရောင် ဟန်ကျပန်ကျ ရှိကြဦးမှာ မြင်နေသည်။ သူတို့ကလေးတွေ အဆင်သင့် ပြင်ထားဖို့ပဲ လိုသည်။ အရည်အချင်း ရှိလျှင် မြေတောင်မြှောက်မည့်သူ တွေ ပေါ်လာမှာပဲ ဖြစ်သည်။ ယခင် ကတော့ ဒီလို အခွင့်အရေး ဆိုတာ အိပ်မက်ပင် မမက်ဖူးတာ အပြင်မှာ တကယ် ဖြစ်နေခဲ့သည်။ခေတ်ပြောင်း သွားတော့ ဒီအိပ်မက်က မက်၍ ရသွားပြီ။

အသင့်ပြင်ထားဖို့ ထဲမှာ ပထမဆုံးနှင့် အဓိက အကျဆုံးက ရှိပြီး သားအတွေးအခေါ်တွေကို ဆေးကြောပစ်ဖို့ ပင်။ အသစ်ကို တွေးဖို့ လိုသည်။ အသစ်ကို တွေးသလို အသစ်ကို ပြောင်းဖို့လိုသည်။ ကိုယ့် ပတ်ဝန်းကျင်က ဒုက္ခတွေ၏ ဇစ် မြင်ကို မြင်အောင် ခွဲခြားကြည့်နိုင် ဖို့ လိုသည်။ ဒီဒုက္ခတွေနှင့် ဝေး အောင် လမ်းဖောက် တွေးနိုင်ဖို့ လိုသည်။ ဒါတွေကို တစ်ထိုင်တည်း လုပ်၍ မရတာကတော့ သေချာ သည်။ လေ့လာစရာတွေ အများကြီး လိုသည်။ နည်းပညာခေတ်ကို ဒီကိစ္စအတွက် အသုံးချတတ်ဖို့ လိုသည်။ သူများတွေနှင့် ပခုံးချင်း ယှဉ်နိုင်မှ ဖြစ်မည်ကို စိတ်ထဲမှာ “စွဲ”နေဖို့လည်း လိုသည်။ စွဲနေမှ တကယ် အကောင်အထည် ပေါ်လာအောင် လုပ်ဖြစ်တော့မည်လေ။

ဒါဆို အားလုံး ကောင်းသွားမှာပဲ ဖြစ်သည်။

သို့သော် ဒီအိပ်မက်က ကျွန်တော်တို့ အရွယ်တွေ မက်၍မရသော  အိပ်မက်ဖြစ်နေသည်။ မက်မရလည်း လူငယ်တွေ မက်ခွင့်ရတာမြင်ရ ရုံဖြင့် တော်တော်ပျော် စရာကောင်းနေသည်။

ဒီအိပ်မက်ကလေးသာ တကယ် ဖြစ်လာဖို့လိုသည်။

စောလျ

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*