အသက် ၇၅ နှစ်ပြည့် မွေးနေ့ပွဲတွင် တွေ့ရသည့် ဆရာမောင်မိုးသူ

အသက် ၇၅ နှစ်ပြည့် မွေးနေ့ပွဲတွင် တွေ့ရသည့် ဆရာမောင်မိုးသူ

၂ဝ၁၂ မေ ၁၇ ရက် နံနက်က အသက် ၇၅ နှစ်ပြည့် မွေးနေ့ကို စာပေ၊ ဂီတ၊ ပန်းချီ၊ ရုပ်ရှင်၊ နိုင်ငံရေး နယ်ပယ်တွေက မိတ်ဆွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စုဝေးတွေ့ဆုံတဲ့ပွဲ တစ်ခုကျင်းပခဲ့ပြီး၊ သတင်းယူသူ၊ မှတ်တမ်းတင်ပေးသူ    တွေနဲ့ သိုက်သိုက်ဝန်းဝန်း ရှိခဲ့တာ။ မကြာသေးချိန်မှာ ဆရာမောင်မိုးသူကို ရုပ်ရှင်မရိုက်တတ်ဘဲ၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးမှာ ပါဝင်နေသူဆိုတဲ့ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှုတွေ စာမျက်နှာထက်မှာ ရောက်လာတာကြောင့် အခုတစ်ပတ်မှာ ဆရာမောင်မိုးသူကို သတင်းလူသား အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

သူဟာ ဆယ်ကျော်သက် အရွယ်မှာ မန္တလေး တက္ကသိုလ်ကို ရောက်ရှိပြီး၊ တက္ကသိုလ်တွေမှာ ကျောင်းသားအများစု တိမ်းညွတ်တဲ့ တပ်ဦးနိုင်ငံရေးလမ်းကြောင်းပေါ်ကို လျှောက်ခဲ့သူဖြစ်ပါတယ်။ မန္တလေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ ကျောင်းသားအခွင့်အရေး တောင်းဆိုမှုတွေမှာ ဦးဆောင် ပါဝင်လို့ အသက် ၂ဝ စွန်းစကတည်းက ဖမ်းဆီးထိန်းသိမ်းတာတွေ ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

ဆယ်ကျော်သက် ကတည်းက စာအုပ်ကောင်းတွေ ရာထောင်ရှိတဲ့ စာကြည့်တိုက်မှာ တစ်အုပ်မကျန် အားလုံးကျွတ်အောင် ဖတ်သူ၊ အသက် ၂ဝ ကျော်မှာ မန္တလေးထုတ် ဂျာနယ်တွေရဲ့ အယ်ဒီတာ၊ ကိုယ်တိုင် စာပေတိုက် တည်ထောင်တဲ့ စာအုပ်ထုတ်ဝေသူ စတာတွေ ထိထိရောက်ရောက် လုပ်ကိုင်ခဲ့ပြီး တက္ကသိုလ် ကလောင်ရှင်အသင်း၊ စာရေးဆရာ အသင်း၊ ရန်ကုန်ရောက် မန္တလေးသူ၊ မန္တလေးသားများရဲ့ မန္တလေးအသင်း၊ မြန်မာနိုင်ငံ အပျော်တမ်း ဘိလိယက်အဖွဲ့ချုပ်၊ ရုပ်ရှင်ကောင်စီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရန်ကုန်ထုတ် မဂ္ဂဇင်းတွေရဲ့ အယ်ဒီတာအလုပ်များကို အဓိကကျတဲ့ နေရာတွေက တာဝန်ယူလုပ်ကိုင်ခဲ့သူ ဖြစ်တာကြောင့် အသင်းအဖွဲ့စိတ်ဓာတ်နှင့် (ကျောင်းမှာ မသင်ယူဖူးသော်လည်း) စီမံခန့်ခွဲရေး ဦးနှောက်ပိုင်ရှင်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဆရာမောင်မိုးသူဟာ ဆယ်ကျော်သက်မှာ ကဗျာဆရာ၊ အချစ်ဝတ္ထုရေးဆရာ ဖြစ်ခဲ့ရုံမက ဇာတ်ကွက် ဇာတ်လမ်းနဲ့ ဇာတ်ဆောင်စရိုက်ဖွဲ့ စာတွေကို မြောက်များစွာ ဖတ်ရှုဖူးတာကြောင့် ရုပ်ရှင်ဇာတ်ညွှန်းတွေကိုလည်း   ရေးသားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ရုပ်ရှင်နယ်ထဲဝင်ချိန်မှာ ရုပ်ရှင်ရဲ့ ပရိသတ်ကြားက ““စန်း””ကိုသာ အားထားလွန်းမှု၊ သမားရိုးကျ အတတ်ပညာ အစဉ်အဆက်တွေနဲ့သာ ရေစီးအတိုင်း လိုက်ပါနေတတ်မှု တွေကို မြင်လာပြီး အလွယ်တကူပဲ ရုပ်ရှင်ဒါရိုက်တာအဖြစ် ကူးပြောင်းလုပ်ကိုင်နိုင်ခဲ့ပါတယ်။ သမားရိုးကျ ရုပ်ရှင်ရေစီးကြောင်းထဲမှာ မင်းသားကျော်ဟိန်းရယ်လို့ ပြောစမှတ်တွင်စေတဲ့၊ မြန်မာရုပ်ရှင်ထဲမှာ ဘယ်မင်းသားမှ မလုပ်ဖူးသေးတဲ့၊ တွန့်လိမ်ကွေးကောက် အဆိုအက သရုပ်ချက်တွေ ပါဝင်တဲ့ ““ကျွန်တော့်နာမည်ကျော်ကျော်””ရုပ်ရှင်ဇာတ်ကား၊ တွံတေးသိန်းတန် အကယ်ဒမီတစ်ပြေးခဲ့တဲ့ ““မှုန်နံ့သာခြယ်ကာသပါလို့””ဇာတ်ကားတွေ ရိုက်ကူးခဲ့သူဖြစ်ပါတယ်။

ရုပ်ရှင်အလုပ်တွေအပြီး ဘာသာပြန် လုံးချင်းဝတ္ထုတွေ ရေးသားခဲ့ရာမှာ စိတ္တဇ၊ အချစ်ပုံပြင်၊ အိပ်ဇိုးဒပ်၊ ကျားကုတ်ကျားခဲ၊ စိန့်ပီတာစဘတ်မှလူ စတဲ့ ပရိသတ်ကြားမှာ တသသစွဲနေတဲ့ ဘာသာပြန်စာအုပ် တွေ ဖန်တီးနိုင်ပြန်ပါတယ်။ ဆရာမောင်မိုးသူရဲ့ အနုပညာနယ်ပယ် အသီးသီးအပေါ် မြင်လွယ်၊ သိလွယ်၊ ပရိသတ်ကြိုက်အောင်၊ ကွဲပြားဆန်းသစ်မှု ပါအောင် ဖန်တီးတတ်လွယ်ခြင်းက သူ့ရဲ့အရည်အချင်းလို့ သုံးသပ်ရင် ဒီအရည်အချင်းကိုပဲ ဘယ်လိုမှ မလိုက်နိုင်ကြသူတွေက ဆယ်ကျော်သက်မှာ သမဂ္ဂ ဒုဥက္ကဋ္ဌကနေ စိန်ရတုအသက်မှာ  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဝင် ဖြစ်နေသူ ဆရာမောင်မိုးသူကို ရမိရရာ ထောင့်တွေကနေ ပုဂ္ဂိုလ်ရေး ဝေဖန်ပုတ်ခတ်ကြတာလို့ ဆိုရမှာပါပဲ။

အခု စာမျက်နှာပေါ်မှာ ဝေဖန်ခံရတဲ့ဖြစ်ရပ်အပြင် တခြားအမှတ်တရဖြစ်စရာ စာမျက်နှာပေါ်က ဖြစ်ရပ်တစ်ခု ကတော့ အင်္ဂလန်က မြန်မာစာပေသုတေသီ ဒေါ်ခင်ခင်ချောက ဆရာသော်တာဆွေရဲ့ ““ကျောက်ဖြုံးကျော်ကြီး””ဝတ္ထုဟာ အမှီးဝတ္ထု ဖြစ်ကြောင်း ဝေဖန်လိုက်ရာက စလိုက်တဲ့ စာပေအငြင်းအခုံ ဖြစ်ရပ်မှာ ဆရာမောင်မိုးသူက ဆရာသော်တာဆွေလို မြန်မာစာရေးဆရာကြီး တစ်ဦးအပေါ် ပုတ်ခတ်တာ ဆိုရင်တော့ ဆရာသော်တာဆွေ ဘက်က ရပ်တည်သွားမယ်လို့ တုံ့ပြန်ခဲ့တဲ့ကိစ္စပါပဲ။ လွန်ခဲ့တဲ့အနှစ် ၂ဝ က စာပေဂျာနယ်တွေမှာ ဓာတ်ပုံတွေနဲ့ အထင်အရှား ပါဝင်ခဲ့ပြီး မြန်မာစာပေနယ်ပယ်မှာ တော်တော်လှုပ်ခဲ့တဲ့ ကိစ္စရပ်လို့ ပြောရမှာလည်း ဖြစ်ပါတယ်။

လူတချို့ဟာ အသက် ၃ဝ တစ်ဝိုက်မှာ၊ လူတချို့ဟာ အသက် ၄ဝ ဝန်းကျင်မှာ ဘဝရဲ့ကြီးမားထင်ရှားတဲ့ အပြောင်းအလဲတွေ ကြုံကြရတယ်ဆိုရင် ဆရာမောင်မိုးသူက အခု ၇၅ နှစ်ပြည့်ကာလမှာ အကွေ့အချိုးကို ကြုံပြန်ပြီလို့ ဆိုရမလိုဖြစ်နေပါပြီ။ လျှောက်လှမ်းလာတဲ့ အနုပညာဘဝခရီးမှာ မြင်လွယ်၊ သိလွယ်၊ ဖန်တီးတတ်လွယ်ခြင်းတွေနဲ့    နေလာခဲ့တဲ့ ပုံစံအတိုင်း ရှေ့ဆက်လျှောက်သွားမှာလား၊ ဒါမှမဟုတ် ရောက်ရှိနေတဲ့ ပရိသတ်က ပေးထားတဲ့နေရာမှာပဲ ရပ်နေလိုက်တော့မလား။ စောင့်ကြည့်ကြရပါဦးမယ်။

ကြည်လင်အေး

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*