၂ဝ၁၂ ၊ ဇွန် ၉ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ၊ သီရိခန်းမမှာ ကျင်းပတဲ့ ကချင် ပြည်နယ် စစ်ဘေးဒဏ်သင့် ပုံရိပ်များ ဓာတ်ပုံပြပွဲမှာ မန္တလေးကနေ တကူးတက ဆင်းလာပြီး အနှစ် သာရကောင်းနဲ့ ကျင်းပတဲ့ပွဲကို မုဒိတာစကား ပြောကြားပေးခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြည့်ပြည့်စုံစုံ လုံလုံခြုံခြုံနဲ့ နေခွင့်ပေးသော သူ့ရဲ့ ဘဝသက်တမ်းမှာ ကြီးမားတဲ့ ဆူးငြောင့်ခလုတ်လို ကြုံရတဲ့ ၈ နှစ် ၈ လတိုင်တိုင် ထောင်ကျခဲ့ရာက ပေါက်ဖွားသော ဝတ္ထုတိုစု စာအုပ်ကို ရန်ကုန်၊ လင်းလွန်းခင် စာအုပ်တိုက်က ဒီရက်မှာပဲ ထုတ်ဝေဖြန့်ချီပေးနိုင်ခဲ့တယ်။

စာရေးဆရာ၊ ဓာတ်ပုံဆရာ ညီပုလေး(ခေါ်) ငြိမ်းချမ်းစိမ်းလန်း

စာရေးဆရာ၊ ဓာတ်ပုံဆရာ ညီပုလေး(ခေါ်) ငြိမ်းချမ်းစိမ်းလန်း

စာပေအနုပညာနယ်အတွက် ဝတ္ထုတိုရေးသူ ညီပုလေး၊ ဓာတ်ပုံပညာပါတဲ့ မှတ်တမ်းဓာတ်ပုံကောင်း တွေ ရိုက်သူ ငြိမ်းချမ်းစိမ်းလန်းဟာ စကားဝိုင်းတွေ စာမျက်နှာတွေမှာ ပြောစရာ သုံးသပ်စရာတွေ ဖန်တီးသူအဖြစ် ဒီသီတင်းပတ်တွေမှာ ရောက်ရှိခဲ့ပြီလား။

၁၉၈၅ ခုနှစ် စပယ်ဖြူမဂ္ဂဇင်းပါ ဝတ္ထုတို “လျက်ဆားတစ်တို့”နဲ့ သူ့ရဲ့စာပေ စာမျက်နှာသစ်စဖွင့်ခဲ့ပေမယ့် အဲဒီရှေ့ပိုင်းတွေက ပန်းချီရေးဆွဲသူ၊ ဖယောင်းလက်ရေး စာအုပ် ကဗျာဆရာ၊ မန္တလေး တက္ကသိုလ် ဘူမိဗေဒဘာသာရပ်ရဲ့ နာမည်ကျော် ကျောက်ရိုင်းနံရံကပ် စာစောင်မှာ ဝတ္ထုနဲ့ ကဗျာတွေ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေး၊ ဗထူးကွင်း၊ မလွန်ကွင်းတို့ မြက်ခင်းတွေပေါ်က ကလပ်သင်း ဘောလုံးသမား။

ဝတ္ထုတိုသမား တစ်ယောက် အနေနဲ့ ၁၉၈၈ နှစ်ကုန်၊ ၁၉၈၉ နှစ်ဆန်းလောက်မှာ “သူ့ထက်ကဲ ရွှေပြည်စိုး ညီပုလေးဝတ္ထုတိုများ” စာအုပ်၊ ၁၉၉ဝ နှစ်လယ်လောက် မှာ “ကလေးလူကြီး ကြိုက်ပြီးချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ” စာအုပ်တွေ ထုတ်ဝေနိုင်ခဲ့ပြီး၊ ၁၉၉ဝ ဒီဇင်ဘာကနေ ၁၉၉၈၊ ဩဂုတ် အထိ အင်းစိန်ထောင်၊ သရက်ထောင်တွေမှာ အကျဉ်းကျခံခဲ့ရသူ ဖြစ်ပါတယ်။ သူအကျဉ်းကျခံရရာမှ အပြင်ကို ပြန်ရောက်ရောက်ချင်း ရေးသားတဲ့ “လမင်းရဲ့ ချိုလာတဲ့ လက်ခုပ်သံ” လုံးချင်းဝတ္ထုကို စာအုပ်ဈေး စာအုပ်တိုက်က ထုတ်ဝေခဲ့ပြီး အချိန်တိုအတွင်းမှာ မျက်နှာဖုံး ၂ မျိုးနဲ့ ၂ ကြိမ်ပုံနှိပ်ရတဲ့ “မြေးသူကြီး” ဝတ္ထုဟန် အတ္ထုပ္ပတ္တိကတော့ စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းစိမ်းလန်း ကလောင် နာမည်သုံးပြီး မှတ်တမ်းဓာတ်ပုံတွေ ကိုယ်တိုင်ရိုက်ရင်း ခရီးသွား(မှတ်တမ်းစာ)    ဆောင်းပါးတွေလည်း ရေးသားရာမှာ “စိမ်းလန်း တောင်တန်း” စာအုပ်က ထွန်းဖောင်ဒေးရှင်း စာပေဆုချီးမြှင့်တာ ခံရပါတယ်။

ဆရာညီပုလေးရဲ့ ဝတ္ထုတို လက်ရာတွေထဲမှာ ၁၉၈၆ က ထုတ်ဝေတဲ့ “ဆယ့်နှစ်မျက်နှာ နာရီစင်” စာအုပ်ထဲက “မီးသွေးခဲမို့မည်းသကို”၊ သာရမဂ္ဂဇင်းမှာ ပါခဲ့ဖူးတဲ့ “စပါးကြီးမြွေ”၊ ပေဖူးလွှာမဂ္ဂဇင်းထဲ က ဝတ္ထုလတ် “ကြောက်ချေးအိုး” စတာတွေဟာ လက်သံပြောင်တယ်လို့ ပြောစမှတ်ပြုကြပြီး အကျဉ်းကျခံဘဝနဲ့ ရေးသားခဲ့တဲ့ ရွှေအမြုတေ မဂ္ဂဇင်းပါ “တံခါးဖွင့် နီကိုတင်း”၊ ပန်းဝေသီမဂ္ဂဇင်းပါ “ဝမ်းတွင်းသက်တန့်”တို့ဟာလည်း စာဖတ်ပရိသတ် အံ့ဩအသိအမှတ်ပြု   ရတာတွေ ဖြစ်ပါတယ်။

၂ဝဝဝ ပြည့်နှစ် လွန်ချိန်မှာ နည်းပညာတွေ ပံ့ပိုးမှု ကောင်းလာတဲ့ Digital ဓာတ်ပုံကင်မရာတွေရဲ့ ဖမ်းစားမှုထဲ   ရောက်သွားပြီး ဓာတ်ပုံတွေ ရိုက်လာတဲ့ ညီပုလေးဟာ “ဓာတ်ပုံ ငြိမ်းချမ်းစိမ်းလန်း” နာမည်ကို စွဲစွဲမြဲမြဲ ယူခဲ့ပါတယ်။ ဓာတ်ပုံ ကင်မရာ မျိုးစုံ စုဆောင်းသူ၊ ဓာတ်ပုံရသကို သိအောင်ရှာပြီး ရိုက်ကူးသူ ဖြစ်လာပါတယ်။ သူ့ရဲ့ဓာတ်ပုံသမား ဘဝနဲ့ ဝတ္ထုရေးဆရာဘဝ အပြိုင်ဖြစ်ထွန်းစေမှုမှာ တချို့သော အဝန်းအဝိုင်းက သူ့ကိုဓာတ်ပုံနယ်ထဲ ခုန်ချတာလို့    ဝေဖန်တာရှိပေမယ့် အသံတိတ်၊ ဇွဲကောင်း၊ ခေါင်းမာမှုနဲ့ အဲဒီလို ဝေဖန်တာတွေကို ကျော်ဖြတ်လေ့ရှိတာလည်း    တွေ့ရပါတယ်။

သူ့ဝတ္ထုတိုတွေနဲ့ ခရီးသွား ဆောင်းပါးတွေကို သူ့မိသားစုပိုင် လူထုကြီးပွားရေး၊ စိတ်ကူးချိုချို၊ စာအုပ်ဈေး၊ မိုးဇက်၊ ထီးပေါင်းကား၊ လင်းလွန်းခင် စာအုပ်တိုက်တွေက ထုတ်ဝေခဲ့ဖူးပြီး မိသားစုပိုင် စာပေတိုက် ရှိပါလျက်    ပြင်ပစာပေတိုက်တွေအထိ ထုတ်ဝေသူတွေက လိုလားတောင်းဆိုခံရတဲ့ စာရေးဆရာလို့လည်း ဆိုရပါမယ်။

သူ့မှာ ပုန်းနေတဲ့အားမာန်နဲ့ အနုပညာက စာရေးသက် ၃ဝ ဝန်းကျင် တိုင်လာတဲ့အထိ ဝတ္ထုတိုတွေကို ခေတ်မီ   စေတယ်။ နောက်ကျပြီးမှ ခေတ်မီကင်မရာကို ကိုင်တွယ်မှုက အသစ်အဆန်း၊ ကြိုးစားဖန်တီးချင်စိတ်ကို    မောင်းနှင်နေတယ်လို့ ဆိုရပါမယ်။

ဆရာညီပုလေးဟာ ဝတ္ထုတိုတွေ ခံစားချက်ပြင်းပြင်း ရေးသားဖို့ တွန်းအားတွေရှိနေသေးတယ်။ ဓာတ်ပုံကောင်းနဲ့    ဖြစ်ရပ်တွေ၊ သဘာဝတန်ဖိုးတွေကို မှတ်တမ်းတွေ ထိုးရဦးမယ်။ လူထု ဦးလှနဲ့ ဒေါ်အမာရဲ့ သားဦးထဲက အငယ်ဆုံးသားဖြစ်လို့ မိသားစုရဲ့ Trend ကို ထိန်းရလိမ့်ဦးမယ်။ တာဝန်တွေ ဝတ္တရားတွေကြားမှာ စိတ်လက် ပျော်ရွှင်စွာ ရှင်သန်နိုင်ပါစေကြောင်း။

ကြည်လင်အေး

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*