မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌနေရာကနေ သူ နှုတ်ထွက်လွှာတင်လိုက်ရုံမက သူ နှုတ်ထွက်တာ၊ သူကြုံတွေ့ နေရတာတွေကို သတင်းမီဒီယာကနေ ဖွင့်ချ ပြောဆိုလိုက်တဲ့အခါ နာမည်ကျော် စတီရီယို အဆိုတော်ကြီး၊ နာမည် မကျော်လိုက်သော ရုပ်ရှင်မင်းသား စတဲ့ ဘဝတွေကနေ ပရိသတ်မြင်ကွင်းမှာ ရံဖန်ရံခါသာ ပေါ်လာသူ ဘဝရောက်ခဲ့တဲ့ ပလေးဘွိုင် သန်းနိုင် တစ်ယောက်ဟာ သတင်းဂျာနယ်တွေပေါ်မှာ သတင်းကြီး ဖန်တီးသူ အဖြစ် ရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

မေမြို့(ပြင်ဦးလွင်)ဘီတီဘရားသား ကော်ဖီဦးဘဦး၊ ဦးဘဖြူ၊ ဦးဘတူ၊ ဦးဘသိန်း၊ ဦးအံ့ကြီး ညီအစ်ကို အသိုင်းအဝိုင်းက ပေါက်ဖွားလာခဲ့ပြီး၊ သူကတော့ မေမြို့သား မဟုတ်၊ ရန်ကုန်မှာ မွေးသူလို့ ဆိုပါတယ်။ ဆယ်ကျော်သက် ၁၉၆၅-၆၆ ဝန်းကျင်ကတည်းက Dreams Maker တေးဂီတဝိုင်းက ဒရမ်တီးခတ်သူ၊ အဆိုတော် ၁၉၆၈ စတီရီယို (Stereo)တေးဂီတ လမ်းသစ် ဖောက်ရာမှာ ဘီးတဲလ်စ်ရဲ့ Ger Back ကို “ခေါက်ထား”သီချင်း၊ “ညမွှေးပန်း” သီချင်းတွေနဲ့ ထိပ်ဆုံးက လမ်းဖောက် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ပလေးဘွိုင် သန်းနိုင်

ပလေးဘွိုင် သန်းနိုင်

စတီရီယို ဂီတလောကမှာ ဒရမ်တီးကောင်းရုံမက၊ ဒရမ်တီးခတ်ပုံ လှပလို့ ကျော်ကြားခဲ့ပြီး သူတည်ထောင်တဲ့ ပလေးဘွိုင် တီးဝိုင်းဟာလည်း နှစ်ပေါင်း ၂ဝ ဝန်းကျင်အထိ ထိပ်တန်းတေးဂီတဝိုင်းတစ်ဝိုင်းအနေနဲ့ မြန်မာနိုင်ငံအနှံ့ Music Concert တွေ လှည့်လည် တီးခတ်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၈ ကနေ ၁၉၇၃-၄ ဝန်းကျင်အထိ စတီရီယို သီချင်း၊ တိပ်ခွေတွေကို နာမည် တိတိကျကျ တပ်လေ့မရှိလို့ ပလေးဘွိုင် သန်းနိုင်ရဲ့ ရှေ့ပိုင်းသီချင်း တိပ်ခွေတွေကို ရည်ညွှန်းရ ခက်ပေမယ့် လမ်းဆက်လျှောက်မယ်၊ ပန်းသီး ဖီလင်၊ စကြဝဠာနဲ့ ပြိုင်ပွဲ၊ ရွှေသီချင်းများ၊ အချစ်လှေ၊ ချစ်ရမ္မက်စသဖြင့် သီချင်းခွေတိုင်း နိုင်ငံအနှံ့ ပေါက်ခဲ့သူ တကယ့်ထိပ်တန်း အဆိုတော်တစ်ဦး ဖြစ်ပါတယ်။

LPJ သိန်းတန်(ခေါ်)မြန်မာပြည်သိန်းတန်က စတီရီယို (တစ်နည်း အားဖြင့် Pop & Rock တေးသွား)တွေကို ဖယ်ခွာပြီး “စုံတောမြိုင်” သီချင်းခွေတွေကို သီဆိုတော့ ပလေးဘွိုင်သန်းနိုင်က “တစ်ပင်တိုင် မင်းသားကြီး” အမည်နဲ့ မြန်မာသံ သီချင်းတွေကို ဆိုင်းဝိုင်းကြီးတွေပါ သုံးပြီး သီဆို ထွက်ပေါ်ခဲ့ပါသေးတယ်။

၁၉၈ဝ ကျော်ကာလတွေမှာ နိုင်ငံ စီးပွားရေး ကျပ်တည်းလွန်းတဲ့အခါ တစ်ချိန်က Elite တွေဟာ မြန်မာနိုင်ငံကို စွန့်ခွာကြပါတယ်။ ပလေးဘွိုင် သန်းနိုင်လည်း နိုင်ငံရပ်ခြားကို စတင်ခြေဆန့်ပြီး ၁၉၈၈ ဝန်းကျင်မှာ မြန်မာမြေ ပြန်လာတဲ့အခါ ဒါရိုက်တာ ဦးဝင်းဖေနဲ့ အချစ်လှေဆိုတဲ့ဇာတ်ကားကို ခေါင်းဆောင် မင်းသားအဖြစ် ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်။

၂ဝဝဝ ပြည့်ဝန်းကျင်မှာ ပလေးဘွိုင်သန်းနိုင် မြန်မာနိုင်ငံကို ပြန်လာပြီး တေးဂီတ အလုပ်နည်းနည်း၊ စီးပွားရေး လုပ်ငန်းတွေ များများ လုပ်ကိုင်နေရာက သူ့သီချင်းတွေနဲ့ လူငယ်ပရိသတ်နဲ့ ထိတွေ့နိုင်ဖို့ ပလက်တီနမ် သီချင်းများ တေးအယ်လ်ဘမ်ကို သီဆို၊ သရုပ်ဆောင်၊ တီးခတ်ထုတ်ဝေခဲ့ပါ တယ်။

တေးဂီတသမား၊ နာမည်ကျော် အဆိုတော်မို့ ဂီတအစည်းအရုံးမှာ ဂီတလောကအကျိုး သယ်ပိုးဖို့ တာဝန်တွေ ဝင်ယူခဲ့ပေမယ့် ထင်သလိုမဟုတ်၊ ဘာမှ ထိထိရောက်ရောက် လုပ်ကိုင်ပေးလို့ မရတာကြောင့် ဒုတိယဥက္ကဋ္ဌ ဆိုတဲ့ နာမည်သာ ရှိတာကြောင့် သူထွက်ရကြောင်း ပြောလာပါတယ်။ အနုပညာရှင်တွေ အတွက် အနုပညာ အခွင့်အရေးတွေ ကာကွယ်ဖို့ သက်ဆိုင်ရာ အစည်းအရုံးတွေအပြင် ဘာတွေလိုလာပြီလဲ အနုပညာရှင် တွေရဲ့ ကိုယ်စားလှယ် အေဂျင်စီနဲ့ အေးဂျင့်တွေလား၊ ဥပဒေပညာရှင်တွေလား။ ပလေးဘွိုင်သန်းနိုင်က လှုပ်ခါအသံပြု လိုက်တဲ့ဖြစ်ရပ်က ဘယ်အထိ အကျိုးသက်ရောက်မလဲ။ သံစုံထွက်နေတဲ့ မြန်မာဂီတ၊ မြန်မာသီချင်း တောအုပ်ထဲက ဒရမ် Roll  ရိုက်ခတ် လိုက်တာပေပဲလား။

ကြည်လင်အေး

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*