ဆောင်းပါး — မတ် ၂၂၊ ၂ဝ၁၃

(၁၈၇၅-၁၉၆၄)

ဆရာကြီး သခင်ကိုယ်တော်မှိုင်း သည် မြန်မာစာပေ ယဉ်ကျေးမှု၏ မီးရှုးတန်ဆောင်ကြီးဖြစ်သကဲ့သို့ မြန်မာ့ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ဖခင်ကြီးလည်းဖြစ်သည်။ ၂ဝ ရာစု မြန်မာနိုင်ငံ၏ အကျိုးကို ထိပ်ဆုံးမှ ထူးချွန် စွာ ထမ်းရွက်ခဲ့ပြီး ကွယ်လွန်သည့်တိုင် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ တိုင်းပြည်နှင့် လူမျိုးအကျိုးကို သယ်ပိုးခဲ့သူ ဖြစ်သည်။

ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက် (၁၈၇၅ ခုနှစ် မတ် ၂၃ ရက်) တွင် နယ်ချဲ့အင်္ဂလိပ်တို့ သိမ်းပိုက် ထားသော အောက်မြန်မာနိုင်ငံ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၊ ဝါးလယ်ရွာ၌ အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့မှ မွေးဖွား ခဲ့သည်။ ငယ်မည် မောင်လွမ်းမောင် ဖြစ်ပြီး ရွှေတောင် ကျီသဲလေးထပ် ဆရာတော်ကြီး၏ ပထမ ကန့်ကူ လက်လှည့် တပည့်ဖြစ်သည်။ ၁ဝ နှစ် သားအရွယ် မန္တလေးနေပြည်တော် မြတောင်ကျောင်းတိုက်၌ ပညာသင် ကြားနေစဉ် သီပေါမင်း အင်္ဂလိပ်လက် ပါတော်မူပုံ ကို ဝမ်းနည်းကြေကွဲစွာ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရာမှာ မျိုးချစ် စိတ်ဓာတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေး အမြင် မျိုးစေ့စတင်ဖြစ်ပေါ်ခဲ့သည်။

အသက် ၁၉ နှစ်အရွယ်တွင် ရန်ကုန်မြို့ ဇမ္ဗူ့ကျက်သရေ ပုံနှိပ် တိုက်တွင် စာပြင်ဆရာအဖြစ် လုပ် ကိုင်၍ ရွှေတောင် ဆရာလွမ်းအမည် ဖြင့် ဇာတ်စာအုပ် များ ရေးခဲ့သည်။ ထို့နောက် မော်လမြိုင်သို့ ပြောင်းရွှေ့ ၍ မြန်မာတိုင်း(မ) သတင်းစာတွင် အယ်ဒီတာ လုပ်ခဲ့ရာ ထိုအချိန်မှစ၍ ဆရာလွန်းဟု အမည်တွင်ခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် သူရိယ သတင်းစာ အယ်ဒီတာ ဖြစ်လာပြီး နယ်ချဲ့ဆန့် ကျင်ရေးနှင့် အမျိုးသားယဉ်ကျေးမှု အစဉ်အလာများကို ဖော်ထုတ်သော  ဆောင်းပါးနှင့် ကဗျာများ ရေးသားခဲ့သည်။ ယင်းတို့ကို ဗိုလ်ဋီကာဟု  အမည်ပေး၍ ကလောင်နာမည်ကို မစ္စတာ မောင်မှိုင်းဟု တပ်လိုက်ရာမှ ဆရာမှိုင်းအမည်တွင်လာသည်။

ဝိုင်အမ်ဘီအေတွင် လူကြီးနှင့် လူငယ်ကွဲကြသောအခါ အမျိုးသား စိတ်ထက်သန်သော လူငယ်ဘက်ကို အားပေးသည်။ လူငယ်ပိုင်းမှ လုပ် သော ဗြိတိသျှ ဆန့်ကျင်ရေး လုပ်ငန်းများကို ထောက်ခံရေးသားသည်။ ၁၉၁၉ ခုနှစ်တွင် ဝံသာနုလှုပ်ရှားမှု အရှိန်ရလာပြီး ဦးဘဖေ၊ ဦးပုနှင့် ဦးထွန်းရှိန်တို့ ဟုမ်းမရူး ခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးတောင်းဆိုရန် အင်္ဂလန် သို့ သွားရာ ဆရာကြီးက ဒေါင်းဋီကာသစ်ကြီးရေး၍ ထောက်ခံခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် နယ်ချဲ့စနစ်ကို ပထမဆုံး ထိုးနှက်လိုက်သော ယူနီဘာစီတီ သပိတ်ကြီးပေါ်ပေါက်လာပြီး ဗဟန်းတွင် နေရှင်နယ်ခေါ် အမျိုးသားကောလိပ်ထောင်သောအခါ မြန်မာရာဇဝင်နှင့် မြန်မာစာပေ ပါမောက္ခ တာဝန် ယူဆောင်ရွက်ခဲ့သည်။

၁၉၂၂-၂၃ ခုနှစ်တွင် ဒိုင်အာခီ အုပ်ချုပ်ရေး လက်ခံသင့် လက်မခံသင့်ကို အကြောင်းပြု၍ ဂျီစီဘီအေ ဝံသာနု အဖွဲ့ချုပ်ကြီး ပြိုကွဲခဲ့ပြီး အမျိုးသား ကောလိပ်လည်း  ပျက်ခဲ့ရာ  ဤ အကြောင်းကို ဆရာကြီးက ဘွိုင်းကောက် ဋီကာကြီးဖြင့် မှတ်တမ်းတင်ခဲ့သည်။ ဖောက်ပြန်သွားသော ဂျီစီဘီအေခေါင်းဆောင်အချို့ကို မကျေမနပ်ဖြစ်၍ ဒဂုံမဂ္ဂဇင်း၌ စစ်ကိုင်းပြန် မှာတော်ပုံကို ရေးခဲ့သည်။ အမျိုးသား ညီညွတ်ရေး ရစေလိုသည့် သဘောဖြင့်လည်း မျောက်ဋီကာနှင့် မျောက်ကဏ္ဌီ တို့ကို ရေးခဲ့ သည်။ ခွေးဋီကာ ရေး၍လည်း ၂၁ ဦး ဂိုဏ်းဝင်များ နယ်ချဲ့နှင့် စေ့စပ်၍ ရာထူးမက်ပုံကို ဖွင့်ချခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်အတွင်း ဆရာစံခေါင်းဆောင်သော လယ်သမား  သူပုန်ကြီး ပေါ်ပေါက် လာသောအခါ ဂဠုန်ပျံ ဒီပနီဋီကာကို ရေး၍ ချီးကျူး ထောက်ခံခဲ့သည်။

ဂျီစီဘီအေ ဝံသာနုလှုပ်ရှားမှုကြီး ကျဆုံးသွားသောအခါ ဆရာကြီးသည် ထိုခေတ်လွတ်လပ်ရေးတိုက်ပွဲတွင် ရှေ့တန်းသို့ ရောက်လာသော သခင် လူငယ်တို့၏ တို့ဗမာ အစည်းအရုံးသို့ ၁၉၃၄ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။   သခင်ကိုယ်တော်မှိုင်း အမည်ကို ခံယူ၍ လူငယ်တို့နှင့် လက်တွဲကာ လွတ်လပ်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲ ခဲ့ပြီး တို့ဗမာ အစည်းအရုံးကြီး၏ နာယကဖြစ်လာသည်။

၁၉၃၈ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃ဝဝ ပြည့် ရေနံမြေအရေးတော်ပုံ ကြီး ပေါ်ပေါက်လာသောအခါ ဆရာ  ကြီးသည် တို့ဗမာအစည်းအရုံးကြီးနှင့်  အတူ အလုပ်သမားများ ဘက်၌ မားမား  မတ်မတ် ရပ်တည်၍ အဆင်းရဲ အပင်ပန်းခံကာ အလုပ်သမားတို့၏ သပိတ် များကို အမျိုးမျိုးကူညီခဲ့သည်။ ဗမာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်း အရုံး၊ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံးနှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂတို့၏ နာယကဖြစ်လာခဲ့သည်။

သခင် ကိုယ်တော်မှိုင်းကို နံပတ် ၁ ရန်သူ သတ်မှတ်၍ နယ်ချဲ့အင်္ဂလိပ် က လိုက်လံဖမ်းဆီးရာ ဆရာကြီး သည် အင်္ဂလိပ်ပြေးခါနီးတွင်နှင့် ဂျပန် တော်လှန်ရေး စခါနီးတွင် အမျိုးမျိုး ရှောင်တိမ်းခဲ့ရသည်။ ၁၉၄၇ ခုနှစ် တွင် လွတ်လပ်ရေး တိုက်ပွဲအတွင်း နယ်ချဲ့လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးရသောအခါ ဆရာ ကြီး ကြေကွဲခဲ့ ရသည်။ ၁၉၄၈ ခုနှစ် တွင် ပြည်တွင်းစစ်ဖြစ်လာသောအခါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးမျိုး အဖုံဖုံ ဆရာကြီးအားထုတ်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပြည်တွင်း ငြိမ်းချမ်း ရေးအဖွဲ့ဖွဲ့ပြီး ဆရာကြီးကြိုးပမ်းခဲ့ သည်။

၁၉၅၂ ခုနှစ်မှစ၍ ကမ္ဘာ့ငြိမ်းချမ်း  ရေးကွန်ဂရက်(မြန်မာနိုင်ငံ)၏ ဥက္ကဋ္ဌ အဖြစ် တရုတ်ပြည်နယ် ပီကင်းမြို့ နယ်သို့လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့ သို့ လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် သီဟိုနိုင်ငံ ကိုလံဘိုမြို့တော်သို့လည်း ကောင်း သွားရောက်ခဲ့သည်။ ထိုသို့ တတိယကမ္ဘာစစ် တားဆီးရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး အကျိုးကို ဆောင် ရွက်ခဲ့သဖြင့် ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး စတာလင်ဆုကို ချီးမြှင့် ခံခဲ့ရသည်။ ၁၉၅ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံအစိုးရ၏ အလင်္ကာကျော်စွာ  ဘွဲ့နှင့် ၁၉၆ဝ ပြည့်နှစ်တွင် အရှေ့ ဂျာမဏီနိုင်ငံ ဟမ်းဘို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဒေါက်တာ (ပညာ ပါရဂူ)ဘွဲ့များ ချီးမြှင့်ခံခဲ့ရသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း သည် အသက် ၈ဝ ကျော် ၉ဝ တွင်း ရောက်သည်အထိ ပြည်သူတို့၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝ ပြောရေးတို့အတွက် ဘဝ တစ်လျှောက်လုံး မနားမနေ အားထုတ်ရင်း အသက်   ၈၉ နှစ်အရွယ် ၁၉၆၄ ခုနှစ်၊ ဇူလိုင်  ၂၃ ရက်(၁၃၂၆ ခုနှစ်၊ ဒုတိယဝါဆို လဆန်း ၁၄ ရက်)တွင် ကွယ်လွန် အနိစ္စရောက်ခဲ့ပါသည်။

ကိုးကား- ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် (ဆရာကြီးသခင် ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့)

 – မြန်မာလူကျော် ၁ဝဝ (မောင်ဇေယျာ)

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*