ဆောင်းပါး — ဖေဖော်ဝါရီ ၁၃၊ ၂ဝ၁၃
မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း

မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်း မှုသမိုင်းတွင် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်၊ ဒို့ဗမာ အအစည်းအရုံး ခေါင်းဆောင်၊ ဖက်ဆစ်တော်လှန် ရေးခေါင်းဆောင်၊ ရဲဘော်သုံးကျိပ် ခေါင်းဆောင်၊ တပ် မတော် ခေါင်းဆောင်၊ အမျိုးသား ခေါင်းဆောင် အဖြစ် ကျရာကဏ္ဍမှ တစိုက်မတ်မတ် ဦးစီးရှေ့ဆောင် ၍ လွတ်လပ်ရေး ကို အရယူပေးခဲ့သော လွတ်လပ်ရေး ဗိသုကာ၊ ပြည်ထောင်စုမြန်မာ နိုင်ငံတော်နှင့် မြန်မာ့ မျိုးချစ် တပ်မတော်၏ ဖခင်၊ အမျိုးသား အာဇာနည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေး ခရိုင်၊ နတ်မောက် မြို့၌ အဖဦးဖာနှင့် အမိဒေါ်စုတို့မှ မွေးဖွားသည်။ ငယ်စဉ်က အခြေခံပညာကို နတ်မောက်မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကျောင်းနှင့် ရေနံချောင်းမြို့ အမျိုးသားကျောင်းများတွင် သင်ကြားခဲ့ ပြီး ၁၉၃၂ မှ ၁၉၃၈ ထိ ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာသင် ကြားခဲ့ရာ ၁၉၃၇ တွင် ဝိဇ္ဇာဘွဲ့ရ ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ကြားစဉ်၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)တို့တွင် ဦးဆောင်တာဝန်ယူခဲ့သည်။ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် အင်္ဂလိပ်-မြန်မာ ဆောင်းပါးများ အများအပြား ရေးသား ခဲ့သည်။

၁၉၃၈ တွင် တက္ကသိုလ်မှ ထွက်ပြီး နိုင်ငံရေးနယ်ပယ်သို့ ခြေ စုံပစ် ဝင်ရောက်ခဲ့ရာ တို့ဗမာ အစည်းအရုံး အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၃၉ တွင် လျှို့ဝှက်ဖွဲ့စည်းခဲ့သော ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပထမဆုံး အထွေထွေအတွင်းရေးမှူးအဖြစ်လည်း ကောင်း၊ ဗမာ့ထွက်ရပ်ဂိုဏ်း အထွေထွေ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ မြေအောက်တော် လှန်ရေးအဖွဲ့ (ပြည်သူ့ အရေးတော်ပုံပါတီ) ၏ နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံအဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့သည်။

၁၉၄ဝ တွင် ဇလွန်မြို့ တရားပွဲ၌ အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောမှုအတွက် ပုဒ်မ ၁၂၄ အရ ဆုငွေ ငါးကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခံခဲ့ရရာ အဖမ်းမခံဘဲ ရှောင်တိမ်းနေစဉ်၊ တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ ဆုံးဖြတ်ချက် အရ နိုင်ငံခြား အကူအညီရှာရန် သခင်လှမြိုင်(ဗိုလ်ရန်အောင်)နှင့်အတူ တရုတ်နိုင်ငံ အမွိုင် သို့ ထွက်ခဲ့သည်။ မူလရည်ရွယ်ရင်းဖြစ်သော တရုတ် ကွန်မြူနစ် ပါတီနှင့် အဆက်အသွယ် မရဘဲ အမွိုင်တွင် သောင်တင်နေစဉ် တို့ဗမာ အစည်းအရုံးနှင့် ဗမာ့ထွက်ရပ်ဂိုဏ်းတို့၏ ကြိုးပမ်းမှုဖြင့် ဂျပန် နိုင်ငံသို့ ရောက်ခဲ့ သည်။ ၁၉၄၁ တွင် မြန်မာနိုင်ငံသို့ လျှို့ဝှက်ပြန်လာပြီး မြေအောက် တော်လှန်ရေးအဖွဲ့ခေါင်းဆောင် သခင်မြ၊ သခင်ချစ်တို့နှင့် ဆွေးနွေးကာ ရဲဘော်သုံးကျိပ် ကို စုစည်း၍ ဗြိတိသျှနယ်ချဲ့ကို လက်နက်ကိုင် တော်လှန်ရန် ဂျပန်ထံတွင် စစ်ပညာသင်ကြားခဲ့သည်။

၁၉၄၁ တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဂျပန် မီနာမီကီကန်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးဆူဇူကီး (ဗိုလ်မိုးကြိုး) အကူအညီဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ) ကို ဦးဆောင်ဖွဲ့စည်းကာ ၁၉၄၂ တွင် ဂျပန် တပ်မတော်နှင့်အတူ စစ်ကြောင်း သုံးကြောင်း ဖြန့်ခွဲ၍ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ထိုနှစ်တွင်ပင် ဘီအိုင်အေကို ဗမာ့ ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) အဖြစ် ပြောင်းလဲပြီး ဗိုလ်မှူးကြီး ရာထူးဖြင့် စစ်သေနာပတိချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၄၃ တွင် ဗိုလ်ချုပ်ရာထူး ဖြင့် ဘီဒီအေ စစ်သေနာပတိ၊ ဗမာ့လွတ်လပ်ရေး ကော်မရှင်အဖွဲ့ဝင် လွတ်လပ်သော မြန်မာအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီး၊ ဗမာ့တပ်မတော် စစ်သေနာပတိ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၄၄ တွင် မြေအောက် ကွန်မြူနစ်ပါတီမှ သခင်စိုး၊ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်း တို့နှင့် လျှို့ဝှက်တွေ့ဆုံကာ ဖက်ဆစ် တော်လှန်ရေးအတွက် ဆွေးနွေးပြီး ဗမာ့တပ်မတော်၊ ဗမာပြည်ကွန်မြူ နစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံ ပါတီတို့ ပူးပေါင်း၍ ဖက်ဆစ်တိုက် ဖျက်ရေးအဖွဲ့ချုပ် ဖတဖ (AntiFascist Organization-AFO) ကို ဖွဲ့စည်း ခဲ့သည်။ ၁၉၄၅ မတ်လတွင် ဖတဖ ခေါင်းဆောင်များ ထပ်မံတွေ့ဆုံ၍ ဖတဖကို ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ)အဖြစ် အမည်ပြောင်းပြီး ဗဟိုစစ်ကောင်စီ စစ်ရေးခေါင်းဆောင် အဖြစ် ဆောင်ရွက်ကာ ၁၉၄၅ မတ် လ ၂၇ ရက်တွင် ဖက်ဆစ် တော်လှန်ရေး စခဲ့သည်။ တော်လှန်ရေး အပြီး ၁၉၄၅ ဒီဇင်ဘာတွင် ဖတပလကို ဖက်ဆစ် ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ဖဆပလ (Anti-Fascist and People’s Freedom-AFPFL) အဖြစ် ပြင်ဆင် ပြောင်းလဲခဲ့သည်။

၁၉၄၆ ဇန်နဝါရီတွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ ပထမအကြိမ် ပြည် လုံးကျွတ်ညီလာခံကို ရန်ကုန်မြို့၊ ရွှေတိဂုံ စေတီတော် အလယ်ပစ္စယံ၌ သဘာပတိအဖြစ် ဆောင်ရွက် ကျင်းပခဲ့သည်။ စက်တင်ဘာတွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ သဘာပတိ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန တာဝန်ယူ၍ အမျိုးသား ယာယီ အစိုးရကို ဦးဆောင်ခဲ့သည်။ ၁၉၄၇ ဇန်နဝါရီတွင် ဗြိတိသျှ ဝန်ကြီးချုပ် ကလီးမင့် အက်တလီနှင့် မြန်မာ့ လွတ်လပ်ရေး အတွက် အောင်ဆန်း အက်တလီစာချုပ် ချုပ်ဆိုခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် ပင်လုံ၌ တိုင်းရင်းသားခေါင်း ဆောင်များနှင့် အမျိုးသား ညီညွတ်ရေးအတွက် သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၄၇ ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ ဝန်ကြီးများ အစည်းအဝေး ကျင်းပစဉ် ဗြိတိသျှ နယ်ချဲ့သမား၏ လျှို့ဝှက်အားပေးမှု ဖြင့် မသမာသူ လူတစ်စု၏ လုပ်ကြံ သတ်ဖြတ်မှုကို ခံရကာ အာဇာနည် အဖြစ် ကျဆုံးခဲ့ရသည်။

ကိုးကား မြန်မာလူကျော် ၁ဝဝ (မောင်ဇေယျာ)၊ wikipedia

စိုးမြင့်

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*