ဆောင်းပါး — March 11, 2013

နော်မန်ဘက်သွန်းသည် ကနေဒါ  နိုင်ငံသား ရင်ခေါင်းခွဲစိတ်အထူး ကုသမားတော်ကြီးနှင့် ခွဲစိတ်နည်းနာ ကိရိယာများကို တီထွင်သူဖြစ်သည်။ ကိုယ်ကျိုးလုံးဝမဖက်ဘဲ ကမ္ဘာ့ အဖိနှိပ်ခံပြည်သူများအတွက် သူ၏ အတတ်ပညာ၊ သူ၏ နှလုံးသားနှင့် အသက်ဝိညာဉ်ကိုပါ အဆုံးစွန်ပေးဆပ် ခဲ့သူဖြစ်သည်။  နော်မန်ဘက်သွန်းကို ၁၈၉၀ ခုနှစ်၊ မတ် ၄ ရက်တွင် စကော့ နွယ်ဖွား ကနေဒါနိုင်ငံသား ဖခင်မဲ(လ) ကွမ်းနစ်ကို(လ) ဆန်ဘက်သွန်းနှင့် မိခင်အဲလိဇဘက်တို့မှ ကနေဒါနိုင်ငံ၊ အွန်တာရီယိုမြို့ရှိ ဂရေဗင်ဟာ့(စ)၌ မွေးဖွားခဲ့သည်။ ငယ်စဉ်က အွန်တာရီ မြို့ အိုဝင်ဆောင်းကောလိပ်တွင် ပညာ သင်ကြားခဲ့ပြီး ၁၉၀၇ တွင် အောင်မြင် ကာ ၁၉၀၉ တွင် တိုရွန်တိုတက္က သိုလ်၌ ဆေးပညာ ဆက်လက်သင် ကြားခဲ့သည်။ ၁၉၁၆ တွင် ဆေးပညာ ဆိုင်ရာ ဆရာဝန်ဘွဲ့ (M.D) ရရှိခဲ့သည်။ ၁၉၁၇ တွင် အင်္ဂလန် တော်ဝင် ရေတပ်တွင် စစ်ဗိုလ် ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၁၉ တွင် ကလေးရောဂါအထူးပြု သင်ကြားခဲ့ပြီး ၁၉၂၃ တွင် အီဒင်ဘတ် တော်ဝင်ကောလိပ်မှ FRCS ဘွဲ့ရရှိခဲ့သည်။

၁၉၂၄ တွင် ဥရောပတစ်လွှား လှည့်လည်၍ ပါရီ၊ ဗီယင်နာနှင့် ဘာ လင်မြို့ကြီးများရှိ အထင်ကရ ဆရာဝန်ကြီး များထံတွင် ဆေးပညာနည်း နာများ ခံယူခဲ့ပြီး ကနေဒါနိုင်ငံနယ်စပ် အနီးရှိ အမေရိကန်ပြည်ထောင်စု၊ မစ်ချီဂန် ပြည်နယ်၊ ဒက်ထရွိုက်မြို့ တွင် အခြေချခဲ့သည်။ ဒက်ထရွိုက် တွင် နေ့စဉ်ဆေးခန်းဖွင့်၍ ဝင်ငွေရှာခဲ့သော် လည်း အစတွင် ငွေကြေး မတတ်နိုင်သော အခြေခံလူတန်းစား လူနာများကိုသာ ကုသပေးခဲ့ရသဖြင့် ရပ်တည် ရန်ပင် ခက်ခဲခဲ့သည်။ နောက်ပိုင်းတွင် အကြောင်းသင့်၍ လူကုံတန် လူနာများကို ခွဲစိတ်ကုသရင်း ငွေကြေး ချောင်လည်လာခဲ့သည်။ သို့သော် ဆေးပညာ ၏ ငွေကြေးဓနဥစ္စာ လွှမ်းမိုးမှုအောက်တွင် ကြိုးဆွဲရာကနေရ သည့် အဖြစ်ကို ဘက်သွန်း မနှစ်မြို့ မပျော်ပိုက်နိုင်ခဲ့ပေ။

၁၉၂၆ ၌ ဘက်သွန်းတွင် ထို ကာလက ကုသရန်မလွယ်ကူသော အဆုတ်နာရောဂါစွဲကပ်ခဲ့ရာ ဒက်ထရွိုက် တွင် ကုသ၍ မသက်သာ သဖြင့် နောက်ဆုံး နယူးယောက်မြို့ရှိ ဆာရာရေအိုင် နာတာရှည်ဆေးရုံ၌ တက်ရောက် ကုသခဲ့ရသည်။ ထိုဆေးရုံတွင် အန္တရာယ်မကင်းသော ခွဲစိတ်ကုသမှု ကုထုံးသစ်ဖြင့် စွန့်စားကုသ ခဲ့ရာ ၂ လအကြာတွင် ဝေဒနာသက်သာပြီး အသက်ချမ်းသာရာရခဲ့သည်။ ထိုမှ ၂ နှစ်တာကာလအတွင်း နယူး ယောက်မြို့ ရေးဘရွတ် အဆုတ်ရောဂါ ကုဆေးရုံတွင် အမှုထမ်းခဲ့ပြီး ၁၉၂၉ တွင် မွန်ထရီယယ် တော်ဝင် ဝိတိုရိယ ဆေးရုံကြီးနှင့် ကာတီယားဗီး(လ)ရှိ ဆေကရီကူယာဆေးရုံကြီး တို့၌ ရင်ခေါင်းခွဲစိတ်ပညာကို ထပ်မံ လေ့လာခဲ့သည်။ ဆေးပညာတွင် ယခင်ထက် ပိုမိုမြှုပ်နှံပြီး ခွဲစိတ်ကုသမှု နည်းနာသစ်များနှင့် သုတေသန တွေ့ရှိချက် များကို ဆေးပညာ ဂျာနယ်များ တွင် ရေးသားခဲ့သည်။

၁၉၃၅ တွင် ဆိုဗီယက်ယူနီယံ၌ ကျင်းပသော နိုင်ငံတကာဇီဝကမ္မ ဗေဒညီလာခံသို့ တက်ရောက်ခဲ့ပြီး အပြန်တွင် လူထုကျန်းမာရေးစနစ် ကွက်လပ်များကို ဖြည့်ဆည်းနိုင်ရန် အခမဲ့ဆေးခန်းများဖွင့်ကာ မွန်ထရီယယ်ပြည်သူ့ကျန်းမာရေး လုံခြုံမှုအဖွဲ့ကို ဖွဲ့စည်းပြီး ဆရာဝန်တိုင်း၏ ပထမ မူလတာဝန်မှာ နိုင်ငံသား အားလုံး၏ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက် မှုနှင့် လုံခြုံဘေးကင်းမှုအတွက် ဖြစ်ရမည် ဟူသော အယူအဆ ကို ဒီမိုကရက်တစ် လူမှုအဖွဲ့အစည်း အတွင်း ရှေ့ ဆောင်လမ်းပြခဲ့သည်။

ထိုနှစ်တွင် ဘက်သွန်းသည် ကနေဒါကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၁၉၃၆ စပိန်ပြည်တွင်းစစ် အတွင်း စပိန် ဒီမိုကရေစီ ကူညီရေး ကော်မတီ၏ ဖိတ်ကြားချက်အရ မက်ဒရစ်ရှိ ကနေဒါဆေးအဖွဲ့ကို ခေါင်းဆောင်ကာ သွားရောက်ခဲ့သည်။ စပိန်တွင် ရွေ့လျားသွေးသွင်းအဖွဲ့နှင့် ရွေ့လျားတပ် ခွဲစိတ်ဆေးရုံများကို ပထမဆုံး ဖွဲ့စည်း၍ ရှေ့တန်းစစ် မျက်နှာတစ်နံတစ်လျား သွားရောက်ခဲ့ သည်။ ၁၉၃၇ တွင် ကနေဒါသို့ စပိန်ဖက်ဆစ် ဖရန်ကို ဆန့်ကျင်ရေး အရေးတော်ပုံအတွက် လှည့်လည် ဟောပြောအလှူခံခဲ့ပြီး ရရှိသမျှကို စပိန်ဒီမိုကရေစီ ကူညီရေး ကော်မတီထံ ပေးအပ် ခဲ့သည်။

၁၉၃၈ တွင် တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ဂျပန်ခုခံရေးစစ်အတွင်း မော်စီတုန်း၏ အမှတ် ၈ တပ်မတော် နှင့် ဆက်သွယ် သွားရောက်ပြီး ခွဲစိတ် ဆရာဝန်နှင့် ဆေးသင်တန်းများ သင်ကြားပို့ချသူအဖြစ် မမောမပန်းကူညီ ဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံတွင် အရေးပေါ်စစ်မြေပြင်ခွဲစိတ်မှုများနှင့် ဆရာဝန်၊ သူနာပြုနှင့် လူနာစောင့် များကို လေ့ကျင့် သင်ကြား မွေးထုတ်ပေး ခဲ့သည်။ စစ်မြေပြင် ခွဲစိတ်မှုများကို အရေးပေါ်လူနာ ၁၁၅ ဦးအတွက် နာရီပေါင်း ၆၉ နာရီ စံချိန်တင် ဆက် တိုက်ပြုလုပ်ခဲ့ပါသည်။ ဒဏ်ရာရ တရုတ်တပ်နီတော် တပ်သားများနှင့် ဒေသခံ အရပ်သားများကို သူ့အဝတ်အစား၊ ယုတ်စွအဆုံး သူ့သွေးဖြင့် ကူညီကယ်တင်ခဲ့သည်။ အားလုံးက သူ့ကို တရုတ်အမည် “ပိုင်ချူအင်”ဟု ချစ်ခင်လေးစားစွာ ခေါ်ခဲ့ကြသည်။ တစ်ကြိမ်တွင် လက်ပြတ်ဒဏ်ရာရ စစ်သည် တစ်ဦးကို ခွဲစိတ်ရာတွင် လက်အိပ်မရှိ၍ လက်အိပ်မပါဘဲ ခွဲ စိတ်ရင်းလက်တွင် ခွဲစိတ်ဓားရှ ဒဏ်ရာ အနည်းငယ် ရခဲ့သည်။ ထိုဒဏ်ရာ မှ တစ်ကိုယ်လုံး သွေးဆိပ်တက်ရောဂါ ရကာ နောက်ဆုံး၌ ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ကွယ်လွန် ခဲ့သည်။

သူကွယ်လွန်ချိန်တွင် တရုတ် ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်းက “နော်မန်ဘက်သွန်းကို အထိမ်းအမှတ် ပြုကြ” စာတမ်းဖြင့် ရေးသားဂုဏ်ပြုခဲ့ပြီး ကလေးလူကြီးမကျန် တရုတ်ပြည်သူ အပေါင်းကလည်း နော်မန် ဘက်သွန်း အတွက် အထူးဝမ်းနည်း ကြေကွဲစွာ အမှတ်တရ အလေးပြုကြသည်။ ကနေဒါ၊ စပိန်နှင့် တရုတ် နိုင်ငံတို့တွင် နော်မန်ဘက်သွန်းကို ဂုဏ်ပြုသည့် အထိမ်းအမှတ် နေရာများကို အများအပြားတွေ့မြင်နိုင်ပြီး နိုင်ငံ တကာ ဆေးပညာရှင် များနှင့် တော်လှန် သော ပြည်သူ များ၏ နှလုံးသားတွင် ဒေါက်တာနော်မန်ဘက်သွန်း၏ ဝိညာဉ် အစဉ်ထာဝရ စွဲထင်နေဆဲ ဖြစ်ပါသည်။

Ref: The Canadian Encyclopedia, Wikipedia, နှလုံးလှ ဆရာဝန် (ကျော်အောင်)

စိုးမြင့်

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*