နိုင်ငံတကာသတင်း — မန္တလေး၊ ဒီဇင်ဘာ ၂၄၊ ၂ဝ၁၂

မြန်မာဘုရင် နောက်ဆုံး မင်းဆက် သီပေါမင်းနှင့် မိဖုရားများ နေထိုင်ခဲ့သော ရတနာဂီရိ စံအိမ်တော်ကို အကြီးစား မွမ်းမံပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် အိန္ဒိယ ပါလီမန်တွင် တင်ပြပေးသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက် က မန္တလေးမြို့ ရွှေပြည်သာဟိုတယ် တွင်ပြုလုပ်ခဲ့သည့် Asean-India Connectivity အခမ်းအနား၌ အိန္ဒိယ ပါလီမန်အမတ် Mr.Tarum Bijay က ပြောကြားခဲ့ပြီး ဒီဇင်ဘာ ၂ဝ၊ ၂၁ ရက်အတွင်း အိန္ဒိယနိုင်ငံသို့ ရောက် ရှိနေသော ပြည်ထောင် စုမြန်မာ နိုင်ငံသမ္မတဦးသိန်းစိန်ကလည်း ရတနာဂီရိ စံအိမ်တော် သို့ သွားရောက် ကြည့်ရှုခဲ့ပါသည်။

“မြန်မာဘုရင် သီပေါမင်း နတ်ရွာစံခဲ့တဲ့အထိ နေထိုင်ခဲ့တဲ့ ရတနာ ဂီရိမြို့က စံအိမ်တော်ကို ပါလီမန်ရဲ့ ငွေကြေး သုံးစွဲပြီး ကြီးကျယ်စွာ မွမ်းမံပြင်ဆင်ဖို့ ပါလီမန်ကို တင်ပြ သွားမှာပါ”ဟု ယင်းက ဆိုသည်။

ထိုအခမ်းအနားတွင် အိန္ဒိယ ပါလီမန်အမတ်က သီပေါဘုရင်နှင့် မိဖုရားငယ်တစ်ပါးဖြစ်သည့် ရမည်းသင်း စုဖုရားကလေး တို့၏ အရိုး တော်နှင့် ပထမသမီးတော်၏ အရိုး တော်များ မြန်မာနိုင်ငံသို့ ပြန်လည် သယ်ယူရန် ကိစ္စနှင့် ပတ်သက်၍မူ မည်သို့မျှ ပြောဆိုခဲ့ခြင်း မရှိဘဲ စံအိမ်တော်ပြုပြင် မွမ်းမံရန်အတွက် ကိုသာ အဓိကထား ပြောကြားသွား သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက် ကလည်း အိန္ဒိယနွယ်ဖွား စာရေးဆရာ အမီတာ့ဗ်ဂို့ရှ်နှင့် မန္တလေး စာပေ အသိုက် အဝန်း တွေ့ဆုံရာတွင် စာရေးဆရာ တစ်ဦးက သီပေါဘုရင်နှင့် အနွယ်တော်များ၏ ရုပ်အလောင်း များကို မြန်မာနိုင် ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် အိန္ဒိယ နွယ်ဖွား စာပေပညာရှင်တစ်ဦး၏ အမြင်နှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ သီပေါဘုရင် အနေနှင့် အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်အတွက် အဆိုပါ တိုင်းပြည်တွင်ပင် ထားရှိပါက ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း အမီတာ့ဗ်ဂို့ရှ်က ပြန်လည်ဖြေကြားခဲ့ သည်။

ရုပ်အလောင်းများ ပြန်လည် သယ်ဆောင်ရန် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလွှတ်တော်တွင် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ ဦးသန်းဆွေ ၏အဆိုကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင် ပြန်လည်ဖြေကြားရာတွင် မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်ရန်မှာ အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်ခု၏ သဘောထားနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တို့အပြင် အိန္ဒိယ နိုင်ငံ၌ ကျန်ရှိနေခဲ့ သော အနွယ်တော်များ၏ ဆန္ဒ သဘောထားကိုလည်း သိရှိရန် လိုအပ်ကြောင်း၊ အကောင်းဆုံး အနေနှင့် လက်ရှိ အခြေအနေ အတိုင်း ထားရှိသည်က မှန်ကန်မည်ဟု ထင်မြင်ပါကြောင်း ဖြေကြားခဲ့သည်။

ခရီးသွား ကုမ္ပဏီများ၏ သုံးသပ် လေ့လာချက်အရ သိရသည်မှာ အဆိုပါ စံအိမ်တော်အပါအဝင် အုတ် နန်းပြသာဒ်များကို အကြီးစား ပြုပြင်မွမ်းမံ လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ၏ အထူးစိတ်ဝင် စားမှုကို ရရှိမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ ခရီးသွား လုပ်ငန်း အတွက်လည်း ဝင်ငွေတိုးလာနိုင်ကြောင်း သိရ သည်။

မြန်မာနိုင်ငံ နောက်ဆုံးမင်းဆက် သီပေါဘုရင်သည် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့် သမီးတော် နှစ်ပါး အပါအဝင် မိဖုရားငယ် ရမည်းသင်း စုဖုရားကလေးတို့နှင့် အတူ ဗြိတိသျှ အစိုးရ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး မြန်မာနိုင်ငံ မန္တလေး မြို့မှ အိန္ဒိယနိုင်ငံ မဒရပ်မြို့၊ ထိုမှ တစ်ဆင့် မဟာရှပ်စ်ထရာ ပြည်နယ်ရှိ ရတနာဂီရိမြို့သို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။

သီပေါဘုရင် နောက်ဆုံး နေထိုင်ခဲ့သည့် စံအိမ်တော်

သီပေါဘုရင် နောက်ဆုံး နေထိုင်ခဲ့သည့် စံအိမ်တော်

သီပေါဘုရင် အပါအဝင် ရမည်းသင်း စုဖုရားကလေးနှင့် သမီးတော်ကြီးတို့သည် အိန္ဒိယနိုင်ငံ ရတနာ ဂီရိ၌ အဆင့်ဆင့် ကွယ်လွန်ခဲ့ကြရာ ထိုစဉ်က သီပေါဘုရင်နှင့် မိဖုရားငယ်တို့၏ ရုပ်အလောင်းများကို မြန်မာနိုင်ငံသို့ သယ်ယူခွင့် တောင်း ခဲ့သော်လည်း ဗြိတိသျှအစိုးရက လက်သင့်မခံသည့်အတွက် ရတနာဂီရိ တွင်ပင် ထားရှိခဲ့ ကြပြီး မဟာရှပ်စ် ထရာပြည်နယ် အစိုးရ၏ စောင့်ရှောက်မှုဖြင့် ဘုရင်၊ မိဖုရားငယ်နှင့် သမီးတော်ကြီး တို့၏ အထိမ်းအမှတ် ဂူများကို အုတ်နန်း ပြသာဒ် တစ်ခုစီဖြင့် ယှဉ်တွဲ ထားရှိထားကြောင်း သိရသည်။

ဝဝ၉

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*