နောင်တစ်ချိန်တွင် တိုင်းပြည်ကို ဦးဆောင်မည့် အနာဂတ် ခေါင်းဆောင်များသည် ယနေ့ခေတ် လူငယ်များ ဖြစ်သည်။ ထို့ကြောင့် လူငယ်များ၏ စိတ်ဓာတ်နှင့် အတွေးအခေါ်ကို မြင့်တင်ပေးနိုင်မည့် ဘဝအခြေအနေ ကောင်းများ ဖန်တီးပေးရန် လိုအပ်သည်။ သို့သော် မိဘမဲ့ကလေး အများစုမှာ ကောင်းမွန်သော ဘဝ အနေအထားများ ရရှိရန်ခက်ခဲနေကြသည်။ ထိုလူငယ်လေးများကို ပြုစု စောင့်ရှောက်ပျိုးထောင်ပေးနေသော လူငယ်ဖွံ့ဖြိုးမှု ပရဟိတဂေဟာများ သည် နိုင်ငံတော် ပြန်လည် ထူထောင် ရေးတွင် အုတ်တစ်ချပ် သဲတစ်ပွင့် ပင် ဖြစ်သည်။

အဆိုပါ မိဘမဲ့ကလေးငယ်များ ကို ပြုစုစောင့်ရှောက်ထားရှိသော လူငယ်ဖွံ့ဖြိုးမှု ပရဟိတဂေဟာများ တွင် ဧရာဝတီတိုင်း လပွတ္တာမြို့ နယ်အတွင်းရှိ ဘီတွတ်ကျေးရွာ ကလေးမှ သာသနာ့ဇေယျုံကျောင်း လေးသည် လည်း တစ်ခု အပါ အဝင် ဖြစ်သည်။

ပြုစုစောင့်ရှောက်ထားသည့် မိဘမဲ့ကလေးငယ်များ

ပြုစုစောင့်ရှောက်ထားသည့် မိဘမဲ့ကလေးငယ်များ

သာသနာ့ဇေယျုံကျောင်းတွင် မိဘမဲ့ပရဟိတဂေဟာကို ၁၉၅၄ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော် ဦးရေထာနှင့် အကျိုးဆောင်အဖွဲ့ များမှ ကျောင်းသားဦးရေ ၅၅ ဦး ကိုလက်ခံပြီး စတင်တည်ထောင်ခဲ့ ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ၁၉၆၁-၁၉၆၂ ခုနှစ်တွင် နိုင်ငံတော် အစိုးရမှ အသိအမှတ်ပြုသည့် လူငယ်ဖွံ့ဖြိုးမှု ပရဟိတ ဂေဟာဖြစ် လာခဲ့ပြီး ၁၉၈၇-၈၈ ခုနှစ်တွင် ဆရာတော်ဦးရေထာ ပျံလွန်တော်မူ သောအခါ နာယက ဆရာတော် ဘဒ္ဒန္တကဉ္စန(သဒ္ဓမဇောတိကဓဇ)မှ ဆက်လျက်ဆောင်ရွက် လျက်ရှိသည်။ မိဘမဲ့ ခိုကိုးရာမဲ့ကလေးများကို နှစ် စဉ် အယောက် ၄ဝ ဦးမှ ၈ဝ ဦး အထိ လက်ခံကျွေးမွေးခြင်း၊ ပညာ သင်ကြားပေးခြင်းများ အစဉ်အလာ မပျက် ထိန်းသိမ်းထားနိုင်သည့် အတွက်  ၂ဝဝ၄-ဝ၅ ခုနှစ်တွင် ယင်းလူငယ် ဖွံ့ဖြိုးမှု ပရဟိတဂေဟာကို လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တတိယအဆင့် အဖြစ် တိုးမြှင့် အသိအမှတ်ပြု ခဲ့ပါသည်။

အဆိုပါ ပရဟိတ မိဘမဲ့ဂေဟာ ကျောင်းရှိ ကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးအခြေအနေကို ကလေးငယ်များ ပြုစုစောင့်ရှောက် ထောက်ပံ့ လှူဒါန်းနေသူ တစ်ဦးက “အခု လက်ရှိ တက္ကသိုလ် ကျောင်းသူ ဆရာမလေးက သူတတ်သလောက်ကို စာပြပေးနေတယ်။ အဲဒီကလေးတွေ ထဲမှာ အတန်းထဲမှာ ပထမ၊ ဒုတိယအဆင့် ထိ ဝင်တဲ့ စာတော်တဲ့ ကလေးတွေလည်း ရှိတယ်။ စာစီစာကုံး ပြိုင်ပွဲတွေမှာ ဆုရတဲ့ ကလေးတွေလည်း ရှိတယ်။ ပံ့ပိုးရင် ပံ့ပိုးသလောက် တိုးတက်မယ့် ကလေးတွေ ရှိတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အတွက်ကတော့ ကျေးရွာဆရာဝန်နဲ့ ဘုန်း ဘုန်းက စောင့်ရှောက်ပေးရတယ်။ လိုအပ်တဲ့အခါ ဘုန်းဘုန်းကပဲ ကျေး ရွာဆရာဝန်ဆီ သွားပြပြီး တာဝန်ယူ ဆေးကုပေးတယ်”ဟု ပြောသည်။

သာသနာ့ဇေယျုံ လူငယ်ဖွံ့ဖြိုး မှု ပရဟိတဂေဟာသည် ယခုအချိန် တွင် နို့စို့ကလေးအရွယ်မှ ဒသမတန်း တက်ရောက်နေသူ အထိ၊ အသက် အရွယ်အားဖြင့် လသားအရွယ်မှ ၁၇ နှစ်အထိ၊ ကလေးဦးရေ စုစုပေါင်း ၄၄ ဦးရှိပါသည်။ ကလေးငယ် လေးများကို မိန်းကလေးအဆောင် ယောကျာ်းလေးအဆောင် သီးသန့် ခွဲထားပြီး နံနက်စာ (အဆာပြေ) နေ့လယ်စာနှင့် ညနေစာ ၃ ကြိမ် ကျွေးမွေးပေးပါသည်။

ကလေးငယ်များ၏ ပညာရေး အတွက် ဒသမတန်းအောင်မြင်လျှင် ဆရာတော်မှတာဝန်ယူ၍ ဆက်လက် ပညာ သင်ကြားပေးမည်ဖြစ်ပြီး ဘီ တွတ်ကျေးရွာ အနီးတစ်ဝိုက်ရှိ မိဘမဲ့ နှင့် ခိုကိုးရာမဲ့ကလေးငယ်များကို အမြဲထောက်ပံ့ လှူဒါန်းနေသူ မချယ်ရီလင်းက “ဘီတွတ် ကျေးရွာနားမှာ ရှိတဲ့ ရွာလေးတွေက တချို့ကလေး တွေက အဖေရှိတယ်။ အမေမရှိဘူး။ မကျွေးမွေးနိုင်ဘူးပေါ့။ တချို့ကျတော့ အမေက စီးပွားသွားရှာနေလို့ မကျွေးနိုင်တာ ရှိတယ်။ နောက် မိဘ နှစ်ပါး စလုံး မရှိတော့တဲ့ ကလေးတွေလည်း ရှိတယ်။ အဲဒီကလေးတွေကို ဆရာတော်က စောင့်ရှောက် ထားတာ။ ဆရာတော်အနေနဲ့ နောက်ထပ် လက်ခံဖို့က သူရဲ့ဘတ်ဂျက်အနေနဲ့ သိပ်အဆင် မပြေဘူး။ ဒါပေမယ့် ဆရာတော်က တကယ့်မိဘမဲ့ဆို လက်ခံတယ်။ ဆရာတော်က ဘာမှ မပြောဘူး။ ဒါကြောင့် ကျွန်မတို့က ဘေးကဝိုင်းပြီး အလှူခံပေးတာတို့ ကလေးတွေကို လှူလိုက်တာတို့ လုပ်ပေးရတာ”ဟု ပြောသည်။

ထို့ပြင် ၂ဝဝ၈ ခုနှစ်၊ မေ ၂ ရက်တွင် အဆိုပါ မိဘမဲ့ ပရဟိတ ဂေဟာလေးသည်လည်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသောကြောင့် အဆောက်အဦများနှင့် စားနပ်ရိက္ခာ ပရိဘောဂများ ဆုံးရှုံးခဲ့ရသည်မှ ခက်ခဲစွာ ပြန်လည် ထူထောင်လာ ခဲ့ရာတွင် ကလေးများ၏ အခြေအနေကို “အခုသွားတဲ့အခါ သူတို့အရင်ထက် ပြည့်ဖြိုးလာတယ်။ ကျန်းမာရေး ကောင်းလာတယ်။ ပွင့်ပွင့်လင်းလင်း ရှိလာတယ်။ အစားအသောက် ကောင်းလာတယ်။ နေထိုင်မှု တွေက သူတို့အရင်ကလို ညစ်ပတ်နေတာထက် စာရင် အဘက်ဘက် က တိုးတက်လာတာ တွေ့ရတော့ ဝမ်းသာပါတယ်”ဟုလည်း မချယ်ရီလင်းက ဆက်လက် ပြောကြားသည်။

အဆိုပါ သာသနာ့ ဇေယျုံကျောင်း မှ ကလေးငယ်များ၏ စားဝတ်နေ ရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက် တို့ကို ပြည့်စုံလုံလောက် သော ထောက်ပံ့မှုရရှိစေရေး၊ စိတ်ဓာတ်နှင့် စည်းကမ်း တိုးတက် ကောင်းမွန်စေရေး၊ ပညာရေးတိုးတက် မြင့်မားစေရေး၊ ဘာသာ၊ သာသနာ အခြေခံ၍ လူထု အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်နိုင် စေရေး၊ ဘဝအနေ အခြေကျစေရေးဆိုသည့် ရည်ရွယ်ချက် မူ ၅ ချက်ဖြင့် ဆောင်ရွက်ပေးနေသောကြောင့် လှူဒါန်းလိုသူများ အနေဖြင့် ဖုန်း-ဝ၉-၈၅၇-၈၄၂၁၊ ဝ၉-၁၁၇၁၂၃၁ တို့ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဝဝ၃

ဆက်စပ်သတင်းများ

အရုဏ်ဦး လူမှုကူညီရေး အသင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇၊ ၂ဝ၁၃
ခရေမိသားစု ဒါနပြုအဖွဲ့

ခရေမိသားစု ဒါနပြုအဖွဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ၊ ၂ဝ၁၃

ဘဝမြင့်မိုရ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂၊ ၂ဝ၁၂

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*