အနုပညာသတင်း — မန္တလေး မတ် ၃၊ ၂ဝ၁၃
အင်္လကာ စာပေဆုရ မသီတာ(စမ်းချောင်း)

အင်္လကာ စာပေဆုရ မသီတာ(စမ်းချောင်း)

စာပေရေးသားသူများ အနေနှင့် မိမိတို့ ဖြတ်သန်းရာ ခရီးလမ်းတစ်လျှောက် သမိုင်း တွင်ရစ်စေမည့် စာပေများ ရေးသား ဖော်ပြစေလိုကြောင်းနှင့် ထိုသို့သော စာပေများ ကိုလည်း စောင့်ကြည့် ဖတ်ရှုလိုသော စိတ်ဆန္ဒ ရှိပါကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က မန္တလေးမြို့ တွင် ကျင်းပသည့် အလင်္ကာစာပေဆု ချီးမြှင့်ပွဲ အခမ်းအနား၌ ၂ဝ၁၂ခုနှစ် အလင်္ကာစာပေဆုရှင် စာရေးဆရာမ မသီတာ (စမ်းချောင်း)က လှိုက်လှိုက်လှဲလှဲ တိုက်တွန်း ပြောကြားလိုက်သည်။

၂ဝ၁၂ ခုနှစ်အတွက် ပေးအပ် သည့် မန္တလေးအခြေစိုက်အလင်္ကာ စာပေဆုကို ရန်ကုန်မြို့မှ စာရေးဆရာမ မသီတာ (စမ်းချောင်း)က စမ်းချောင်း အင်းစိန် ဟားဗတ် ဟူသော စာအုပ်ဖြင့် ဆွတ်ခူးရရှိခဲ့ရာ အဆိုပါ စာအုပ်ရေးသားသူ စာရေးဆရာမအား ဂုဏ်ပြု သည့် အခမ်းအနားတစ်ရပ်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီ က မန္တလေးမြို့ ရွှေပြည်သာဟိုတယ် ဝင်းအတွင်း မန္တလေးမြို့ခံ စာပေပညာ ရှင်များနှင့်တကွ စာဖတ် ပရိသတ် စုံလင်စွာဖြင့် ခမ်းခမ်းနားနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနား၌ ၂ဝ၁၂ ခုနှစ် အလင်္ကာစာပေဆုရှင်က မျက်မှောက်ခေတ် မြန်မာစာပေ တိုးတက် ဖြစ်ထွန်းရေး အတွက် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် စာပေ အသိုင်းအဝိုင်းသို့ ယခုလို တိုက်တွန်းပြောကြားခဲ့သည်။

“ရှေ့မှာမြန်မာစာပေလွတ်လပ် ဖို့အတွက်ဆိုရင် ဒီထက်မက အား ထုတ်ကြဖို့လိုတယ်လို့ ယူဆပါတယ်။ နောက် တစ်ခုက သမိုင်းမှန်တွေ ပေါ်ပေါက်ရေး အတွက်ဆိုရင် ကျွန်မ တစ်ယောက်ထဲ ရေးတာ မလုံလောက်ဘူးလို့ ယူဆတာပါ”ဟု ယင်းကဆိုသည်။

သမိုင်းအမှန်များ ပေါ်ပေါက်ရေး ကြိုးပမ်းမည်ဆိုပါက ပြင်ပလောက စာပေပညာရှင်များ သာမကဘဲ ထောင်တွင်း အကျဉ်းချထားခြင်း ခံရသူများနှင့် ယင်းတို့၏ မိသားစုဝင်များ ဘက်ကပါ ကြိုးစားရေးသားရန် လိုသည် ဟုလည်း မသီတာ(စမ်းချောင်း)က ပြော ပါသေးသည်။

ဆက်လက်၍ “သမိုင်းမှာ သားကောင် မဖြစ်ခဲ့ဘူး၊ အာဇာနည် မဖြစ်ခဲ့ဘူး ဆိုရင်တောင်မှ အားလုံးဟာ သက်သေတွေပါ။ မျက်မြင် သက်သေတွေ ဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးက တစ်ထောင့်တစ်နေရာကနေ ကိုယ်ပိုင်ရာ ကိုယ်နိုင်ရာ ဆေးစုတ်ချက်တွေ နဲ့ခြယ်ကြတော့မှပဲ ကျွန်မတို့ရဲ့သမိုင်း ပန်းချီကားကြီးဟာ အသက်ဝင်မှာ ဖြစ်ပါတယ်။ အားလုံးကို တိုက်တွန်းပါတယ်။ ကျွန်မတို့ရဲ့ သမိုင်းပန်းချီ ကားကြီး အရောင်စုံဖို့အတွက် အားလုံး ဆီက အသံတွေကိုလည်း ကျွန်မစောင့် ပြီးတော့ နားထောင်ပါရစေ၊ ဖတ်ခွင့်ရပါရစေ” ဟု နိဂုံးချုပ်စကားဆို သည်။

၂ဝ၁၂ ခုနှစ်အတွက် ပေးအပ် သည့် အလင်္ကာ စာပေဆုချီးမြှင့်ခြင်း ခံရမှုနှင့် ပတ်သက်၍လည်း တစ်စု တစ်ဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပေးခြင်း မျိုးမဟုတ်ဘဲ စာအုပ်ဆိုင် အသီးသီး၏ ရောင်းအား အခြေအနေများ၊ အွန်လိုင်း အင်တာနက် စာမျက်နှာများမှ တစ်ဆင့် မဲပေးရွေးချယ်မှုများနှင့် တစ်ခြားသော အကြံပြု ဆွေးနွေးချက်များဖြင့် ထိုက်ထိုက် တန်တန် ရရှိခဲ့သည့် အတွက် ကိုလည်း ဂုဏ်ယူကျေနပ် ဝမ်းမြောက်မိကြောင်း ယင်းကဆိုပါသည်။

မန္တလေးအခြေစိုက် အလင်္ကာ စာပေတိုက်၊ ရာပြည့်မန္တလေးစာအုပ် ဆိုင်နှင့်ဖြန့်ချိရေး၊ သီရိ ပန်းချီအနုပညာ ပြခန်း ပိုင်ရှင် ကိုပုညဆွေ တည်ထောင်သော အလင်္ကာစာပေဆုအား ယခုနှစ် ပေးအပ်သည့် ၂ဝ၁၂ ခုနှစ် အတွက်ဆုကို ရန်ကုန်မြို့မှ စာရေး ဆရာမ မသီတာ (စမ်းချောင်း)က စမ်းချောင်း အင်းစိန် ဟားဗတ် စာအုပ်ဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၁ ခုနှစ်အတွက် အလင်္ကာစာပေဆုကိုမူ တိုးမြစ် စာအုပ်တိုက်မှ ထုတ်ဝေသော ဗိုလ်ချုပ်နော် အောင်ဆန်းနော် တေဇနော် စာအုပ်က ရရှိခဲ့သည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*