စာအုပ်သုံးသပ်ချက် — ဖေဖော်ဝါရီ၊ ၂ဝ၁၃

သကအလပြဇာတ်၊ ဦးနု၊ မျိုးမြန်မာစာပေ
၂၀၁၂၊ နိုဝင်ဘာလ၊ စာမျက်နှာ-၁၅၀၊ တန်ဖိုး-၁၈၀ဝ ကျပ်

ဦးနု၏ သကအလ ပြဇာတ်ကို မျိုးမြန်မာစာပေမှ ဒုတိယအကြိမ် ထပ်မံထုတ်ဝေလိုက်သည်။ ဦးနု၏ နာမည်ကျော် ပြဇာတ် တစ်ပုဒ်လည်းဖြစ်ပြီး ပထမအကြိမ်ကို ၁၉၆၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

သူရာမေရိယ (အရက်သောက်ခြင်း)၊ ကာမေသုမိစ္ဆာ (မိမိကာမပိုင် မဟုတ်သူတို့နှင့် ဖောက်ပြားခြင်း)၊ အက္ခဓုတ္တ (အလောင်းအစား ကြူးခြင်း)၊ လဉ္ဇဂ္ဂါဟ (တန်စိုး လက်ဆောင်ယူခြင်း) စသည့်တို့၏ ထိပ်စအတိုကောက် စကားလုံးများကို ယူ၍ ပြဇာတ်အမည် ပေးထားခြင်းဖြစ်ပြီး ယင်းအပြစ်တို့၏ အကြောင်း၊ အကျိုးတို့ကို သိရှိစေလို ရင်းလည်းဖြစ်သည်။

ဦးနုသည် ပြဇာတ်ပါဇာတ်လမ်းကို ယင်းနှင့်နီးစပ်ရာဝန်ကြီး၊ နိုင်ငံရေးလောကကို နောက်ခံထား ဇာတ်လမ်း ဆင်ထားသည်။ အဓိကဇာတ် ကောင်နှစ်ဦးမှာ ပြည်ထဲရေးဝန်ကြီး ဦးဘိုးလုံးနှင့် ကွန်မြူနစ်သင်တန်း ဆရာကြီး ဦးစံလင်းတို့ဖြစ်ပြီး အခြား ဝန်ကြီးကတော်၊ ဝန်ကြီး၏သား၊ ဝန်ကြီး၏ သူငယ်ချင်း၊ စီးပွားရေးသမား စသည့် ဇာတ်ကောင်များနှင့် ပံ့ပိုးဝန်းရံထားသည်။

ပြည်ထဲရေးဝန်ကြီးဖြစ်စ ဦးဘိုးလုံးသည် အပျော်မယားနှင့် စီးပွားရေးသမားတို့၏ ပယောဂကြောင့် အာဏာတွင် ယစ်မူးနေသည်။ ပါးစပ်မှ ကွန်မြူနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး မည်မျှပင်ရေရွတ်နေစေကာမူ လိင် အပျော် အပါး၊ လောင်းကစား၊ မူးယစ်သေစာ တို့တွင်သာ ပျော်မွေ့နေသည်။ ကွန်မြူနစ် ခေါင်းဆောင် ဦးစံလင်းသည် လည်း ကွန်မြူနစ် တော်လှန်ရေးကို ရွတ်ဆိုနေသော်လည်း ဘဝတူရဲဘော်ချင်းအပေါ် စည်းမစောင့် သိက္ခာမဲ့ခြင်း၊ ခေါင်းပုံဖြတ်ခြင်း ၊ အာဏာရှင် ဆန်ဆန်ပြုမူခြင်း တို့သာ တွင်တွင် လုပ်လျက်ရှိသည်။ အယူဝါဒရေးရာများ ကြွေးကြော်နေကြသော်လည်း လက်တွေ့တွင် နိုင်ငံတော်အတွက် အကျိုးရှိရာရှိကြောင်း မဆောင်ရွက်နိုင်ခဲ့ပေ။

ဦးစံလင်း၏ ကွန်မြူနစ်ပါတီ သင်တန်းတွင် ဦးဘိုးလုံး၏သား တက်ရောက်ရာတွင်မူ ပြည်ထဲရေး ဝန်ကြီး၏ သားသည် ကွန်မြူနစ်ဖြစ် လာခဲ့သည်။ ဝန်ကြီးသည်လည်း ရရှိသော အာဏာကိုအလွဲသုံး၍ အတိုက်အခံများ အပေါ် ဖိနှိပ်ရာမှ နာမည်ပျက် စာရင်းဖြင့် ထိုင်ခုံလှုပ်ခဲ့သည်။ နောက်ဆုံးတွင်မူ လောကဓံတရားများအပေါ် အသိတရား ရ၍ ရာထူးအာဏာတို့မှ စွန့်ခွာလိုသော ဦးဘိုးလုံးသည် ဆရာဖြစ်သူ ဦးစံလင်း အဖမ်းဆီးခံရသည် နှင့်ပတ်သက်၍ သားဖြစ်သူ ကိုယ်တိုင်၏ သေနတ် ပစ်ခတ်မှုဖြင့် သေဆုံး ခဲ့ရသည်။

စာရေးဆရာ တစ်ပိုင်း၊ နိုင်ငံရေးသမား တစ်ပိုင်းဖြစ်သော ဦးနုသည် ဤပြဇာတ်ကိုလည်း တစ်စုံတစ်ခုသော နိုင်ငံရေး ဦးတည်ချက်ကို ရည်ရွယ်၍ ရေးသားသည်ဟု ယေဘူယျ ဆိုနိုင်သည်။ ပြဇာတ်ကို ရေးသားပြီး စီးချိန် မြန်မာ့နိုင်ငံရေး မြင်ကွင်းကို တစ်စိတ်တစ်ပိုင်း သရုပ်ဖော်ခြင်း အသွင်လည်းဖြစ်သည်။ ပိုပိုသာသာ သရုပ်ဆောင် ကွက် အချို့ပေါင်းစပ်၍ ထိုခေတ်ထိုကာလ နိုင်ငံရေးလောက၌ ခြေရှုတ်နေကြသော အစိုးရအဖွဲ့ နှင့် အတိုက်အခံ နှစ်ဖက်စလုံးမှ ပုဂ္ဂိုလ် အချို့အား ခပ်စပ်စပ် တို့ထိထားခြင်း ဟုလည်း ဆိုနိုင်သည်။

အတိုက်အခံ နှစ်ဖွဲ့စလုံး၏ နိုင်ငံရေး ယုံကြည်ချက်တစ်ချို့ကိုလည်း ဇာတ်ကောင်များ၏ စကားတွင် ထည့်သွင်း ပြောဆိုစေ ခဲ့သည်။ သို့သော် ထို စကားများဆိုနေသူတို့၏ လုပ်ရပ်မှာ မူအပြောနှင့်အလွဲကြီးလွဲနေပုံကို အစီအစဉ်တကျ ဖန်တီးထည့်သွင်းထားသည်။ ပါးစပ်မှ မည်သို့ပင် ဆိုနေစေကာမူ ဇာတ်ကောင်တို့၏ စိတ် အတွင်းမှ အာဏာ ယစ်မူးစိတ် ညစ်ကျယ်ကျယ်များကိုလည်း တစ်စွန်းတစ်စ ဖော်ထုတ်ထားသည်။ ထိုအချိန်က အာဏာရ ဝန်ကြီးချုပ်တစ်ဦးပီပီ ကွန်မြူနစ်ဝါဒ၏ အန္တရာယ်ကို လည်း ထည့်သွင်းတင်ပြထားသည်။ အထူးသဖြင့် နိုင်ငံရေး လောက၏ စက်ဆုပ်ဖွယ် ပျက်ယွင်းမှုအချို့ကို ပြည်သူလူထုထံ ထုတ်ဖော် တင်ပြ လိုက်ခြင်းဟု ဆိုနိုင်သည်။

ဒီမိုကရေစီ လမ်းလျှောက်နေကြသော နိုင်ငံသားတိုင်း အတွက် အကျိုးမဲ့ပျက်စီးစေသော တရားအချို့ကို မီးမောင်း ထိုးပြခဲ့သည်။ နိုင်ငံအကျိုး မဲ့စေသော အခြားအကြောင်းအရာ များစွာ ရှိနိုင်မည်ဖြစ်သော်လည်း ဦးနုကမူ ဤတရား ၄ ပါးကိုသာထုတ်နှုတ်တင် ပြထားသည်။ ဤသည်မှာလည်း ဦးနု၏ ပင်ကိုယ်အား သန်သော ဘာသာရေး စိတ် အခြေခံနှင့်လည်း ဆိုင်မည်ဟု ယူဆသည်။ ပြဇာတ်တွင် အာဘော်များသာအဓိက တည်ဆောက် ထားပြီး ဇာတ်လမ်း အသွင်မှာမူ အဖြောင့်အတိုင်း ဖြစ်သည်။ အခန်း ၃ ခန်းသာ ပါဝင်သော် လည်း ပြောစကားများဖြင့်သာ ချိတ်ဆက်ထားသဖြင့် အဖတ်ပြဇာတ် တစ်ပုဒ်သာဖြစ်သည်။

ပြည်ထဲရေး ဝန်ကြီးဖြစ်စ ဦးဘိုးလုံးကို တံစိုးလက်ဆောင်နှင့် ဦးစွာ ချဉ်းကပ်လာသူအမည်အား ဦးကြင်စွေ့ဟု ပေးထား သည်မှာ သတိပြု ရယ်ရွှင်ဖွယ်ဖြစ်သည်။ ခေတ်အဆက်ဆက် အကျင့်သီလ၊ စာရိတ္တ ချို့တဲ့သော နိုင်ငံ ခေါင်းဆောင် တာဝန် ယူထားကြသူများအတွက် သတိပေး တပ်လှန့်သော ပြဇာတ်တစ်ပုဒ် လည်း ဖြစ်သည်။ ဒီမိုကရေစီ စနစ်ဟူသည် တရားစောင့်သောသူတို့၏ တိုင်းပြည်တွင်သာ တည်တံ့နိုင် မည်ဖြစ်ကြောင်း ရည်ရွယ် ရေးသားသည်ဟု စာရေးသူ၏ အမှာစကားတွင် ဆိုထားသည်။

မည်သို့ဆိုစေ ဒီမိုကရေစီလမ်း အတွက် အနှောင့်အယှက်အချို့ကို ဦးနုကမီးမောင်းထိုးပြခဲ့သည်။ ခေတ်ဟောင်း တစ်ခုမှ ဝါဒဖြန့်လက်ရာတစ် ခုဆိုသော်လည်း သီလ၊ စာရိတ္တ၊ ပျက်စီးရာ အကြောင်းခံသည် အတူတူချည်းပင်ဖြစ်ကြောင်း သိနိုင်သည်။ လက်ရှိ ခေတ်ကာလမြင်ကွင်းနှင့် နှိုင်းယှဉ် ဆင်ခြင်နိုင်မည်လည်း ဖြစ်သည်။ ဇာတ်ကောင်တို့ ၏ ပြောင်မြောက်သော ပြောစကားများမှတစ်ဆင့် စာရေးသူ၏ ဖန်တီးမှုကို ရရှိခံစားနိုင်မည်လည်း ဖြစ်သည်။

နိုင်ငံရေး စာပေနှစ်သက်သူတို့ ဦးနု၏ ပရိသတ်တို့၏ စာအုပ်စင်တွင် ရှိထိုက်သော ဖတ်ရှုဆင်ခြင်ဖွယ် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်မှာကား သေချာသည်။ ဦးနု၏ သရော်စာကောင်း တစ်ပုဒ်ဟုလည်း ဆိုချင်သည်။

“ဦးဘိုးလုံး။ ။ မင်းမသိဘူးဟ မသိုက်။ ဒီလိုဟာမျိုး မလုပ်တတ်တဲ့ ဝန်ကြီးဟာ ဝန်ကြီးအချင်းချင်းထဲမှာ ခေတ်မမီဘူးဆိုပြီး တယ်အောက်ကျ တယ်ကွ။

ဒေါ်စပ်သိုက်။ ။ တယ်နော်၊ ပါးကြီး ထပ်ရိုက်လိုက်လို့ ခေတ်မမီဘူး ဖြစ်သွားမယ်။”(စာ-၄၃)

ဝဏ္ဏလင်း

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*