ပြည်တွင်းသတင်း — နေပြည်တော်၊ စက်တင်ဘာ ၂၂၊ ၂ဝ၁၂

နိုင်ငံတော် လူဝန်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနမှ ရှေးယခင်က ထုတ်ဝေခဲ့သည့် သုံးခေါက်ချိုး မှတ်ပုံတင် ကတ်ပြားများသည် လက်ရှိ နိုင်ငံတော် အစိုးရမှ ပြန်လည်သိမ်းယူခြင်း၊ ပယ်ဖျက်ခြင်း၊ တရားမဝင်ကြောင်း ကြေညာထားခြင်း မရှိသည့်အတွက် ယင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူများသည် တရားဝင် အသုံးပြုခွင့် ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွန်ကြားရေးမှုချုပ် ဦးမောင်မောင်သန်းက ဆိုသည်။

“သုံးခေါက်ချိုး မှတ်ပုံတင်ကတော့ အမျိုးသား မှတ်ပုံတင်ပေါ့။ အမျိုးသား မှတ်ပုံတင် ဆိုတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ ထဲမှာ နေတဲ့ လူတစ်ယောက် အနေနဲ့ မှတ်ပုံတင်ထားတာ။ အဲဒီကတ်ပြားမှာ စာတမ်းလေး ပါတယ်။ ဒီကတ်ပြားလေးကို ကိုင်ဆောင်ရုံမျှဖြင့် နိုင်ငံသား တစ်ဦး မဖြစ်စေရ ဆိုတဲ့ စာတမ်းလေးရေး ထားတယ်။ အဲဒီကတ်ပြားလေးက နိုင်ငံသား တစ်ဦး လို့ သတ်မှတ်ထားတာ မဟုတ်ဘူး။ မြန်မာနိုင်ငံသား တစ်ဦးပါလို့ သတ်မှတ် ထားတာ မဟုတ်ဘူး”ဟု ဆိုသည်။ လက်ရှိ ကိုင်ဆောင်နေကြသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား နှင့် နှိုင်းယှဉ် ပြောကြားရာတွင် “အခု ကျွန်တော်တို့ ထုတ်ပေးထားတဲ့ ကတ်ပြားမှာကတော့ နိုင်ငံသားအဖြစ် အသိအမှတ်ပြု၊ အရင်တုန်းက နိုင်ငံသားအဖြစ်ကို မပေးခဲ့ဘူး မှတ်ပုံတင်ပဲ ပေးတယ်၊ မှတ်ပုံတင် ထားသူပေါ့။ အခုကြတော့မှ နိုင်ငံသားဆိုတဲ့ ကတ်ကို ပေးတာ၊ အဲဒါက လွန်ခဲ့တဲ့ ၁၉၉ဝ/၉၁ ခုနှစ် ဗိုလ်ချုပ်ကြီး စောမောင် လက်ထက်မှ စတင်ပြီးတော့ ထုတ်ပေးခဲ့တာ။ နိုင်ငံသား အဖြစ် နိုင်ငံသား ဥပဒေမှာ ပါတဲ့အတိုင်း စိစစ်ပြီး ရတဲ့သူကိုမှ ပေးတာ” ဟု ဆိုသည်။

သုံးခေါက်ချိုး မှတ်ပုံတင်တွင် တွေ့ရှိရသည့် အရောင်နှစ်မျိုးနှင့် ပတ်သက် ၍ ပြောကြားရာတွင် “သုံးခေါက်ချိုးမှာ အရောင်နှစ်မျိုး ရှိတယ်။ ပန်းရောင်နဲ့အစိမ်းနုပေါ့။ အဲဒီအရောင်နှစ်ခုက ကျားနဲ့ မကို ခွဲတာ။ အစိမ်းနုက ကျားပေါ့။ ပန်းရောင်က မပေါ့။ အဲဒီလို ခွဲထားတယ်။ သတ်မှတ်ချက်တွေ ကတော့ အတူတူ ပါပဲ။ မြန်မာနိုင်ငံအတွင်း နေထိုင်သူ အဖြစ် မှတ်ပုံတင်ထားတာပေါ့”။ သုံးခေါက်ချိုး မှတ်ပုံတင် တရားဝင် ကိုင်ဆောင်ခွင့် ရှိ မရှိနှင့် ပတ်သက်၍ ယင်းမှ ဆက်လက် ပြောကြား ရာတွင် “သုံးခေါက်ချိုး မှတ်ပုံတင်ကိုလည်း ယခုလက်ရှိ အချိန်အထိ အသုံးပြုလို့ ရပါတယ်၊ တချို့ဆိုရင် နိုင်ငံသား စိစစ်ရေးကတ်ကို အကြောင်း အမျိုးမျိုးကြောင့် မထုတ်ဖြစ်သေးတဲ့ သူတွေ ရှိတယ်။ အဲဒီလူတွေ လည်း သုံးခေါက်ချိုးကိုပဲ ကိုင်ထားရင်လည်း ဘာမှပြဿနာ မရှိဘူး။ နိုင်ငံသား စိစစ်ရေး ကတ်ပြားကို ကိုင်ရင်တော့ နိုင်ငံ သား ဖြစ်သွားတာပေါ့။ သုံးခေါက်ချိုးနဲ့ နိုင်ငံခြားသွားဖို့ ပတ်စ်ပို့တို့ ဘာတို့ လျှောက်ရင်လည်း ရပါတယ်။ လက်ရှိ တရားဝင် ကိုင်ဆောင်လို့ ရပါတယ်။ ပြန်သိမ်းတာ မရှိဘူး။ ဥပဒေ အကြောင်းအရလည်း ဖျက်သိမ်းတာ မရှိသေးပါဘူး”ဟု ဆိုသည်။

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply to Anonymous Cancel reply

Your email address will not be published. Required fields are marked *

*