အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအဖြစ် ရောက်ရှိလာပြီးနောက် လုံးဝ မတို့မထိရသေးတဲ့ ပြဿ နာတွေ ထဲမှာ ဆင်းရဲမွဲတေမှု ပြဿ နာက ထိပ်ဆုံးက ပါပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှကတော့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုပြီး အမျိုးမျိုး ကြွေးကြော် ခဲ့ပေမယ့် ဘာမှ အရာမထင်ခဲ့ပါဘူး။

ဦးသိန်းစိန်ရဲ့ ဆင်းရဲမွဲတေမှု စီမံကိန်းတွေဟာ စက္ကူပေါ်မှာပဲ အလုပ် ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိန်းဂဏန်းတွေအရ ဦးသိန်းစိန် လက်ထက်မှာ စီးပွားရေး တိုးတက်မှုနှုန်းဟာ မြန်နှုန်းမြင့် အနေအထားမှာ ရှိနေတယ် ဆိုတာကိုတော့ မဆိုင်းမတွ လက်ခံရမှာပါ။ ကားအစီးရေ ထောင်နဲ့ချီ တင်သွင်းမှု တွေရှိနေခဲ့တာတောင် ဒေါ်လာဈေးတွေ တစ်ဒေါ်လာကို ကျပ် ၈၀၀ နားအထိ ဆင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ဗရမ်းဗတာ ဆန်နေတာမို့လို့ အဲဒီအရှိန်အဟုန်ကို ဦးသိန်းစိန် တစ်ယောက် လှိုင်းမစီးနိုင်ခဲ့ဘဲ သူ့အာဏာ သက်တမ်း မကုန်ခင်မှပဲ စီးပွားရေး ကမောက်ကမ ဖြစ်စဉ်တွေ ပြန်လည် ဖြစ်ပေါ်လာပါတယ်။

အဲဒီအချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တကြော့ပြန်အဖြစ် ဖိနှိပ်မှုတွေကြားထဲကနေ ရွေးကောက်ပွဲ ဝင်ပြီး အစိုးရဖွဲ့ခွင့် ရသည်အထိ အနိုင်ရခဲ့ပါတယ်။

ကတိတွေအများကြီး မပေးထားပေမယ့် ကတိတွေအများကြီး ပေးသလို သက်ရောက်စေတဲ့ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ စကားလုံးနဲ့ NLD ကို သောင်ပြိုကမ်းပြို မဲပေးကြပါတယ်။

ဆင်းရဲနွမ်းပါးမှုနဲ့ နပမ်းလုံးနေရတဲ့ လူတန်းစားတွေ ဖြစ်တဲ့ အနှေးယာဉ်မောင်း (အရပ်အခေါ် ဆိုက္ကားဆရာ) တွေရဲ့ တက်ကြွမှုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခေါ်ယူတွေ့ဆုံ ချီးကျူးခဲ့ရပါတယ်။

ဒါဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပေါ် ထားရှိတဲ့ အခြေခံ လူတန်းစားတွေရဲ့ မျှော်လင့်ချက် ပြယုဂ် တစ်ခု ဆိုတာ အသေအချာပါပဲ။

ရန်ကုန်မြို့စွန်တွေက ကျူးကျော်အိမ်တွေမှာ နံရံမှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ပြက္ခဒိန်တွေ၊ တံခါးတွေမှာ ကပ်ထားတဲ့ အလံတွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံကြောင်း သာမက သူတို့အပေါ်မှာ မျှော်လင့်တကြီး ရှိနေကြောင်း ပြသတဲ့ အမှတ် တံဆိပ်တွေပါ။

မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေဟာ အရှေ့တောင် အာရှမှာ အနိမ့်ဆုံး အခြေအနေ ရောက်နေပါတယ်။

တစ်နိုင်ငံလုံးရဲ့ ၂၅ ဒသမ ၆ ရာခိုင်နှုန်းဟာ ဆင်းရဲတွင်းထဲ ရောက်နေတယ်ဆိုတာ အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း စာရင်းတွေအရ သိရပါတယ်။ မြန်မာအထက်မှာ ဖိလစ်ပိုင်နဲ့ လာအိုရှိနေပါတယ်။

ကျန်းမာရေး အညွှန်းကိန်းတွေ အရလည်း မြန်မာနိုင်ငံဟာ အောက်ခြေမှာ ကပ်နေပါတယ်။ ဥပမာ ဆိုရမယ် ဆိုလျှင် မွေးဖွားလာတဲ့ ကလေးငယ် ၁၀၀၀ မှာ ၄၁ ဦးနှုန်းဟာ အသက် ၁ နှစ်မပြည့်ခင် သေဆုံးနေရတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး ဖြစ်တဲ့ WHO ရဲ့ အညွှန်းကိန်းတွေ အရ သိရပါတယ်။ အရှေ့တောင် အာရှမှာ လာအိုပြီးရင် အများဆုံး သေဆုံးနေတဲ့ ကိန်းဂဏန်းပါ။

“နေ့စဉ် ကလေးငယ် ၁၀၀ ကနေ ၁၅၀ နှုန်း သေဆုံးနေပါတယ်။ အဲဒီသေဆုံးတဲ့ ကလေးတွေရဲ့ ထက်ဝက်က သူတို့မွေးပြီးတော့ ၂၈ ရက်အတွင်း သေဆုံးသွာတားပါ။ သေသွားတဲ့ ကလေးတွေကို ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေဟာ ကောင်းမွန်တဲ့ ဂရုစိုက်မှုတွေ မရခဲ့ဘူး။ သေသွားတဲ့ ကလေး ထက်ဝက်ကျော်ဟာ ဘယ်လိုမှ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အနေအထားနဲ့ သေသွားတာ” ဟု လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညို သင်းကလည်း ပြီးခဲ့တဲ့လ အတွင်းက ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၄ ပုံ၊ ၃ ပုံဟာ လျှပ်စစ်မီး မရသေးတဲ့ အခြေအနေပါ။ ဒါပေမယ့်လည်း ယနေ့အထိ ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတွေဟာ ၂၄ နာရီ မီးရရှိနေတာတော့ မဟုတ်သေးပါဘူး။

ဒါပေမယ့် ဒါတွေဟာ ခုမှ မဟုတ်ဘဲ စီးပွားရေးဟာ ဦးသိန်းစိန် အစိုးရမတိုင်ခင် အထိ ပုံပျက်ပန်းပျက် ပြိုပျက်နေခဲ့တာ ဆယ်စုနှစ် ၅ စုကျော် ဖြစ်နေပါပြီ။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ တိုးတက်မှုနှုန်း မြန်ဆန်လာတာဟာ ဦးသိန်းစိန် အစိုးရရဲ့ စွမ်းဆောင်ရည် ကြောင့် ဆိုတာထက် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ မျှော်လင့်ချက် အားပိုကောင်းလာစေတဲ့ အပြောင်းအလဲ တွေကြောင့် ဆိုရင်ပိုမှန်ပါတယ်။

ဦးသိန်းစိန် အစိုးရဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အကြိမ်ကြိမ် ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့ ဘာဆို ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်တွင်မူ အရာအားလုံးသည် ပြောင်းလဲသွားမည်ဟု မျှော်လင့်ခဲ့ကြသူ များသည်။

“ကျွန်တော်တို့ ဆိုက္ကား မနင်းရတော့ဘူး။ ချမ်းသာသွားလိမ့်မယ် လို့တော့ မမျှော်လင့်ပါဘူး။ ဆိုက္ကားနင်းရင်းနဲ့ပဲ ထမင်းတွေ နပ်မှန်လာမယ်။ အိမ်လခတွေ မှန်မှန်ပေးလာနိုင်မယ်။ ဒါမှမဟုတ် ပိုကောင်းတဲ့ အလုပ်တစ်ခု လုပ်လာနိုင်မယ်ပေါ့” ဟု တာမွေ၊ သတိပဌာန်လမ်းရှိ ဆိုက္ကားဆရာ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ အဝန်း နေ့စဉ် ထမင်းနှစ်နပ် မစား နိုင်တဲ့သူတွေ ပိုလို့များလာနေပါတယ်။ မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့တဲ့ ကလေးငယ်တွေကို လေ့လာရင် နွမ်းပါးတဲ့ မိသားစုဝင်တွေ ဖြစ်ပြီး ကလေးငါးဦးမှာ တစ်ဦး အာဟာရ ချို့တဲ့နေတာ တွေ့ရှိရတယ်လို့ အသက်မွေး ဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံ ရေး ရန်ပုံငွေ အဖွဲ့ (LIFT) ၏ စစ်တမ်းအရ သိရပါတယ်။

ကလေးတွေရဲ့ အာဟာရချို့တဲ့မှုဟာ ဆင်းရဲနွမ်းပါးမှုတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပြီး ကမ္ဘာ့ဘဏ် (World Bank) ရဲ့ စစ်တမ်းအရ မြန်မာ နိုင်ငံရဲ့ ဆင်းရဲ မွဲတေမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တွေထက် ပိုမြင့်နေတာ တွေ့ရတယ်လို့ Learn အဖွဲ့ အာဟာရနှင့် ပြည်သူ့ ကျန်းမာရေး အတိုင်ပင်ခံ မစ္စဂျနီဖာကာရှင်က ဆိုပါတယ်။

သူ့ထင်မြင်ချက် အရတော့ မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ဆင်းရဲနွမ်းပါး နေတယ်လို့တောင် ဆိုပါတယ်။

လက်ရှိ အချိန်အထိတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း၊ စီးပွားရေး မူဝါဒ စတာတွေကို လေ့လာကြည့်တာမှာ ဆင်းရဲနွမ်းပါးမှုကို ဖြေရှင်းမယ့် တိုက်ရိုက် ကြေညာချက်မျိုး မတွေ့ရသေးပါဘူး။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဝန်ကြီးချုပ်ရဲ့ ရက် ၁၀၀ စီမံကိန်းထဲမှာ ကျူးကျော်တွေကို အလုပ်အကိုင်တွေရော နေအိမ်တွေပါ ပေးနိုင်မယ်လို့ ပြောခဲ့ပေမယ့် ခုတော့ သင်္ကြန် အမြောက် ဖြစ်သွားခဲ့ပါတယ်။ မေလကုန်ပိုင်းက သတင်း မီဒီယာတွေကို ဖိတ်ခေါ်ပြီး ကျူးကျော် အစစ်အမှန်များကို ကူညီပံ့ပိုးပေးမယ်လို့ ပြောခဲ့ပေမယ့် ခုအထိတော့ အရာမထင်သေးပါဘူး။

တန်ဖိုးနည်း အိမ်ရာတွေကို သိန်း ၁၀၀ ၀န်းကျင်နဲ့ အရစ်ကျ ရောင်းချပေးပေမယ့်လည်း အမှန်တကယ်တမ်းတော့ ဝယ်ယူနေဖို့ ခက်ခဲနေတုန်းပါ။
“မြို့စွန်က အိမ်ရာကို ကျွန်မက အရစ်ကျ ဝယ်ဖို့ ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်း မတတ်နိုင်ပါဘူး။ တတ်နိုင်ခဲ့ရင်တောင် လမ်းစရိတ်လို စရိတ်စကတွေ မြင့်တက်လာမှာမို့လို့ လစဉ် အရစ်ကျပေးဖို့လည်း မဖြစ်နိုင်ဘူး။ ဒါကြောင့် မဝယ်တာပါ” ဟု ရန်ကုန မြို့လယ်ကောင်တွင် အိမ်ငှား နေထိုင်နေသည့် အလယ်တန်းပြ ဆရာမတစ်ဦးက ဆိုပါတယ်။

ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များမှာ ပါဝင်တဲ့
(၁) အလွန်အမင်း ဆင်းရဲမွဲ တေမှုနှင့် ငတ်မွတ်ခေါင်းပါးမှု လျှော့ချရေး၊
(၂) ကမ္ဘာတစ်ဝန်း မူလတန်းရွယ် ကလေးငယ်တိုင်း ပညာသင်ခွင့်ရရေး၊
(၃) လိင်ခွဲခြား ဆက်ဆံမှု ပပျောက်ရေးနှင့် အမျိုးသမီးဘဝ မြှင့်တင် ပေးရေး၊
(၄) ကလေးငယ်များ သေဆုံးနှုန်း လျှော့ချရေး၊
(၅) မိခင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုပေးနိုင်ရေး၊
(၆) အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် ငှက်ဖျား၊ တီဘီ အခြား ရောဂါဆိုးကြီးများ တိုက်ဖျက်ရေး၊
(၇) သဘာဝကျော်လွန်တဲ့ ထုတ်ယူအသုံးချရေးနှင့် ပြန်လည် ပြည့်ဖြိုးမြဲ သဘာဝ ပတ်ဝန်းကျင်ကောင်း ထိန်းသိမ်းရေး၊
(၈) ဖွံ့ဖြိုးတိုး တက်မှု ဖော်ဆောင်ရေးအတွက် ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက်မှုကောင်းများ ထူထောင်ရေး
ဆိုတဲ့ ရည် မှန်းချက်တွေနဲ့ မြန်မာနိုင်ငံဟာ အလှမ်းဝေးနေတုန်းပါပဲ။

ထိပ်ဆုံးတစ်ချက်ဖြစ်တဲ့ အလွန်အမင်း ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု လျော့ချရေးဟာ အလှမ်းဝေးနေတုန်းပါပဲ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် လက်ထက် ပြီးခဲ့တဲ့ ၆ လအတွင်း မျှော်မှန်းသလောက် တိုးတက်မှုတွေ မရှိခဲ့တာကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံခဲ့ပါတယ်။

နေပြည်တော်မှာ အောက်တိုဘာ ၂၂ ရက်နံနက်ပိုင်းက ပြုလုပ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဖွံ့ဖြိုးမှု မိတ်ဖက်တွေ တွေ့ဆုံပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ကျွန်မတို့ မျှော်မှန်းသလောက် ပထမ ၆ လမှာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် တိုးတက်ခဲ့တာ မရှိဘူးလို့ ကျွန်မ ပွင့်ပွင့်လင်းလင်းနဲ့ ဝန်ခံပါတယ်။ ဒီလိုမတိုးတက်တဲ့ အကြောင်းတွေက တော်တော်များများ ရှိခဲ့ပါတယ် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဲဒီဆွေးနွေးပွဲဟာ မူဝါဒတွေကို ရှင်းလင်းတင်ပြတဲ့ ပွဲထက်စာရင် စိတ်ဓာတ်ခွန်အားပေးတဲ့ ပွဲမျိုးဆန်ဆန်ပဲ ဖြစ်ခဲ့ပါတယ်။

“ကျွန်မတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အဓိကအချက်က ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ အရည်အချင်း တန်ဖိုး မြှင့်တင်ရေးပဲ။ အဲဒါမှသာ ကျွန်မတို့ဟာ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတဲ့ စီးပွားရေး စနစ်တစ်ခုကို ထူထောင်နိုင်မှာပါ။ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေရဲ့ အရည်အချင်းကို အားကိုးတဲ့ စနစ်မှသာ ရေရှည် တည်တံ့ခိုင်မြဲမယ်လို့ ကျွန်မခေါင်းထဲ ရောက်လာပါတယ်” လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဒီအခမ်းအနားဟာ စီးပွားရေးကို ပြန်လည် အာရုံစိုက်တော့မယ့် လက္ခဏာလို့ အားလုံးက မျှော်လင့်နေဆဲမှာပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ သိသိသာသာ ဆက်လက် ယိုယွင်း လာပါတော့တယ်။

စံချိန်တင် ငွေကြေးဖောင်းပွနှုန်း ဖြစ်တဲ့ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၄၃၀ ကျော်ကို ၂၀၁၆ ခုနှစ် မကုန်ခင်မှာပဲ ရောက်ရှိသွားပါတယ်။ ဒါဟာ လွပ်လပ်ပြီးခေတ် မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ငွေကြေးဖောင်းပွနှုန်း လည်း ဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုတွေကို အာရုံစိုက်နိုင်ဖို့ နေနေသာ အစိုးရဟာ စီးပွားရေး ဖွံ့ဖြိုးမှု ကျဆင်း လာတာကိုတောင် ပြန်လည် မကုစားနိုင်ခဲ့ သေးပါဘူး။
နယ်စပ်က စစ်ပွဲတွေက ကုန်သွယ်မှု ကိန်းဂဏန်းတွေကို အနှုတ်လက္ခဏာ ဆောင်နေစေပါတယ်။ ရခိုင်ကိစ္စလို၊ ပြည်တွင်းစစ်လို ကိစ္စတွေက ရင်းနှီးမြှုပ်နှံသူတွေကို တွန့်ဆုတ် နေစေပါတယ်။

၂၀၁၇ ခုနှစ်ထဲ ချည်းနင်း ဝင်ရောက်လာချိန်မှာ ယိုင်နဲ့နေတဲ့ စီးပွားရေးကို ပြန်လည် ဖွံ့ဖြိုးလာအောင် လုပ်နိုင်မလား ဆိုတာက မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

နာမည်ကျော် နိုင်ငံတကာ သုတေသန အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရိုလင်ဘာဂျာက မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်သူတွေရဲ့ ၇၃ ရာခိုင်နှုန်းက စီးပွားရေး အခြေအနေ တိုးတက်လာမယ်လို့ မျှော်လင့် ထားကြတယ်လို့ စစ်တမ်းရလဒ် တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

စစ်တမ်းမှာ ဖြေဆိုသူ ၇၃ရာခိုင်နှုန်းက စီးပွှားရေး အခြေအနေ တစ်ခုလုံး ပိုမို ကောင်းမွန်လာမယ်လို့ မျှော်လင့်ထားပြီး ၉၂ ရာခိုင်နှုန်း သော ဖြေဆိုသူတွေက သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို လာမယ့်နှစ်တွေမှာ ချဲ့ထွင်ဖို့ ရည်မှန်းထားတယ်လို့ အဲဒီ ရိုလင်ဘာဂျာ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံအတွင်းက စီးပွားရေး လုပ်ငန်းတွေရဲ့ ထိပ်တန်း အဆင့်ရှိသူတွေ အတွက် အဓိက မေးခွန်းက အစိုးရရဲ့ မူဝါဒပါ။

ရင်းနှီးမြှပ်နှံမှု ဥပဒေအသစ်လို အရေးပါတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက် ပြီးတာကို လက်ခံရမှာ ဆိုပေမယ့် စီးပွှားရေးရဲ့ အဓိက ကဏ္ဍများအတွက် လွှမ်းခြုံနိုင်မယ့် အစီအစဉ်ဟာ ပျောက်ကွယ်နေပါတယ်” ဟု ရိုလင်ဘာဂျာမှ စီနီယာပါတနာ Damien Dujacquier က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး အစီအစဉ် သစ်တွေဟာ စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြှပ်နှံမှု စီမံချက်တွေအတွက် သတ်သတ် မှတ်မှတ်ဖြစ်ဖို့ လိုသလိုပဲ အစိုးရ အပြောင်းအလဲကြောင့် စီးပွားရေး ပိတ်ဆို့မှုတွေကို ပယ်ဖျက်လိုက်ချိန်တွင် ဖြစ်လာသော သဘောထား အမြင်ကောင်းများ အပေါ် အလဟသ မဖြစ်ခင် လျင်လျင်မြန်မြန် အခွင့်အရေးယူနိုင်ဖို့ လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။

စီးပွားရေး လုပ်ငန်းများရဲ့ ဦးဆောင်မှု အဆင့်မှာ ပါဝင်ဆောင်ရွက်နေတဲ့သူ ၂၀၀ လောက်ကို ရိုလင်ဘာဂျာက ၂၀၁၆ ခုနှစ်၊ သြဂုတ်နှင့် စက်တင်ဘာလ အတွှင်း စစ်တမ်း ကောက်ယူခဲ့ပြီး ပါဝင်သူတွေကို အရွယ် အစားစုံ ကုမ္ပဏီတွေကနေ ရွေးချယ်ခြင်းနဲ့ ၎င်းတို့ကြုံတွေ့ လာနိုင်တဲ့ အခွင့်အလမ်းနှင့် စိန်ခေါ်မှုတွေကို သိရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တမ်း ဖြေဆိုသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ကုမ္ပဏီပိုင်ရှင်၊ ဒါရိုက်တာ၊ အမှုဆောင်အရာရှိ သို့မဟုတ် မန်နေဂျာတွေ ဖြစ်ပြီး တယ်လီဖုန်း ဆက်သွှယ်ရေး၊ မီဒီယာ၊ နည်းပညာ၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ ရောင်းဝယ်ရေး၊ လူသုံးကုန် ပစ္စည်း၊ ဓာတုဗေဒ ပစ္စည်းရောင်းဝယ်ရေး၊ လက်လီ ရောင်းဝယ်ရေး၊ ဘဏ်နှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ထိပ်တန်းအဆင့် လုပ်ကိုင် နေသူတွေရဲ့ အမြင်တွေလို့ ရိုလင်ဘာဂျာက စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဆုတ်ယုတ်နေတဲ့ နိုင်ငံစီးပွားရေး အခြေအနေအပေါ်မှာ ပြည်သူလူထုက အကောင်းမြင် မျှော်လင့်ချက် ရှိနေသေးတယ် ဆိုတာကို ရိုလင်ဘာဂျာ စစ်တမ်းက ဖော်ပြနေတာပါ။

“ခုမှ ၉ လပဲရှိပါသေးတယ်”

“အားမရတာတော့ အမှန်ပဲ”

“ဒါပေမယ့် အရင်ထက်တော့ ပိုကောင်းလာတယ်။”

အောက်ခြေ လူတန်းစားလို့ ခေါ်ရမယ့် ဈေးသည်အချို့၊ အငှားယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်၊ လယ်ပိုင်မရှိတဲ့ ဘောက်လုပ်သူ ကျေးရွာသား အချို့ကို အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေ အပေါ် မေးခွန်းထုတ်ရာမှာ အများစု ဖြေကြားမှုတွေပါ။

မြန်မာနိုင်ငံက နိုင်ငံသားတွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ တစ်နပ်စာ အစားအသောက် အတွက် ကျပ် ၇၅၀ လောက်ပဲ သုံးစွဲနေရပါတယ်။

အချို့ဆိုရင်တော့ ၂ နပ်လုံးစာအတွက် သုံးစွဲနေရတာပါ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကိုလည်း မိသားစု ဝင်ငွေအတွက် အိမ်အကူလို လုပ်ငန်းမျိုးတွေ လုပ်ကိုင်ထားရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကဆိုရင် အရွယ်မရောက်သေးတဲ့ သမီးငယ်ကို အကြွေးဆပ်ဖို့ အတွက် အိမ်အကူအဖြစ် ပို့ထားရင်း သမီးငယ်ဟာ အိမ်ရှင်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို အကြိမ်ကြိမ် ခံခဲ့ရတဲ့ အမှုကို မိခင်တစ်ယောက်က ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာ ၁၇ ရက်မှာပဲ ရန်ကုန်မြို့ နာနတ်တောလမ်းက Myanmar NGO Network ရုံးခန်းမှာ မီဒီယာတွေကို ရင်ဖွင့် ပြောပြခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကြောင့် နေအိမ်ကို ပြန်ချင်ပေမယ့် မိခင်ကြောင့် မပြန်နိုင်ဘဲ အဲဒီအိမ်ကနေ ထွက်ပြေး ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တာပါ။

“ပြန်မယ်ချည်းပဲ ပြောနေတာ။ မနေချင်ဘူး။ ဒီအိမ်မှာ မနေချင်ဘူးလို့ ပြောနေတာ။ မကြီးက မနေချင်လည်း နေပါ သမီးလေးရယ်။ အမေ့မှာ အကြွေးလေးတွေ ရှိတယ်။ အကြွေးကြေရင် အမေလာခေါ်မယ်လို့ ပြောခဲ့တာ” လို့ သူရဲ့ မိခင်က မီဒီယာတွေရှေ့မှာ ကြေကွဲ ဝမ်းနည်းစွာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်ဟာ မေ့လျော့နေဟန်တော့ မတူပါဘူး။
တစ်နိုင်ငံလုံး တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးဖို့အတွက် ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကို ဦးစားပေး ဆောင်ရွက်နေတယ်လို့ မြင်နေရပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာ နိုင်ငံသားတွေဟာ ဆင်းရဲတွင်း နွံနစ်ရင်းနဲ့ မျှော်လင့်ချက်တွေမဲ့ လာမယ့် အခြေအနေ အထိတော့ အာရုံ မစိုက် လျစ်လျူရှု မထားသင့်ဘူးလို့ နိုင်ငံရေး ဘောဂပညာရှင် တစ်ဦးက ဆိုပါတယ်။

“အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ စီးပွားရေးကို အာရုံမစိုက်ဘဲ နိုင်ငံတည်ငြိမ်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေလို့ အောင်မြင်မှာ မဟုတ်ဘူး။ နှစ်ခုကို တပြိုင်တည်း ချိန်ခွင်လျှာ ညှိလုပ်ဖို့လိုတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးက ဒင်္ဂါးပြားတစ်ချပ်ရဲ့ ခေါင်းနဲ့ပန်းပါ။ တစ်ခုဆီ လုပ်နေလို့ မရဘူး” လို့ သူက ဝေဖန်ပါတယ်။

လက်ရှိတောင်မှ တချို့တချို့သူတွေ ဘယ်အစိုးရ တက်တက် ငါတို့အတွက် မထူးပါဘူးဆိုတဲ့ အတွေးတွေ ရောက်နေပါတယ်။ ဒါဟာ မျှော်လင့်ချက်တွေ သေဆုံးလာတဲ့ လက္ခဏာပါပဲ။ အစိုးရသစ် အနေနဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက် မီးအိမ်တွေကို ဆက်လက် ထွန်းညှိနေဖို့ လိုပါတယ်။

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *


*