ဆောင်းပါး — မတ် ၁၅၊ ၂ဝ၁၃

(ICAN လို့ အတိုကောက်ခေါ်တဲ့ Institute for Career Advancement Needs က ၂ဝ၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့ တဲ့ အမျိုးသမီးများ၏ ခေါင်းဆောင်မှု ညီလာခံမှာ အဲလိဇဘတ် ဂေးလ်ဘာ့တ် ဟောပြောခဲ့တာလေး ကို ကောက်နုတ် ဖြတ်တောက်ပြီး ဆီလျော်အောင် ပြန်ဆို လိုက်ခြင်း ဖြစ်ပါတယ်။ မတ် ၈ ရက်မှာ ကျရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အနေနဲ့ ပြန်ဆိုရေးသားခြင်း ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေနဲ့ ကျွန်မတို့ရဲ့ လက်ရှိ အခြေအနေ အလွန်အမင်း ကွာခြားပေမယ့် အကျိုးရှိတာလေးတွေ ပါမယ်လို့ မျှော်လင့်ပါတယ်။

အဲလိဇဘတ် ဂေးလ်ဘာ့တ်က အမေရိကန် နိုင်ငံက ထင်ရှားတဲ့ အမျိုးသမီး စာရေးဆရာမတစ်ဦး ဖြစ်ပါတယ်။  ဂျူလီယာ ရောဘတ်နဲ့ ရုပ်ရှင် ရိုက်ကူးခဲ့တဲ့ Eat Pray Love ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပါတယ်။ Coyote Ugly ရုပ်ရှင် ကလည်း သူမရဲ့ အရက်ဆိုင် ဝန်ထမ်းဘဝ အတွေ့အကြုံကို ရေးခဲ့တဲ့ ဆောင်းပါး ကလေးကို အခြေခံခဲ့ခြင်း ဖြစ်ပါတယ်။)

ကျွန်မ ရေးသားခဲ့တဲ့ Eat Pray Love အောင်မြင်ခဲ့တဲ့အတွက်၊ အဲဒီ စာအုပ်က ကိုယ့်ကိုယ်ကို ရှာဖွေ တွေ့ ရှိခြင်းဆိုတဲ့ ခရီးစဉ်အကြောင်း ဖြစ်တဲ့ အတွက်၊ အဲဒီစာအုပ်က ပျော်စရာနဲ့ ဇာတ်သိမ်းခဲ့တဲ့အတွက်၊ လူအများက ကျွန်မရဲ့ဘဝကို ကျွန်မကိုယ်တိုင် ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်းရှိသူလို့  ထင်မှတ်မှားနေကြ ပါတယ်။

လူတွေက ဘာကြောင့် ဒါကို အမှန်လို့ အလွန်အမင်း ဖြစ်စေချင်ကြသလဲ ဆိုတော့ အဲဒီလိုလူမျိုးကို တွေ့ခဲ့ရင် တစ်ချိန်ချိန်မှာ သူတို့ဟာလည်း သူတို့ ဘဝကို ကောင်းမွန်စွာ ထိန်းချုပ် နိုင်စွမ်းရှိသူတွေ ဖြစ်ကြလိမ့်မယ်လို့ အထင်ရှိလို့ပါပဲ။ ဘဝက ကိန်းဂဏန်း ပဟေဠိ အပိုင်းအစတွေလို ခံစားရတဲ့အခါ အဲဒီ ပဟေဠိတွေ ကို တစ် ယောက်ယောက်က အဖြေတွေ့သွားခဲ့ပြီး အဆင်ပြေသွားတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်မတို့လည်း အဲဒီလို ဖြစ်နိုင်မယ်လို့ ယုံကြည်ချင် ကြတယ်။ အဲဒီလို အဖြေရှာတွေ့သွားပြီး နောက်ပိုင်းမှာ အရာရာက အနှစ် သာရနဲ့ ပြည့်ဝသွားမယ် မဟုတ်လား။ လူတွေက သူတို့ဘဝကို ကျွန်မက ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိအောင် အကူအညီ ပေးနိုင်မယ့်သူလို့ မြင်ကြတယ်။ အဲဒါက ပိုပြီးတော့ စိတ်မကောင်းစရာ ကောင်းတဲ့ လွဲချော်နေတဲ့ အမြင် ဖြစ်ပါတယ်။

တစ်ရက်မှာ ကျွန်မကို စာအုပ် လက်မှတ်ထိုးပေးဖို့ တန်းစီနေကြတဲ့ လူတန်းထဲက အမျိုးသမီးတစ်ယောက်  ကျွန်မ နားကို ရောက်လာပါတယ်။

သူမက အဲဒီနေ့မှာ သူမရဲ့ အရူးသွပ်ဆုံး မျက်နှာကို မျက်နှာမှာ တပ်ဆင်ပြီး ရောက်လာခဲ့တဲ့သူလို့ ကျွန်မ မြင်ပါတယ်။ သူမက အခုလို ပြောပါတယ်။ “ကျွန်မ ရှင့်အချိန် နည်းနည်းလေး ယူပါရစေ။ ကျွန်မ ရှင့်အချိန်တွေကို မဖြုန်းချင် ပါဘူး။ ကျွန်မရှင့်ကို စိတ်မသက်မသာ ဖြစ်အောင် မလုပ် ပါဘူး။ ကျွန်မမေးခွန်းလေးတစ်ခုကို ပဲ အလွန်မြန်မြန်ဆန်ဆန် မေးချင် တာပါ” ဒီတော့ ကျွန်မက “ကောင်းပြီလေ။ မေးပါ” လို့ ပြောလိုက်ပါတယ်။ အဲဒီတော့ သူမက ကျွန်မကို “ကျွန်မ.. ကျွန်မရဲ့ယောကျာ်းနဲ့ ကွာရှင်းလိုက်ရမလား” လို့ မေးပါတယ်။ တကယ့်ကို အဲဒီလိုပဲမေးတာပါ။ ကျွန်မရဲ့ စိတ်ထဲက တကယ်လို့များ ကျွန်မက သူ့ကို အာဏာရှင် တစ်ယောက်ရဲ့ လေသံနဲ့ “ကောင်းတယ်။ ကွာရှင်းလိုက်” ဒါမှမဟုတ်ရင် “မလုပ်သင့်ဘူး၊ မကွာရှင်းနဲ့”လို့ ပြောလိုက်ရင် ဘယ်လိုများ ဖြစ်သွားမလဲလို့ စဉ်းစားမိပါတယ်။ ဒီလိုအခြေအနေလေး တစ်ခုမှာ ကျွန်မ သူ့ကို အကောင်းဆုံး ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားမိပါတယ်။ ကျွန်မ သူ့လက်ကိုဆုပ်ကိုင်ပြီး “ဒီအခြေအနေကို ရှင် ၁ဝ စက္ကန့်လောက် ကလေး အချိန်ယူပြီး တွေးကြည့်မယ် ဆိုရင်တောင် ကျွန်မဘာလို့ ဒီအဖြေကို မပေးနိုင်သလဲ ဆိုတာ ရှင် သိပါလိမ့် မယ်” လို့ ပြောလိုက်ပါတယ်။  သူက မျက်စိစုံမှိတ်ပြီး ၁ဝ စက္ကန့်လောက် စဉ်းစားလိုက် ပါတယ်။ သူ မျက်လုံး ပြန်ဖွင့်ချိန်မှာ “အိုး… ဟုတ်တာပေါ့။ ရှင်က ဒီဇာတ်လမ်းက ဇာတ်ကောင် တစ်ကောင် ကိုမှ မသိတာ” လို့ ပြောပါတယ်။ “ဟုတ်ပါတယ်။ ကျွန်မ ဒီ ဇာတ်လမ်းက ဇာတ်ကောင်တစ်ယောက် ကိုမှ မသိပါဘူး။ တကယ်လို့ သိတယ် ဆိုရင်တောင်မှ ကျွန်မက ဒီမေးခွန်းရဲ့အဖြေကို ရှင့်အတွက် ဖြေမပေးနိုင်ပါ ဘူး။ ရှင်ရဲ့အနီးကပ်ဆုံး တိုးတိုးဖော် ဖြစ်တယ် ဆိုရင် ဒါမှမဟုတ် ရှင့်ရဲ့ ညီမ/အစ်မတစ်ဦး ဖြစ်တယ်ဆိုရင် တောင် ကျွန်မ ဒီမေးခွန်းကို ရှင့်အတွက် ဖြေပေးနိုင်မှာ မဟုတ်ပါဘူး” လို့ ပြန်ပြောလိုက်ပါတယ်။

အဲဒီအချိန်မှာ သူ့မျက်နှာမှာ ရှိနေတဲ့ ရူးသွပ်မှုတွေပျော်ကျသွားပြီး အဲဒီ အောက်မှာရှိနေတဲ့ သူ့ရဲ့မျက်နှာအစစ် အမှန်ကို ကျွန်မ စတင်မြင်တွေ့ရပါ တယ်။ အဲဒီမျက်နှာက အနည်းဆုံး ၆ လလောက် အိပ်ထားပုံ မရတဲ့သူ ဆိုတာ ကိုဖော်ပြနေပါတယ်။ အလွန်ကို အင်အား ကုန်ခမ်းပြီး လမ်းပျောက်နေတဲ့ မျက်နှာပါ။ ရှိသမျှ စွမ်းအင် တွေ ဆုတ်ယုတ်နေပြီး ဒီနေ့မှာ ဒီအဖြေကိုရဖို့ သူ့မှာရှိသမျှ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ် ပိုင်ခွင့်တွေအားလုံးကို တစ်ယောက်ယောက်ကို အလွန်အမင်း အပ်နှင်းချင် သူတစ်ယောက်ရဲ့မျက်နှာပါ။

အကျဉ်းအကျပ်ဒါမှမဟုတ် ဂရိ ဘာသာစကားနဲ့ ဒိုင်လမ်းမား (Dilemma) လို့ ခေါ်တဲ့ အခြေအနေကို ရောက်နေတာပါ။ Dilemma  ရဲ့ အဓိပ္ပာယ်က “သင့်မှာ ရွေးစရာနှစ်ခုဖြစ်နေတဲ့ အခြေအနေ၊ ရွေးစရာ နှစ်ခုစလုံးကလည်း ဘာကိုရွေးရွေး တန်းတူညီမျှ အလွန်ကို ဆိုးရွားမယ့် အနေအထား” ဖြစ်ပါတယ်။

ဒီလိုအခြေအနေကို ဖြတ်သန်းသွားဖို့ သူ့မှာ နည်းလမ်း ရှာမရသေးဘူးဆိုတာ မြင်သာထင်ရှားပါတယ်။ ဒီမျက်နှာကို တွေ့ တဲ့ ကျွန်မ သူ့ကို အလွန် စာနာ ကရုဏာ သက်မိပါတယ်။ ကျွန်မကိုယ်တိုင်ရဲ့ အဲဒီလိုမျက်နှာမျိုးကို ကျွန်မ မြင်ဖူးခဲ့ပါတယ်။

လမ်းပျောက်နေတဲ့ အနေအထား ကနေ လမ်းကြောင်းပေါ် ပြန်တင်ပေး နိုင်မယ့် တစ်စုံတစ်ယောက်ကို အလွန်  အမင်း တောင့်တနေတဲ့ အနေအထားပါ။

ဒါပေမယ့် ဒါကို သူ့အတွက် ကျွန်မ လုပ်ပေးလို့မရပါဘူး။

သူ့လက်ကို ဆုတ်ကိုင်ပြီး ကျွန်မ “ရှင်ရောက်နေတဲ့ နေရာကို ကျွန်မ ဖြတ်သန်းခဲ့ဖူးပါတယ်။ ကျွန်မက အခု အခြား တစ်ဖက်ကို ရောက်နေခဲ့ပါပြီ။ ရှင့်လမ်းကို ရှင်ရှာတွေ့မှာပါ” လို့ ပြောရင်း နှုတ်ဆက်လိုက်ရပါတယ်။ ကျွန်မ အဲဒီ ဆုံးဖြတ်ချက်ချလို့ မရတဲ့ ကြောက်စရာ ကောင်းလှတဲ့ အချိန်ကာလ လေးတွေ အကြောင်းကို တွေးနေ မိပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အဲဒီ လိုအချိန်ကာလလေးတွေကို ကျွန်မတို့ အားလုံးရဲ့ဘဝမှာ တွေ့ကြုံကြရပါလိမ့် မယ်။ ကျွန်မတို့ရဲ့ ဒီကနေ့ အခြေအနေ က ရွေးစရာတွေများပြီး ရွေးချယ်ရခက်တဲ့ အနေအထားကို ရောက်နေစေခဲ့တာပါ။ ကျွန်မတို့ အိမ်ထောင်ရေး၊ ဘဝ၊ အသက်မွေးမှု ကိစ္စတွေ မပြောနဲ့။ ကုန်စုံဆိုင်က ချွေးနံ့ပျောက်ဆေး နေရာကလေးကိုပဲ ကြည့်လိုက် ကျွန်မတို့ ဘာရွေးရမှန်းမသိအောင် များပြားတဲ့ အနေအထားနဲ့တွေ့ပြီး ဆုံးဖြတ်ရခက်ခြင်းကို ကြုံရပါမယ်။ အမျိုး ၁၈ဝ သော ချွေးနံ့ပျောက်ဆေးတွေထဲက ဘယ် တစ်ခုက ကျွန်မကို စိတ်ကျေနပ်မှုနဲ့ ပျော်ရွင်မှုပေးနိုင်မယ်ဆိုတာ ကျွန်မ မသိပါဘူး။

လက်ရှိ ကျွန်မတို့ အမျိုးသမီးဖြစ်ခြင်း ဆိုတဲ့ အနေအထားက သမိုင်းကြောင်း ကာလရဲ့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ အနေအထားမှာ ရှိနေပါတယ်။

အဲဒီအနေအထားက အရင်က မရှိခဲ့ဖူးတဲ့ လူမှုရေးသိပ္ပံရဲ့ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ရခြင်းပါ။ အဲဒီ စမ်းသပ်မှုက “တကယ်လို့ အမျိုးသမီးတွေကို ကိုယ်ပိုင်ဆုံးဖြတ်နိုင် တဲ့လွတ်လပ်ခွင့်ကို ပေးလိုက်ရင် စာတတ်ခြင်းနဲ့ ပညာတတ်ခြင်းကို ပေးလိုက်ရင်၊ ဥပဒေအရ ကာကွယ်မှုတွေ ပေးလိုက်ရင်၊ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး တွေပေးလိုက်ရင်၊ သူတို့ရဲ့ကိုယ်ပိုင် ဝင်ငွေကို လက်လှမ်းမီခွင့်ပေးလိုက်ရင်၊ အခွင့်အရေး၊ ပါဝါနဲ့ အခွင့်အလမ်းတွေ ပေးလိုက်ရင်၊ အမျိုးသမီးတွေ ဘယ်တုန်းကမှ မရရှိခဲ့ဖူးတဲ့ အရာတွေကို ပေးလိုက်ရင် ဘာတွေ ဖြစ်မလဲ” ဆိုတာပါပဲ။ အဲဒါတွေကို ကျွန်မတို့ ရုတ်တရက် ရရှိခဲ့ကြပါတယ်။ လှောင်အိမ်ထဲမှာ ကြီးပြင်း လာခဲ့ကြတဲ့ ချင်ပန်ဇီတွေကို တောအုပ်ထဲ လွှတ်လိုက်သလိုပါပဲ။

အဲဒါက ခက်ခဲပါတယ်။ ကျွန်မတို့က အမျိုးသားတွေထက်ကို ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မ တို့မှာ သူတို့လို နှစ်ထောင်ပေါင်း  များစွာကတည်းက ရှိခဲ့တဲ့ မော့်ကြည့်စရာ စံပြပုဂ္ဂိုလ်တွေ မရှိကြလို့ပါ။ ကိုယ်ပိုင် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပြီး အမှီ အခိုကင်းတဲ့ စာတတ်၊ ပညာတတ်သူတွေ၊ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းရှိတဲ့သူတွေ အမျိုးသမီးတွေထဲမှာ မရှိခဲ့ကြပါဘူး။

ကျွန်မအဖွားရဲ့ဘဝကို ကျွန်မနဲ့ နှိုင်းယှဉ်ပြီး ကြည့်လို့မရသလို ကျွန်မ အမေရဲ့ဘဝနဲ့လည်း နှိုင်းယှဉ်လို့ မရပါဘူး။ ကျွန်မရဲ့ဘဝက သူတို့ဘဝနဲ့ လုံးဝကို ကွာခြားနေပါတယ်။ အခြားသတ္တဝါ တစ်မျိုးက ပေါက်ဖွား ဆင်းသက်လာသလိုကို ကွာခြားနေခဲ့တာပါ။

ကျွန်မရဲ့အဖွားက ယနေ့အချိန် အထိ သက်ရှိထင်ရှားရှိဆဲပါ။ သူက အံ့ဩစရာကောင်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ၉၈ နှစ်ရှိပြီး သူ့ အမည်က မာ့အိုဆန်ဖြစ်ပါတယ်။ သူ့ ရဲ့ဖြစ်တည်မှုက အလွန်ကိုခက်ခဲကြမ်းတမ်း ပါတယ်။ သူ့မှာ ကလေး ၇ ယောက်ရှိခဲ့ပြီး သူဟာ အဲဒီထက်တောင် ကိုယ်ဝန်တွေ အများကြီး ပိုဆောင်ခဲ့ရပုံ ရပါတယ်။ သူက ဆင်းရဲတယ်။ ရုန်းကန်ရတယ်။ သူ့ဘဝက အဲဒီအချိန်က သူ့အနားမှာရှိနေတဲ့ အခြား အမျိုးသမီးတွေရဲ့ ဘဝနဲ့အတူတူပါပဲ။ သူ့ဘဝက ကျွန်မ ဘဝထက် အလွန့်အလွန်ကို ခက်ခဲတယ်ဆိုတာ ကျွန်မတို့ ပုံစံမျိုးစုံနဲ့ ပြောဖြစ်ခဲ့ကြပါတယ်။ တစ်ခု လေးက လွဲလို့ပါ။ သူက စိတ်ရောဂါ ဖြစ်လုနီးပါး အနေအထား တွေကို မခံစားရပါဘူး။ မနက် ၃ နာရီမှာနိုးလာပြီး ဘော်စတွန်မြို့ကိုရွှေ့ပြီး အနုပညာကျောင်း တက်ရမလားလို့ သူမစဉ်းစားပါဘူး။ သူ ဘွဲ့လွန် ထပ်တက်ရမလား။ ကလေး ယူရမလား။ အိမ်ထောင်သည် ဘဝနဲ့ ဆက်နေရ မလား။ အဲဒါတွေကို သူ စဉ်းစားလည်း မထူးပါဘူး။သူက အလွန်ကို ကျဉ်းမြောင်း၊ မာကျောတဲ့ ရွေးစရာ မရှိခြင်း ဆိုတဲ့ နံရံနှစ်ခုကြားထဲမှာ နေခဲ့ရတာပါ။ သူ အခက်အခဲပေါင်း စုံကို ခံစားရပေမယ့် သူ မခံစားရတဲ့ တစ်ခုက သူချခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ရဲ့လားဆိုတာကို ပြန်တွေးနေရမယ့် အခက်အခဲပါပဲ။

အဲဒါက ကျွန်မရဲ့ နေ့စဉ်ဘဝမှာ ကြုံနေရတဲ့ အခက်အခဲပါ။ သူက နံရံကျဉ်းကျဉ်းလေးထဲမှာ နေရပြီး ကျွန်မက ဝင်္ကပါ အကြီးကြီးထဲမှာ နေရတာပါ။ ရွေးစရာတွေက တစ်ခု ပြီး တစ်ခု အဆက်မပြတ်ရှိနေပါတယ်။ ကျွန်မတို့ အားလုံးက  ဝင်္ကပါတွေထဲ မှာ နေနေရပြီး အမျိုးသမီး တစ်ယောက်တိုင်းစီ အတွက် ဝင်္ကပါတစ်မျိုးစီမှာ ရှိပါတယ်။ ကျွန်မရဲ့ဘဝက ကျွန်မ အိမ်နီးချင်းရဲ့ ဘဝနဲ့မတူပါဘူး။ ကျွန်မ အစ်မ၊ ညီမ၊ အဒေါ်တွေရဲ့ဘဝတွေနဲ့ လဲ မတူပါဘူး။ ကျွန်မတို့ အားလုံးက မတူညီတဲ့ လမ်းကြောင်းတွေ ကိုလျှောက် လှမ်းနေပြီး လွတ်လပ်မှုကို နည်းလမ်း ပေါင်းစုံနဲ့စမ်းသပ်နေကြပါတယ်။ တစ်ခါတစ်ရံမှာ သင်က သင့်အတွက် လမ်း မှန်ကိုတွေ့ပြီလို့ ယူဆပြီး အားရပါးရ လျှောက်နေဆဲမှာ နံရံကြီးနဲ့ ဝင်တိုးမိတာမျိုးတွေ ဖြစ်ပါတယ်။ နောက်ဆုတ်ပြီး ညာဘက်ကို ပြန်ကွေ့ရပါတယ်။ လီဗာ (အဆင်ပြေ ချောမွေ့စေမယ့် အရာ) ထင်လို့ ပျော်ပြီး နင်းလိုက်မိတာက အီလက် ထရစ်ရှော့ (ဓာတ်လိုက်) ရစေမယ့် အရာတွေ ဖြစ်နေတာမျိုးတွေ ကြုံရပါမယ်။ ကျွန်မတို့ ကြိုမှမသိနိုင်ဘဲ။ နောက်ဆုတ် ပြီး နောက်ထပ်ကြိုးစားကြရပြန်တယ်။ ဒီနေ့ခေတ်က အမျိုးသမီးတွေက တံခါး ပေါက်တွေ အများကြီးရှိတဲ့နေရာမှာ နေရတာနဲ့ တူပါတယ်။ တံခါးပေါက် ၃ ပေါက်ရှိတယ် ဆိုပါတော့။ ဘယ်တစ်ခုကို ရွေးမလဲ။ တံခါးပေါက် နံပါတ် ၂ ကိုရွေးရင် ကိုယ့်အတွက် မရှိမဖြစ် လိုအပ်တဲ့အစိတ်အပိုင်းတစ်ခု ကို သတ်ပစ် လိုက်သလို ဖြစ်မယ့် အနေအထားမျိုး။ ၁ နဲ့ ၃ ကို ရွေးမှရနိုင်မယ့် အရာတွေကို မရနိုင်တော့တာမျိုး၊ အဲဒီ လိုနဲ့ နောင်တတွေရပြီး အဆုံးသတ်တာ ပါပဲ။

တစ်ခါတစ်ရံမှာ ကျွန်မတို့က တခြားအမျိုးသမီးတွေ ဘယ်လိုနေထိုင်ကြသလဲဆိုတာ သူတို့ရဲ့ ဝင်္ကပါ ကို ချောင်းကြည့် တတ်ကြပါတယ်။ ဒါကြောင့် ဒီကာလမှာ ကိုယ်ရေး မှတ်တမ်းတွေ ခေတ်စားလာပါတယ်။  ဒါတွေက တစ်ခါတစ်ရံမှာ အထောက်  အကူရသလို ဖြစ်ပေမယ့် တစ်ခါတစ် ရံမှာတော့ ပိုမိုစိတ်ရှုပ်ထွေး စေပါတယ်။ ကိုယ်သိပြီ မြင်ပြီလို့ ထင်ထားတာ တွေက ကိုယ်နဲ့ လုံးဝမတူတာတွေ လုပ်နေတဲ့သူ တစ်ယောက်ရဲ့ အနေအထား ကိုတွေ့တဲ့အခါ ကိုယ်လုပ်နေတာတွေ ကို သံသယဝင်ပြီး အဲဒီလမ်းကို လိုက် ရွေးရမလား ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ အိုမဂ္ဂဇင်းရဲ့ဆောင်းပါးရှင် မာသာဘက်က ရေးဖူးပါတယ်။ ကျွန်မ အတွက် မမေ့နိုင်စရာ ဆောင်းပါးလေး တစ်ပုဒ်ပါ။ သူက သူ့အမြင်အရ ယနေ့ ခေတ်မှာ အမျိုးသမီးအမျိုးအစား ၄ မျိုးပဲရှိတယ်လို့ ဆိုပါတယ်။ တစ်က မိသားစုအစား အသက်မွေးမှုကို ရွေးချယ်ပြီး အဲဒီအတွက် ပဋိပက္ခ ဝေဒနာကို ခံစားနေရတဲ့ အမျိုးသမီး၊ နှစ်က အသက်မွေးမှုအစား မိသားစုကို ရွေး ချယ်ပြီး အဲဒီအတွက် ပဋိပက္ခ ဝေဒနာကို ခံစားနေရတဲ့အမျိုးသမီး၊ သုံးက အသက်မွေးမှုကိုရော၊ မိသားစုကိုပါ ရွေးချယ်ပြီး အဲဒီအတွက် ပဋိပက္ခ ဝေဒနာကို အမှန်တကယ်ခံစားနေရတဲ့ အမျိုးသမီး။ လေးကတော့ ထူးခြားတဲ့ အမျိုးသမီးတွေပါ။

ဘယ်သူတွေက ထူးခြားတဲ့ အမျိုး သမီးတွေလဲ။ ပထမ အမျိုးအစား သုံးမျိုးထဲက ဘယ်သူမဆိုဖြစ်နိုင်ပါ တယ်။ သူက သူ့အတွင်းက အသံကို နားထောင်ပြီး သူ့ရဲ့ကိုယ်ပိုင်ဦးတည် ရာကို လျှောက်လှမ်းသူဖြစ်ပါတယ်။ အရင်ခေတ်က ဆိုရင် အဲဒီလို ထူးခြားတဲ့ အမျိုးသမီးတွေက တစ်ရွာမှာ တစ်ယောက်လောက်ပဲ ရှိကြတယ်။ အခု အချိန်မှာ ကျွန်မတို့အားလုံးက အဲဒီလို ဖြစ်ကြဖို့လိုပြီ။

အဲဒီတော့ ဘယ်လိုလုပ်မလဲ။ ကျွန်မ ဘယ်လိုလုပ်သလဲဆိုတာ ပြော ပြမယ်။ ကျွန်မ မနက်တိုင်း ၄ နာရီခွဲ ဆို အိပ်ရာက ထတယ်။ ၄၅ မိနစ် လောက် တရားထိုင်တယ်။ ပြီးတော့ ယောဂကျင့်စဉ်ကို တစ်နာရီလောက် ကျင့်တယ်။ ကျွန်မခန္ဓာကိုယ်ကို ဘဝရဲ့ စိတ်ပျံ့လွင့်စရာတွေကနေ ထိန်းသိမ်း ချင်လို့။ နှလုံးပိုင်း ဆိုင်ရာ လေ့ကျင့်ခန်း တွေကလည်း အရေးကြီးတာမို့ ကျွန်မ နှစ်မိုင်လောက် ပြေးပါတယ်။ တစ်နေ့ လုံးမှာလည်း ကျွန်မ အတွက် ကျန်းမာစေတယ်လို့ သိထားတဲ့ အစားအသောက် တွေကိုသာ ပမာဏ အနည်းငယ် စားသုံးပါတယ်။

ကျွန်မရဲ့ကျန်တဲ့ ညနေအချိန်တွေ ကိုတော့ ကုသိုလ်ရေး လိုက်စားမှုတွေနဲ့ အချိန်ကုန်လွန်စေပါတယ်။  ရှင်တို့တွေ ဒါကို ကျွန်မ တကယ်လုပ်နေတယ် လို့ လက်ခံနေကြ သလား။ လက်မခံကြဘူး မဟုတ်လား။ ကျွန်မရယ်သံတွေ ထွက်မလာခင် ဘယ်လောက်အထိ ဆက်ပြောလို့ရမလဲလို့ စဉ်းစားနေတာ။ တကယ်တော့ ဒါတွေကို ကျွန်မ ဘာတစ်ခုမှ မလုပ်ပါဘူး။ ကျွန်မ မနက် ၄ နာရီခွဲမှာတော့ အိပ်ရာက ထပါ တယ်။ ဒါက ရှူးပေါက်ပြီး ပြန်အိပ်ဖို့ပါပဲ။ ဒါက နည်းလမ်းအစစ်အမှန်လို့ ကျွန်မ မထင်ပါဘူး။ ကျွန်မရဲ့ နေ့စဉ် အချိန်စာရင်း အစစ်အမှန်က ဘာဆိုတာ ကျွန်မ ပြောပြပါမယ်။ ရှင်တို့အားလုံးနဲ့ အတိအကျကိုတူမယ်လို့ ထင်ပါတယ်။

ကျွန်မမှာ အဲဒီအချိန်မှာ ရှိတာတွေနဲ့ အဲဒီနေ့အတွက် အကောင်းဆုံး လုပ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်မ ကိုယ့်အပေါ်မှာကို အလွန်ခက်ထန် မိတာမျိုးတွေရှိပါတယ်။ အထူးသဖြင့် ကျွန်မ အဲဒီနေ့မှာ ဘယ်လို လူမျိုးဖြစ် သင့်တယ်။ ဘဝမှာ ဘယ်လို လူမျိုး ဖြစ်သင့်တယ်ဆိုတဲ့ အခြေအနေမျိုး ကနေ လွဲဖယ်သွားတဲ့ကာလမျိုးတွေ မှာပါ။

အဲဒီလိုအချိန်တွေမှာ ကိုယ့်ကိုယ်ကို ပြောမိတာတွေက ခိုးဆိုးလုယက် သူတွေကိုတောင် မပြောဖြစ်မယ့်အရာ တွေပါ။ အတော်ကို ရက်စက်ဆိုးရွား တဲ့အပြောအဆိုတွေပါ။

ဒါတွေက တစ်ခါတစ်ရံမှာ ဖြစ် တတ်ပါတယ်။ ကြုံဖူးကြမှာပါ။ ကျွန်မ ဒီနေ့ရှင်တို့ကို စကားလက်ဆောင်ပေး လိုက်ချင်တာက ရှင်တို့အလွန်ကို ထူး ခြားတာတွေ မလုပ်ကြမှာကို ကျွန်မ မပူပါဘူး။ ရှင်တို့က အလွန်ကို ထူး ခြားသူတွေ မဖြစ်ကြမှာ၊ မရက်ရောမှာ၊ မတော်မှာ၊ ရည်မှန်းချက်တွေ မကြီး ကြမှာကိုလည်းကျွန်မ မပူပါဘူး။

ကျွန်မ စိတ်ပူတာတစ်ခုပဲ ရှိပါ တယ်။ အဲဒါက ကိုယ့်ကိုယ်ကို မကြာခဏ အလွန်အမင်းကြင်နာတာမျိုး မရှိ ကြမှာကိုပါပဲ။ ကျွန်မတို့နေထိုင်ရတဲ့ ခေတ်ကာလအရ အရင်ကထက် အထူးသဖြင့် အမျိုးသမီးတွေမှာ ကိုယ့်ကိုယ် ကို ကြင်နာမှုရှိဖို့ ပိုပြီးလိုအပ်နေပါတယ်။

အရင်က ကျွန်မတို့လို လူမျိုးတွေ မရှိခဲ့ပါဘူး။ ကျွန်မတို့ ပဟေဠိတွေကို အဖြေရှာနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို အနှိုင်းမဲ့ ချစ်ခင်မှုရှိဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ကိုယ့်ရဲ့လည်ပင်းကို ကိုယ် ထောက်ထားတဲ့ဓားကို လွှတ်ချလိုက် ရင် အရာရာတိုင်းဟာ ဖြစ်နိုင်စွမ်းရှိပြီး ဘဝအစစ်အမှန်ကို စတင်နိုင်ပါလိမ့် မယ်။

ရှက်မှု၊ အပြစ်တင်မှု၊ ကြောက် ရွံ့မှု၊ နောင်တရမှု၊ တခြားတစ်မျိုးကို သာ ရွေးခဲ့ရင်ဆိုတဲ့ ဝမ်းနည်းမှု၊ အဲဒီလို ကိုယ့်ကိုယ် ကိုနောက်ပြန်ဆွဲနေတဲ့ အရာတွေကို အားလုံးကို လွှတ်ချရပါမယ်။ ဒါတွေကို ခံစားနေဖို့အတွက် ကျွန်မတို့မှာ အချိန်မရှိပါဘူး။ ဒါက ကျွန်မတို့ရဲ့ဝင်္ကပါတွေကို ဖြတ်သန်းပြီး ကိုယ့်လမ်းကြောင်းကို ကိုယ်တွေ့ နိုင်ဖို့ အတွက် တစ်ခုတည်းသော နည်းလမ်း လို့ ကျွန်မ ယူဆပါတယ်။

ဒီနေ့ကစလို့ ကိုယ့်အပေါ်မှာ ကိုယ် ညင်သာကြပါ။

ဒါဆိုရင် အစစအရာရာက အဆင်ပြေသွားပါလိမ့်မယ်။

ကျွန်း

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*