အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကြီး ပြီးဆုံးသွားချိန်တွင် တစ်ခါက အတွင်းရေးမှူး အဖွဲ့ဝင် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ယခုအခါ သဘာပတိ အဖွဲ့ဝင် ၇ ဦးအနက် တစ်ဦးအဖြစ်  တာဝန်ယူ နေသော ဟံသာဝတီ ဦးဝင်းတင်က ညီလာခံနှင့် ပတ်သက်လျှင် အကျည်းတန်မှုအချို့ ရှိခဲ့သည် ဆိုနိုင်သော် လည်း အောင်မြင်မှု ရှိခဲ့သည့် ညီလာခံ အဖြစ် မြင်မိကြောင်း မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောကြား ခဲ့သည်။

ညီလာခံကိုယ်စားလှယ်များ ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ “ဒီမိုကရေစီ တံတားက မုခ်ဦး ပွင့်သွားတယ်လို့ တောင် ကျွန်တော်က တင်စားပြီး သုံးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာပဲပြောပြော အနည်းဆုံးတော့ ဒီမိုကရေစီ နည်းကျ ရွေးချယ်နိုင်တယ်ပေါ့ဗျာ။ ရပ်ကွက်ကျေးရွာက အားလုံးပေါင်း တစ်သောင်းခြောက်ထောင် ကျော်လုပ် ရတာ။ အောက်ခြေတွေမှာ ပြဿနာတွေ ဖြစ်တယ်ဆိုပေမယ့် ပြဿနာက တစ်ရာတောင် မပြည့်ဘူးဗျာ။ အဲဒီနောက် တဖြည်းဖြည်း တက်လာလိုက်တာ နောက်ဆုံး ဗဟို ညီလာခံ ရောက်တာပဲ” ဟု ဆိုပါသည်။

ဗဟို ညီလာခံတွင် အကျည်းတန်သည်ဟု ဆိုနိုင်သည့် ပြဿနာအချို့ ဖြစ်ခဲ့ရသည့် အပေါ်တွင်လည်း ယင်းက “ဒီပြဿနာလေးတွေမှာ အရေးယူမယ့် အစား ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ ကိုယ့်ရဲ့ ဩဇာနဲ့ သုံးပြီးတော့ ထိန်းရင် ရနိုင်တယ်လို့ ကျွန်တော် ထင် တယ်။ ဥပမာ ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ဩဇာရှိတယ်ဗျာ၊  ဥပမာ ဦးတင်ဦးလို ပုဂ္ဂိုလ်တွေ ဩဇာ ရှိတယ်ဗျာ။ ဒီပုဂ္ဂိုလ်တွေက နေပြီးတော့ “ဟာ ခဏနေဦးကွာ ဘာဖြစ်တာလဲ နားထောင်ဦးမယ်။ ခဏထား ဘာပြောချင်တာလဲ ဟုတ်ပြီ၊ ဒီပြဿနာနဲ့ ပတ်သက်ပြီး ဒီဘက်က ဖြစ်တာ ဒီလို၊ ခင်ဗျားတို့ ဒီလိုလုပ်ရင် ဘယ်လိုဖြစ်မလဲ ဆိုတာမျိုး ရှင်းနိုင်ရင် ရနိုင်တယ်လို့ ကျွန်တော် ယူဆတယ်။ အကယ်၍ သူတို့ကနေ လုပ်ကိုလုပ် မယ်ဆိုရင်လည်း ကျွန်တော်တို့က  Containment လုပ်နိုင်ရမယ်။ ညီလာခံ လုပ်မှာ ကလည်း စုစုပေါင်းမှ နှစ်ရက်၊ သုံးရက်။ ဒီရက်လောက်ကို ကျွန်တော်တို့ ဘာလို့ မထိန်းနိုင်ရမှာလဲ။ ကျွန်တော် က ဒီလို ကျော်မကောင်း ကြားမကောင်းတွေ မဖြစ်စေချင်ဘူး” ဟု သူ့သဘောဆန္ဒကို ထုတ်ဖော်ပြောကြား သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောက်ခြေတွင် အချင်းချင်း အဆင် မပြေမှုများ ဖြစ်ပွားနေကာ အချို့ ဒေသ များတွင် ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခြင်းများ ရှိနေသည်ဟူသော သတင်းနှင့် ပတ်သက်ပြီး ဦးဝင်းတင်က “ကယားပြည်နယ်က  ပါတီဝင် တစ်သောင်း ထွက်တယ်တဲ့။ ကယားပြည်နယ်မှာ ပါတီဝင်က အနည်းဆုံးပဲ။ သူက ကျွန်တော်တို့ပါတီ ကို အဝင်ကို မခံတာ။ ဆိုပါတော့ ၂၀၁၀တုန်းက ကျွန်တော်တို့ ကယား ပြည်နယ်ကို လူတွေ လွှတ်တယ်။  မြို့ထဲမှာ အိပ်ခွင့်ကို မပေးဘူး။ သူ တို့ရဲ့ တိုင်းမှူးဆိုလား အဲဒီလိုလူက  ကယား ပြည်နယ်မှာ မင်္ဂလာအရှိဆုံး ကိစ္စက ဘာလဲဆိုရင် အန်အယ်လ်ဒီ တစ်ကောင်မှကို ခြေမချနိုင်တာ မင်္ဂလာပဲကွ လို့ကို ပြောတာ။ ဒီလို ဘာမှကို မရှိတဲ့နေရာမှာ ကျွန်တော်တို့ သုံးလေးငါးလ အတွင်း စည်းရုံးတဲ့ဟာ  အဖွဲ့ဝင် သောင်းဂဏန်း နဲ့ ချီပြီးတော့ ရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူး။  ရှိတယ် ဆိုရင်လည်း  မထိန်းနိုင်လို့ ဖြစ်သွားပြီ ဆိုလည်း  မတတ်နိုင်ဘူး။ ရင်ဆိုင်ရမှာပဲပေါ့” ဟု ပွင့်လင်းစွာ ပြောပြသည်။

ညီလာခံ ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ခြင်းနှင့် ပတ်သက်၍မူ ယင်းက “ဒီလေးယောက်ကို  ဘာလို့ မထိန်းနိုင်ရမှာလဲ။ ဘာလို့ မဆွေးနွေးနိုင်ရမှာလဲ။ ခင်ဗျားတို့ ဒီလိုလုပ်တယ် ဆိုတာ ဟုတ်သလားလို့၊ ဘာလို့ မမေးနိုင်ရမှာလဲ။ ဦးတင်ဦးလို လူမျိုးက တစ်နာရီတွေ့ပေးပြီးတော့ ဆွေးနွေး လိုက်ရင် ဒီလူတွေ ရင်ဖွင့် လာရင်၊ ပေါ်လာတဲ့ဟာရှိရင် အဲဒါတွေကို တန်းမေးလို့ရနိုင်တယ်။ အဲဒါတွေ မလုပ်ဘဲနဲ့ချက်ချင်း တစ်ခါတည်း တန်းပြီးတော့ ဖယ်လိုက်တယ်ဆိုတဲ့ အခါကြတော့တုံ့ပြန်မှုတွေများသွား တာပေါ့။ ဦးခင်မောင်ရှိန်နဲ့ကိုသန့်ဇင် က Press Conference  လုပ်သွားတဲ့ အခါ ပါတီမှာတော်တော်နာတာပေါ့ ဗျာ။ ဒါပေမယ့် ဆန္ဒပြပွဲတွေဘာတွေ တော့ မပေါ်တော့ဘူးပေါ့ဗျာ။ ကျွန်တော် တို့ပါတီမှာ နားလည်ဖို့ဟာက နိုင်ငံရေးပြဿနာဆိုရင် ဆွေးနွေးပြော ဆိုရမှာပဲ။ ရှောင်လို့မရဘူး။ နိုင်ငံရေး ကို အာဏာနဲ့ ဖြိုခွင်းလို့ဘယ်တော့ မှမရဘူး။ ခဏတော့ ပါးစပ်ပိတ်မယ်။ နောက်တစ်နေရာကျ ပြန်ပေါ်မှာပဲ။ ဘာဖြစ်လို့ မညှိနှိုင်းနိုင်ရမှာလဲ၊ ဘာဖြစ်လို့ မဆွေးနွေးနိုင်ရမှာလဲ။  အဲဒါ မလုပ်ခဲ့ဘူး။ ဒါ မကောင်းတဲ့ လက္ခဏာ တစ်ခုပေါ့” ဟု သူ၏ တစ်ဦးတည်း အမြင်ကို ပြောကြားခဲ့သည်။

သို့ရာတွင် ဦးဝင်းတင်က ညီလာခံ၏ ကောင်းချက်များကိုလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းက “ဒါပေမဲ့ ဒီလောက် ပြဿနာတွေ ရှိနေတဲ့ကြားထဲက လူတွေက တော်တော် တက်တက်ကြွကြွ ရှိတယ်ဗျ။  နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်အတွင်းမှာ တစ်ခါမှ ဒါမျိုးလည်း မကြုံခဲ့ဖူးဘူး။ အခုလုပ်ကြတဲ့အခါကြတော့ လူတိုင်းက တက်တက်ကြွကြနဲ့ ရှိ ကြတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့နော်။  ဒီညီလာခံကျင်းပတဲ့ ရက်တွေအတော အတွင်းမှာ တော်တော်ကို သေသေဝပ်ဝပ်နဲ့ သူ့ဘာသာသူ လုပ်နေတာပဲ။ လူတွေ ခွဲပြီးတော့ အကုန် လုံး သူ့ဟာသူ ကိုယ်စားပြုလို့ရအောင် ဥပမာ ဆယ်ရာခိုင်နှုန်းပေါ့ ဗျာ။ ဆိုပါတော့ လူ ၂၀ပဲ တက်လာတဲ့ နေရာ ကတော့ နှစ်ယောက်ပဲ ရမှာပေါ့။ လူများများတက်နိုင်တဲ့နေရာ ၁၁၀ လောက်ရှိတဲ့ ရန်ကုန်တိုင်းလို ဟာမျိုးဆိုရင် ၁၁ ယောက် ရတယ်ပေါ့။ ပြီးတော့မှ ပိုနေတဲ့လူတွေကို တစ်ခါထပ်ပြီး ရွေးတယ်။ နှစ်ခါရွေး တယ်ပေါ့။ ပါတီမှာ  မဲပေးတဲ့ အ ကျင့်က မရှိခဲ့တဲ့အခါကြတော့ ဒီလို ပြဿနာ တက်ပြီဆိုရင် တစ်ခါ တည်း မီးလောင်သလို တောမီးကူး သလို ဖြစ်တတ်ပေမယ့် အခု  ကြီး ကြီး ကျယ်ကျယ် မဖြစ်ဘူး။ တကယ်တော့ ညီလာခံနေရာ ရှာရတာ တောင်မှ အတော်ခဲယဉ်းခဲ့တာလေ။ ဒါပေမဲ့ တော်ဝင်နှင်းဆီကြောင့် နေရာအားဖြင့် လုံလောက် သွားတယ်။ ညီလာခံ ပုံသဏ္ဌာန်အားဖြင့် အောင်အောင်မြင်မြင်ဖြစ်သွားတာ ကျွန်တော် ဝမ်းသာတယ်။ ညီလာခံ လုပ်ထုံးလုပ်နည်း ထဲမှာဆို အောက်ခြေအင်အား ပေါ်မှာ မူတည်ပြီး ညီလာခံတက်တဲ့ ကိုယ်စားလှယ် အရေအတွက်ကို သတ်မှတ်ပေးမယ်ဆိုတဲ့ဟာ ရှိတယ်ပေါ့။ ဒီတော့ ညီလာခံ တက်လာတဲ့ လူတွေကလည်း ဘာမှ သိပ်ပြဿနာ မရှိကြဘူး”ဟု ဆိုပါသည်။

ညီလာခံတွင် အဖွဲ့ချုပ်ဥကဌသစ် ကိုယ်တိုင်က ပါတီ၏ အားနည်းချက် အချို့ကို ပွင့်လင်းစွာ ပြောကြားခဲ့ခြင်း ကိုလည်း ညီလာခံ၏ အောင်မြင်မှု တစ်ခုအဖြစ် ဦးဝင်းတင်က ရှုမြင်ပါ သည်။ “အန်အယ်လ်ဒီဟာ သိပ်ပြီးတော့ ကိုင်တွယ်ပုံ ညံ့ဖျင်းတဲ့ ကာလတစ်ခုကို ကျော်ဖြတ်ရမယ် ဆိုရင်တောင် ပြဿနာ မဟုတ်ဘူး။ ဒီနေ့ ဒေါ်အောင်ဆန်း စုကြည်က  အဲဒီဗဟို ဦးစီးကိစ္စ မိန့်ခွန်းထဲ ထည့်ပြောတာ ဟာကောင်းတယ်လို့ ကျွန်တော် ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့  သူဝန်ခံတာပေါ့။ ကျွန်တော်တို့မှာ အရင်တုန်းက ဗဟိုဦးစီးစနစ် ကျင့် သုံးခဲ့ရတယ်၊ မလွဲမရှောင်သာ ကျင့်သုံးခဲ့ရတယ်ပေါ့။ ဒါပေမဲ့ ဒီနေ့ကစပြီး ဗဟိုဦးစီးစနစ် မရှိတော့ပါဘူးဆိုပြီး လေ။ ဒီတော့ ဘာပဲပြောပြော အန်အယ်လ်ဒီဟာ ဒီညီလာခံနဲ့အတူ ဒီမို ကရေစီအရိပ်အယောင်တွေ၊ အလေ့ အကျင့်တွေ ပေါ်လာလိမ့်မယ်လို့ ကျွန်တော်က ထင်တယ်ပေါ့။ အဲဒါ ကောင်းတဲ့ လက္ခဏာတစ်ခုပေါ့။

“နောက်တစ်ခုက ခေါင်းဆောင် တွေ ရွေးတဲ့အထဲမှာ၊ ကျွန်တော် အဆိုပြုလိုက်တဲ့အထဲမှာ Element လေးခု ထားတယ်။ လေးခုဆိုတာက လူငယ်ရယ်၊ အမျိုးသမီးရယ်၊ တိုင်း ရင်းသားရယ်၊ Incumbent  လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ လူကြီးပိုင်း ပေါ့။ ဒီသဘောတရား ဒီအခြေခံနဲ့ပဲ လွှတ်တော်အမတ်တွေ ရွေးခဲ့တယ်။  ဘာပဲပြောပြော အခု စီအီးစီပိုင်းမှာ အဲဒီလေးခုရဲ့ အချိုးအစား တော်တော် လေး မြင့်လာတယ်။ အထူးသဖြင့် ဒေသတိုင်းလိုလိုမှာ ရှိနေတဲ့ တိုင်း ရင်းသားတိုင်းကိုလည်း ထည့်ပြီး စဉ်း စားရမယ်ဆိုတဲ့ အလေ့အကျင့် လုပ် လိုက်နိုင်တယ်။ အဲဒါလည်း ကောင်းတဲ့ လက္ခဏာလို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ရှင်းပြသည်။

ထို့ပြင် ညီလာခံတစ်ခုအနေဖြင့် အင်္ဂါစုံစွာ မကျင်းပနိုင်ခဲ့သည့် အားနည်းချက်တစ်ခုကိုလည်း ဦးဝင်းတင်က ထောက်ပြခဲ့ သည်။ “ညီလာခံ လုပ်တယ် ဆိုရင် ညီလာခံမှာ စာတမ်း ဖတ်ကြရတယ်။ ဆိုပါတော့ ဗိုလ်ချုပ် အောင်ဆန်းတို့ အလယ်ပစ္စယံ၊ ဖဆ ပလ ညီလာခံတို့မှာ ဗိုလ်ချုပ်အောင် ဆန်းက မိန့်ခွန်းတင် ပြောတာ မ ဟုတ်ဘူး။ သူ ကိုယ်တိုင် အဆိုတင် တာတွေ ရှိတယ်။ တပ်မတော်နဲ့ ပတ် သက်တဲ့ သဘောထားဆိုတာမျိုး။ ဗိုလ်ချုပ်ကျော်ဇောတို့  တက်ဖတ်ရတယ်။ နောက်ပြီးတော့ လွတ်လပ်ရေးနဲ့ ပတ်သက်တာ၊ တိုင်းရင်းသား အရေးနဲ့ ပတ်သက်တာ စာတမ်းတွေ ဖတ်တယ်။ ဒါတွေက ပါတီရဲ့ ပေါ် လစီတွေလို၊ မဏ္ဍိုင်တွေလို ဖြစ်လာ မယ်။ အခု ဒီမှာ လုပ်ဖို့အတွက် အချိန် မရှိကြတာလည်း ပါမယ်။ သူတို့ အခြေအနေအရ မလုပ်နိုင်တာလည်း ပါမယ်။ ရွေးချယ်တင်မြောက်ပွဲ ကလည်း တော်တော်လေး အချိန်စားတယ်။ ရက်က မပေးနိုင်ဘူး။ ဒီလို ပါတီပေါ်လစီတွေကို အဆိုတင်သွင်းကာ ညီလာခံတစ်ခုလုံး ကနေပြီးတော့ ထောက်ခံ၊ အတည်ပြုလိုက် တယ်ဆို တာမျိုးမရှိခဲ့ဘူး။ အဲဒါတော့ ကြီးမားတဲ့ ချို့ယွင်းချက်ပဲလို့ ထင်ပါတယ်။ နောက်ပိုင်းမှာတော့ စီစီ အစည်းအဝေးတွေမှာ အဖွဲ့တွေ ဖွဲ့ပြီးတော့ စာတမ်းတွေ ပြန်လုပ်မယ် လို့တော့ ပြောတယ်” ဟု ရှင်းပြခဲ့သည်။

ဝ၃၅၊ ဝ၃၆

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*