ပြည်တွင်းသတင်း — မန္တလေး၊ ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၃
အမရပူရမြို့နယ် တောင်သမန်အင်းအနီး လင်ဇင်းကုန်း သုဿာန်ရှိ အယုဒ္ဓယဘုရင်ဟောင်း အုတ်ဂူဟု ယူဆရသည့် အုတ်ဂူ

အမရပူရမြို့နယ် တောင်သမန်အင်းအနီး လင်ဇင်းကုန်း သုဿာန်ရှိ အယုဒ္ဓယဘုရင်ဟောင်း အုတ်ဂူဟု ယူဆရသည့် အုတ်ဂူ

အမရပူရမြို့နယ်၊ တောင်သမန် အင်းအနီး၊ လင်းဇင်းကုန်း သုဿန်ရှိ အယုဒ္ဓယဘုရင်ဟောင်း အုတ်ဂူဟု ယူဆ ရသော ရှေးဟောင်းအုတ်ဂူကို အမှန်တကယ် ဟုတ်၊ မဟုတ် ရက်ပေါင်းလေးဆယ်ခန့် သုတေသန ပြုလုပ် သွားရန် နိုင်ငံတော် အစိုးရထံမှ ခွင့်ပြုမိန့် ရရှိပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက်က အဆိုပါသုဿန်အတွင်း ပြုလုပ်သည့် ပရိတ်ရွတ်ပွဲ၌ ထိုင်း သုတေသနအဖွဲ့ ခေါင်းဆောင် Dr. Vichit Chinalai က ပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ The Association of Siamese Architects Under the Royal Patronage of His Majesty of King မှအဖွဲ့ခေါင်းဆောင် Dr. Vichit Chinalai နှင့် အဖွဲ့ဝင်များသည် မြန်မာ သမိုင်း ပညာရှင် များနှင့်အတူ ပြီးခဲ့ သည့် ဖေဖော်ဝါရီ ၂ဝ ရက် မွန်းလွဲ ၃ နာရီခန့်က မန္တလေးခရိုင်၊ အမရပူရ မြို့နယ်၊ တောင်သမန် အင်းအနီး လင်းဇင်းကုန်း သုဿန်ရှိ အယုဒ္ဓယ ဘုရင်ဟောင်း ကျောက်ဘွား ဒေါက်မဒူးဝါး (ခ) မင်းသားကြီး ဥတွန်ပုံ၏ အုတ်ဂူဟု ယူဆရသော ရှေးဟောင်းအုတ်ဂူ တစ်ခုအား သုတေသနပြုလာရောက် စစ်ဆေးခဲ့ရာ ယင်း၏ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်အစိုး ရ၏ ခွင့်ပြုမိန့်ရရှိပြီးဖြစ်ကြောင်း  ပြောကြား လိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံဖက်မှ ယင်းတို့၏ ရှေးဟောင်းအမွေအနှစ်များနှင့်ပတ် သက်သောအချက်အလက်များ မှန်ကန်မှုရှိ၊ မရှိ စစ်ဆေး လိုကြောင်း ကမ်းလှမ်းခဲ့သည့် အတွက် မြန်မာနိုင်ငံ အစိုးရဖက်က နှစ်နိုင်ငံ ချစ်ကြည်ရေး ရေရှည် တည်မြဲစေလိုသည့် အတွက် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ယင်းတို့အဖွဲ့ အနေဖြင့် ခွင့်ပြုမိန့် ရရှိခဲ့သည့် အဆိုပါ နေ့ရက်မှစတင်ကာ ရက်ပေါင်း လေးဆယ်ခန့် သုတေသန လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် တိကျသေချာသော အထောက်အထား အချက်အလက် များ ရရှိလာပါက ရှေးဟောင်း သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှေးဟောင်း အမွေအနှစ် အဆောက်အဦ အဖြစ် သတ်မှတ်ပေးရန် မြန်မာအစိုးရသို့ တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း တူးဖော်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူက ဆိုသည်။

“ကျွန်တော်တို့ဘုရင်ဟောင်းရဲ့ အုတ်ဂူဟုတ်၊ မဟုတ် သုတေသန ပြုလုပ်စစ်ဆေးသွားမှာပါ။ ဟုတ်တယ် ဆိုရင်တော့ နှစ်နိုင်ငံရှေးဟောင်း သုတေသနအဖွဲ့တွေနဲ့ ပူးပေါင်းတိုင် ပင်ပြီး ရှေးဟောင်းအမွေအနှစ် အဆောက်အဦ အဖြစ် ဆက်လုပ် သွားမှာပါ” ဟု ယင်းကပြောသည်။

ထိုသို့ သုတေသနစစ်တမ်းအရ အယုဒ္ဓယဘုရင်ဟောင်းနှင့်ပတ် သက်သည့် အချက်အလက် အပိုင်းအစများ တွေ့ရှိခဲ့ ပါသော်လည်း မြန်မာ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုမိန့်မရရှိဘဲ ယင်းတို့ နိုင်ငံသို့ ယူဆောင်သွားမည် မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံသားများ ဖက်က ယင်းတို့ ဘုရင်ဟောင်းနှင့် ပတ်သက်သည့် အသိအမှတ်ပြု တစ်စုံတစ်ရာ တောင်းဆိုလာပါက လည်း မြန်မာနိုင်ငံတော်အစိုးရ၏ ခွင့်ပြုခြင်း၊ မပြုခြင်းကိုသာ အလေး ထား လိုက်နာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောပါသည်။

“အရိုးတစ်ချောင်းပဲ ဖြစ်စေ၊ ပြာတစ်မှုန်ပဲဖြစ်စေ မြန်မာအစိုးရ ခွင့်ပြုမှသာ ထိုင်းနိုင်ငံကို ယူဆောင်သွားမှာပါ မြန်မာ အစိုးရ ဖက်ကလည်း ခွင့်ပြုမယ်လို့မျှော်လင့်ပါတယ်” ဟု ယင်းက ဆိုသည်။

ယခုကဲ့သို့ လာရောက်၍ သုတေသနပြု တူးဖော်ရန် ကြိုးစားရခြင်းနှင့် ပတ်သက်၍ ထိုင်းပညာရှင်များ ဖက်က ပြောရာတွင် အင်္ဂလန်နိုင်ငံ လန်ဒန်ပြတိုက်တစ်ခုအတွင်းရှိ မြန်မာ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သော ရွှေနန်းလက်သုံး ဆေးရောင်စုံ ပုရပိုက် ပန်းချီးကားပါ ရေးထိုးမှတ်တမ်းတင် ထားသည့် ရေးသား ဖော်ပြထားချက် အရ မြန်မာအစိုးရနှင့် ဆက်သွယ် ဆောင်ရွက် ရခြင်းဖြစ်သည်ဟု သိရ သည်။

အဆိုပါ ပုရပိုက်၌ အယုဒ္ဓယ ဘုရင်ဟောင်းနှင့် ပတ်သက်၍ “သင်္ကန်း ဝတ်ဖြင့် သုံ့ပန်းအဖြစ် ခေါ်ဆောင်လာ သည့် ယိုးဒယားဘုရင် အမရပူရ ရွှေမြို့တော်တွင် ကွယ်လွန်သည့်အတွက် ခမ်းကြီးနားကြီး သင်္ဂြိုဟ်ပြီး လင်းဇင်းကုန်း သုဿန် တွင် မြှုပ်နှံသည်”ဟု ရေးသား ဖော်ပြထားသည်ကို ထိုင်းသမိုင်းပညာရှင်များက ကူးယူခဲ့ပြီး ယခုလို သမိုင်း အထောက်အထားနှင့်တကွ လာရောက် သုတေသနပြု တူးဖော်ခွင့်ရရန် စီစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သိရပါသည်။

အဆိုပါ ပုရပိုက် အချက်အလက် နှင့်တကွ လက်ရှိလင်းဇင်းကုန်း သုဿန်အတွင်း တည်ရှိနေသည့် အယုဒ္ဓယ ဘုရင်ဟောင်း၏ အုတ်ဂူဟု ယူဆရသော အုတ်ဂူနှင့်ပတ်သက်၍ မြန်မာဖက်က ရှေးဟောင်းပညာရှင် တစ်ဦးက ပြောရာတွင် ကုန်းဘောင် မင်းဆက်များအတွင်း အယုဒ္ဓယမြို့ တော်ကို တိုက်ခိုက်အောင်မြင်တော် မူခဲ့သည့် ဆင်ဖြူရှင်မင်းတရားကြီး သည် အယုဒ္ဓယဘုရင်ကျောက်ဘွား ဒေါက်မဒူးဝါး(ခ)မင်းသားကြီးဥတွန် ပုံအား စစ်သုံ့ပန်း အဖြစ် ယူဆောင် လာကာ မန္တလေးမြို့တွင်းထားရှိစဉ် ရဟန်းဝတ်နှင့် ပျံလွန်တော်မူခဲ့ကြောင်း ဆောင်းပါးရှင် မောင်သန်းဆွေ(ထားဝယ်) ၏ ရေးသားဖော်ပြချက် အရလည်း ကောင်း၊ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက အင်္ဂလန်နိုင်ငံ လန်ဒန်ပြတိုက်မှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးယူခဲ့သည့် မြန်မာ့ ရှေးဟောင်း ရွှေနန်းလက်သုံးဆေး ရောင်စုံပုရပိုက်ပန်းချီကားမှ ထိုင်း ဘုရင်ကျောက်ဘွားဒေါက်မဒူးဝါးအား လင်းဇင်းကုန်း သုဿန်တွင်မြှုပ်နှံခဲ့သည့် အထောက်အထားရေးသားဖော်ပြချက် အရလည်းကောင်း ဦးမောင် မောင်တင် ရေးသားသည့် ကုန်းဘောင် ခေတ် မဟာရာဇဝင်တော်ကြီး တွင်လည်း အဆိုပါဘုရင်အား မြှုပ်နှံသည့် သင်္ချိုင်းတော်ရာသည့် အမရပူရမြို့ နယ်အတွင်းရှိ လင်းဇင်းကုန်းသုဿန် ဟု ရေးသားဖော်ပြချက် အရလည်း ကောင်း အဆိုပါအုတ်ဂူအား အယုဒ္ဓယ ဘုရင်ဟောင်း၏ အုတ်ဂူဟုယူဆရ ကြောင်း ဆိုသည်။

ယင်းတို့ သုတေသနအဖွဲ့အနေ ဖြင့် ရက်ပေါင်းလေးဆယ်ခန့်အတွင်း သုတေသနပြုဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းတို့ ရှေးဟောင်းဘုရင် များခေတ် အခြေအနေအရ နတ်ရွာ စံဘုရင်များအား များသောအားဖြင့် မီး သင်္ဂြိုဟ်ခြင်း အမှုပြုကြသည့် ဓလေ့ထုံးတမ်းရှိကြကြောင်း မီးသင်္ဂြိုဟ် ရာမှရရှိလာသည့် အရိုးပြာကို အရိုးပြာ အိုးနှင့်ထည့်ထားပြီး ဂူသွင်းလေ့ရှိကြ ကြောင်း သုတေသနပြု တူးဖော်ရာ တွင် အရိုးပြာအိုးထွက်ပေါ်လာမည် ဟု ယူဆကြကြောင်း ထွက်ပေါ်လာ မည့် အရိုးပြာအိုးကို ကြည့်ရှုကာ ဆက်လက်သုတေသနပြုရမည်ဖြစ် ကြောင်း နောက်ဆုံးအဆင့် အနေနှင့် လည်း ဒီအန်အေ စစ်ဆေးချက်ဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းကိုလည်း ထိုနေ့ နံနက်ပိုင်း ပြုလုပ်သည့် စာနယ်ဇင်းတွေ့ဆုံ ရှင်းလင်းပွဲ၌ အဖွဲ့ခေါင်းဆောင်ဖြစ် သူက ပြောသည်။

မန္တလေးခရိုင်၊ အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ လင်းဇင်း ကုန်းသုဿန်အား မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ မြို့ နယ်နိမိတ်တိုးချဲ့ရေးစီမံကိန်းအရ ပြီးခဲ့သည့်နှစ် ဇူလိုင် ၁ ရက်က စတင်ကာ အပြီးအပိုင် ဖျက်သိမ်း မည်ဖြစ်သည့်အတွက် အဆိုပါသုဿန် အတွင်းရှိ အုတ်ဂူများအား မြို့မြောက်ဖက် ကြာနီကန် သုဿန် သို့ ပြောင်းရွှေ့ပေးကြ ရန် ကြေညာချက် ထုတ်ပြန်ထား ကြောင်းနှင့် ထိုစဉ်က သမိုင်းပညာရှင် များနှင့် ဒေသခံပြည်သူ လူထု၏ ကန့် ကွက်မှုများကြောင့် ပြောင်းရွှေ့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*